၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

 

နေပြည်တော်  အောက်တိုဘာ   ၃၀

    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ   ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီတွင်   နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

    ယနေ့ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ  ပွဲစဉ်များအဖြစ် တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့  ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက   တနင်္သာရီတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ   ရခိုင်ပြည်နယ်အသင်းက   ပဲခူးတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့    ယှဉ်ပြိုင်ကစားခဲ့ကြရာ   စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကိုသုံးပွဲပြတ်ဖြင့် လည်းကောင်း၊ (အမျိုးသား)ပြိုင်ပွဲပွဲစဉ်များအဖြစ် ကချင်ပြည်နယ်အသင်း နှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး အသင်းက ကချင်ပြည်နယ်အသင်းကို သုံးပွဲ နှစ်ပွဲဖြင့် လည်းကောင်း၊  တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့်  ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ  ချင်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကိုသုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး အသင်းက  မကွေးတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်ဖြင့်လည်း ကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။

    အောက်တိုဘာလ ၃၁ ရက်နေ့  နံနက်၈ နာရီမှစ၍ (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကချင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ မွန်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်း၊ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် မွန်ပြည်နယ်အသင်း၊  ကယားပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ အားကစားကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။