မာဆေးလ်ပရိသတ်များက လိုင်ယွန်အသင်း ကစားသမားများ လိုက်ပါစီးနင်းလာသည့် ဘတ်စကားကို အရာဝတ္ထုများဖြင့် ဝိုင်းဝန်းပစ်ပေါက်ခဲ့ပြီးနောက် ကစားမည့်ပွဲစဉ်ကို ရွှေ့ဆိုင်း
ပြင်သစ်လီဂူးဝမ်းပွဲစဉ်(၁၀)အဖြစ် ကစားမည့် မာဆေးလ်အသင်းနှင့် လိုင်ယွန်အသင်းတို့ပွဲစဉ် မတိုင်မီ လိုင်ယွန်အသင်း ကစားသမားများ လိုက်ပါစီးနင်းလာ သည့်ဘတ်စကားကို မာဆေးလ်အသင်း ပရိသတ်များက အရာဝတ္ထုများဖြင့် ဝိုင်းဝန်းပစ်ပေါက်ခြင်းကြောင့် ထိခိုက်မှုများ ရှိခဲ့သည့်အတွက် ကစားမည့်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။
မာဆေးလ်အသင်းနှင့် လိုင်ယွန်အသင်းတို့ပွဲစဉ် မတိုင်မီ လိုင်ယွန်အသင်း ကစားသမားများ အနေဖြင့် ပွဲစဉ်ကစားရန် တည်းခိုသည့်ဟိုတယ်မှ အသင်း အိမ်ကွင်း ဖရန်ကို့စ်အသင်းသို့ ဘတ်စကားဖြင့် လာရောက်စဉ် မာဆေးလ်အသင်း ပရိသတ်များက လမ်းခုလတ်တွင် ဘတ်စကားကို ပစ္စည်းတချို့ဖြင့် ပစ်ပေါက်ကြရာ လိုင်ယွန်နည်းပြဂရော့ဆို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြင် ကစားသမားတချို့လည်း ထိခိုက်ဒဏ်ရာရရှိသောကြောင့် ဘတ်စကားကို လုံခြုံသည့်နေရာသို့မောင်းနှင်ပြီးနောက် ဆေးကုသမှုများ ခံယူခဲ့ရခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး မာဆေးလ်အသင်းက လိုင်ယွန်အသင်းနှင့် ပွဲစဉ်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုများပြုလုပ်ခဲ့ရာ ပြင်သစ်လီဂူးဝမ်း အဖွဲ့ချုပ်ကလည်း လိုင်ယွန်အသင်းမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီးနောက် သဘောတူညီမှုရရှိကာ မာဆေးလ်အသင်းနှင့် လိုင်ယွန်အသင်းတို့ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်အပြီးတွင် ဒဏ်ရာရရှိခဲ့သည့် နည်းပြ ဂရော့ဆိုနှင့် ကစားသမားတချို့ ဆေးကုသမှုများ ခံယူပြီးနောက် လိုင်ယွန်အသင်းပိုင်ရှင် ဂျွန်တက်တာက ပွဲစဉ်ကို ပုံမှန်အတိုင်း ဆက်လက်ကစားလိုသော်လည်း ပြင်သစ်လီဂူးဝမ်းအဖွဲ့ချုပ်က ကစားခွင့်မပြုဘဲ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့က လိုင်ယွန် အသင်းဘတ်စကားအား အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့သူများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။