သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့
အတုမရှိသော ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ထို့နောက် သတ္တမမြောက်ဝါတွင် တာဝတိံသာ နတ်ပြည်သို့ကြွတော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အမှူးထား၍ လောကဓာတ်တစ်သောင်းမ ှရောက်လာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူခဲ့သည်။ ထိုစဉ်က မြတ်စွာဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတနတ်သားကို အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် တာဝတိံသာနတ်ပြည်သို့ကြွတော်မူခဲ့သည်။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလကာလပတ်လုံး နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာဒေသနာတော်မြတ်ကို ဟောကြားတော်မူနေစဉ် အတွင်း ဆွမ်းခံချိန်ရောက်တိုင်း နိမ္မိတရုပ်ပွားဘုရားတစ်ဆူကို ဖန်ဆင်း၍ ထားတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်သည် ဥတ္တရကုရုကျွန်းသို့ ဆွမ်းခံကြွတော်မူပြီး အနောတတ်အိုင်သို့ပြန်ကြွကာ ဆွမ်းဘုဉ်းပေးပြီး စန္ဒကူးတောသို့ဝင်စဉ် ရှင်သာရိပုတ္တရာမထေရ်သည် အလျင်အမြန် လာရောက်ကာ နေ့စဉ်ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို ပြုစုတော်မူသည်။ ထိုအချိန်တွင် မြတ်စွာဘုရားရှင်သည် နတ်ဗြဟ္မာတို့အား ဟောကြားတော်မူခဲ့သည့် အဘိဓမ္မာတရားတော်ကို အကျဉ်းနည်းဖြင့် ရှင်သာရိပုတ္တရာမထေရ်ကို မိန့်ကြားတော်မူခဲ့သည်။
ထို့နောက်ရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရားထံမှနာကြားခဲ့ရသည့် အဘိဓမ္မာတရားတော်ကို မဇ္ဈိမဒေသရှိ တပည့်ရဟန်းငါးရာတို့ကို မကျဉ်းမကျယ်နည်းဖြင့် ဟောကြားတော်မူခဲ့သည်။ အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် တာဝတိံသာနတ်ပြည်တွင် လည်းကောင်း၊ ရှင်သာရိပုတ္တရာမထေရ်ကို စန္ဒကူးတောတွင် လည်းကောင်း၊ ရှင်သာရိပုတ္တရာမထေရ်က ရဟန်းငါးရာတို့ကို မဇ္ဈိမဒေသ လူ့ပြည်တွင်လည်းကောင်း ဟောကြားတော်မူခဲ့သည့် ကာလမှာ ဝါတွင်းသုံးလကာလဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် တရားတော်ပြီးဆုံးသည်။
မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သည့် တရားတော်တို့ကို သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟူ၍ ပိုင်းခြားထားသည်။ ထိုတရားတော်များကို ပိဋကသုံးပုံဟူ၍ခေါ်သည်။ ပိဋကသုံးပုံတွင် အဘိဓမ္မာတရားသည် သုတ္တန်တရားတို့ထက် သာလွန်ထူးခြားပြီး နက်နဲခက်ခဲသည်။ မြတ်စွာဘုရားရှင်သည် အဘိဓမ္မာကို နတ်ဗြဟ္မာတို့အား အကျယ်နည်းဖြင့်ဟောကြား၍ ရှင်သာရိပုတ္တရာမထေရ်ကို အကျဉ်းနည်းဖြင့် ဟောကြားသည်။ ထို့နောက် ရှင်သာရိပုတ္တရာ မထေရ်သည် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော်မူခဲ့သည်။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားပြီး၍ ဝါကျွတ်သောအခါ သိကြားမင်းဖန်ဆင်းသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းသုံးသွယ်ဖြင့် လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာအပေါင်းခြံရံလျက် သက်ဆင်းကြွရောက်တော်မူသည်။ ထိုအခါမင်းနှင့် တကွပြည်သူတို့သည် ဆီမီးတန်ဆောင်ထွန်းညှိကာ မြတ်စွာဘုရားအားကြိုဆိုကြသည်။ ထိုအချိန်မှစ၍ ဗုဒ္ဓဘာသာဝင်ပြည်သူတို့သည် သီတင်းကျွတ်လပြည့်နေ့သို့ ရောက်သောအခါ ဆီမီးတန်ဆောင်ညှိထောင် ထွန်းလင်း ပူဇော်ခြင်း ကုသိုလ်ကိုပြုလုပ်လေ့ရှိကြသည်။
မြတ်စွာဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်းခြံရံလျက် သက်ဆင်းကြွရောက်တော်မူ၍ သင်္ကဿနဂိုရ်ပြည် တောင်တံခါးဝ၌ ရပ်တော်မူလျှင် ရှင်သာရိပုတ္တရာမထေရ်လည်း တပည့်သံဃာတော်တို့နှင့်တကွ လာရောက်ကာ မြတ်စွာဘုရားခြေတော်၌ ဦးဖြင့်တိုက်၍ ရှိခိုးပူဇော်ခဲ့သည်။
မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်ဒေသနာ၊ ဝိနည်းဒေသနာတော်တို့သည် ဒါန၊သီလတို့၏ အကြောင်းအကျိုးတို့ကို လည်းကောင်း၊ ရှေးရှေးသောဘဝတို့၌ ဖြစ်ခဲ့ဖူးသည့် အနိမ့်အမြင့်၊ ဆင်းရဲချမ်းသာတို့ကို လည်းကောင်း ဟောတော်မူခြင်းဖြစ်သည်။ အဘိဓမ္မာဒေသနာတော်သည် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ဣန္ဒြေ၊ အာရုံ၊ အာရမ္မဏိက၊ ရုပ်၊နာမ်တရားတို့ကို ခွဲခြမ်းစိတ်ဖြာဟောတော်မူခြင်းဖြစ်သည်။ အဘိဓမ္မာတရားတော်သည် လောကသုံးပါးနှင့်
နိဗ္ဗာန်အကြောင်းအရာတို့ကို ပရမတ္ထတရားလေးပါးအဖြစ် ခွဲခြမ်းစိတ်ဖြာကာ သဘာဝတရားများကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိ ပြည့်စုံစွာ ဟောကြားတော်မူခဲ့သော ပရမတ္ထဒေသနာတော်ဖြစ်သည်။
အဘိဓမ္မာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ သင်ကြားနာယူခြင်းအားဖြင့် နာမရူပ ပရိစ္ဆေဒဉာဏ်ရင့်သန်စေနိုင်သည်။ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရန် လမ်းကြောင်း အထောက်အပံ့ကောင်းကို ရစေနိုင်သည်။ ဘေးဥပဒ်အန္တရာယ် ကင်းဝေးစေနိုင်သည်။
ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေနိုင်သည့် အကျိုးထူးတရားများကို ရရှိစေနိုင်ပေသည်။ အထူးသဖြင့် မြတ်ဗုဒ္ဓ၏ တရားတော်များ နာယူကျင့်ကြံ အားထုတ်သူများအနေဖြင့် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်လျက် ဖြူအောင်စိတ်ကိုထားကာ တိုင်းပြည်နှင့် လူမျိုးအကျိုးကို သယ်ပိုးနိုင်သူများဖြစ်ပါစေကြောင်း သီတင်းကျွတ်အခါသမယတွင် ဆုမွန်ကောင်းတောင်းရေးသားလိုက်ရပါသည်။ ။
မောင်သောင်းဝင်း(တမန်ဟောင်း)