(၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာမသန်စွမ်း အားကစားသမားများ ပြန်လည်ရောက်ရှိ

 

 (၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာမသန်စွမ်း အားကစားသမားများ ပြန်လည်ရောက်ရှိ

 

ရန်ကုန်  အောက်တိုဘာ ၃၀

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ  Hangzhou  မြို့တွင် အောက်တိုဘာလ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပသည့် (၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ အားကစားသမားများသည် ယနေ့နေ့လယ်ပိုင်းတွင် လေကြောင်းခရီးဖြင့်    ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိကြသည်။

အဆိုပါ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီး  လူမှုရေးဝန်ကြီး  ဦးအောင်ဝင်းသိန်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ  အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ကြိုဆိုကြသည်။

မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ    အားကစားသမားများသည် (၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစား ပြိုင်ပွဲတွင်    ပြေးခုန်ပစ်၊   ရေကူးနှင့် ထိုင်လျက်ဘော်လီဘော အားကစားနည်း သုံးမျိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မောင်စိုးပေ သည် အမျိုးသားမီတာ(၂၀၀)အပြေးပြိုင်ပွဲ(ဆေးအဆင့် T64)နှင့် အမျိုးသားမီတာ(၁၀၀)အပြေးပြိုင်ပွဲ(ဆေးအဆင့် T64)တို့တွင် ကြေးတံဆိပ်တစ်ခုစီ၊ အမျိုးသမီးမီတာ (၁၀၀)အပြေးပြိုင်ပွဲ(ဆေးအဆင့် T64)တွင် မလော်လာဝင်းက ကြေးတံဆိပ်တစ်ခု စုစုပေါင်း ကြေးတံဆိပ်သုံးခု   ဆွတ်ခူးရရှိခဲ့ကြောင်း  မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ သိရသည်။