ထိန်းသိမ်းစောင့်ရှောက်ရမည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်

 

ထိန်းသိမ်းစောင့်ရှောက်ရမည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်

(၂၄)ကြိမ်မြောက်     မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိင်ပွဲကို အောက်တိုဘာလ

၂၄ ရက်နေ့  နံနက်ပိုင်းမှ  စတင်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ    အသီးသီးမှာ ကျင်းပလျက်ရှိပါတယ်။    (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ဗဟိုအဆင့်ဟူ၍အဆင့်ဆင့် ကျင်းပခြင်း ဖြစ်ပါတယ်။ အဆင့်ဆင့်ယှဉ်ပြိုင်ပြီးမှ ဗဟိုအဆင့်ကိုရောက်ရှိလာကြတာ ဖြစ်ပါတယ်။ ဗဟိုအဆင့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ၂၃၀၆ ဦး ပါဝင်ယှဉ်ပြိုင်ပါတယ်။ အကဲဖြတ်ပညာရှင် ၁၇၂ ဦးတို့က စနစ်တကျစိစစ်အကဲဖြတ် အမှတ်ပေးကြမှာ ဖြစ်ပါတယ်။

အကဲဖြတ်ပညာရှင်များ ဆိုတာကလည်း သက်ဆိုင်ရာ ဘာသာရပ်တွေမှာကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသူဖြစ်ပါတယ်။

မြန်မာလူမျိုးတို့ရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေဟာ နိုင်ငံတော်   တည်တံ့ ခိုင်မြဲခြင်းနဲ့အတူ ယှဉ်တွဲတည်ရှိနေရမယ့် ဂုဏ်ဒြပ်များ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကို  နိုင်ငံတော်အစိုးရအနေနဲ့လူအား၊  ငွေအား၊ အချိန်အား စိုက်ထုတ်ကျင်းပပေးနေခြင်း ဖြစ်ပါတယ်။

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ရည်ရွယ်ချက်(၄)ရပ်နဲ့ အညီကျင်းပပြုလုပ်တာဖြစ်ပါတယ်။

(၂၄)ကြိမ်မြောက်   မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲရဲ့ ဦးတည်ချက်တွေကို  မှတ်မှတ်သားသား ဖော်ပြချင်ပါသေးတယ်။ အဲဒါတွေကတော့-

၁။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး။

၂။ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု  စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်  ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး။

၃။ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များပိုမိုထွန်းကားပြန့်ပွားနေစေရေး။

၄။      နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး။ တို့ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို ၁၉၉၃ ခုနှစ်ကနေ နှစ်စဉ်ကျင်းပလာခဲ့တာ အခုဆိုရင် နှစ်ပေါင်း၃၀ ရှိခဲ့ပါပြီ။ ၂၀၁၆ ခုနှစ်တွင်(၂၂)ကြိမ်မြောက် နောက်ဆုံးကျင်းပခဲ့ပြီး ငါးနှစ်တာ ရပ်နားခဲ့ပါတယ်။ အခုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်မှာ၂၀၂၂ ခုနှစ်တွင် (၂၃)ကြိမ်မြောက်အဖြစ် ကျင်းပတာဖြစ်ပြီးအခုနှစ်မှာတော့ (၂၄)ကြိမ် မြောက်ကျင်းပတာဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲတွေကျင်းပပေးတဲ့အတွက် လူငယ်တွေကမဟာဂီတကိုအများကြီး  စိတ်ဝင်စားလာကြပါတယ်။ မဟာဂီတကမြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှုဖြစ်ပါတယ်။ မဟာဂီတသီချင်းအပြင် အကအနုပညာတွေကိုလည်း မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ပါတယ်။

မဟာဂီတအဆိုပြိုင်ပွဲ အကဲဖြတ်အမှတ်ပေးရာမှာ   အမှတ်ပေးစည်းမျဉ်းငါးရပ်ရှိပါတယ်။ မူရင်းအတိုင်း သီဆိုနိုင်ရမယ်။ဆိုနည်းဆိုဟန်၊ အဆိုနည်းစနစ်မှန်ကန်ရမယ်။ စည်းဝါးကို ကိုယ်တိုင်တီးခတ်ပြီး  သီဆိုရမယ်။ သီဆိုနေချိန်မှာ နားထောင်တဲ့ ပရိသတ်ရဲ့ ရင်ထဲမှာခံစားမှုဖြစ်ရမယ်။

ပင်ကိုသံကဘယ်လို ရှိသလဲ။ ဒီအချက်တွေကို အခြေခံပြီး အမှတ်ပေးရမှာဖြစ်ပါတယ်။ အခုလိုပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက်  လူငယ်တွေဟာ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို  စိတ်ဝင်စားလာတဲ့အခါ  နိုင်ငံခြားတေးဂီတတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။  မိမိတို့ဂီတကိုချစ်မြတ်နိုးရင်   အခြားနိုင်ငံကဂီတတွေ   ဝင်ရောက်လာမှုလျော့နည်းသွားမယ်။ ဒီလိုပြိုင်ပွဲကြီးရှိနေတဲ့အတွက် မျိုးဆက်သစ်တွေက မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေကို ပိုပြီးသိရှိသွားမယ်။

ရိုးရာဂီတကိုလည်း အလိုလိုထိန်းသိမ်းရာလည်း ရောက်ပါတယ်။

ခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲမှာ  အမှတ်ပေးရာမှာတော့  ပင်ကိုအသံကောင်းရမယ်။ မူရင်းကို တူအောင် ဆိုရမယ်။ စာသားအနေအထား၊ စည်းဝါးမှန်ကန်မှု၊  သီချင်းရဲ့ရသကိုပေါ်လွင်အောင်   သီဆိုနိုင်ခြင်းတွေကို ကြည့်ပြီး  အမှတ်ပေးပါတယ်။   အနယ်နယ်အရပ်ရပ်ကနေ ဒီပြိုင်ပွဲကို  လာရောက်ယှဉ်ပြိုင်ကြတာဖြစ်လို့  လူငယ်တွေရဲ့ကြိုးစားမှုက  အားရစရာကောင်းလှပါတယ်။   မြန်မာတို့ရဲ့အမျိုးသားယဉ်ကျေးမှု တစ်ရပ်ဖြစ်တဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကိုကျင်းပတဲ့အခါ တိုင်းရင်းသားပေါင်းစုံ ပြိုင်ပွဲဝင်လာ နေတာတွေ့ရပါတယ်။ တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတွေကထိထိမိမိနဲ့  ပိုပြီးသင်ကြားပေးမယ်ဆိုရင် နောက်ထပ်လည်း ရွက်ပုန်းသီးတွေ အများကြီးပေါ်ထွန်းလာနိုင်ပါတယ်။

အကပြိုင်ပွဲမှာဆိုရင် အကရဲ့စည်းမျဉ်းစည်းကမ်းမှာ အဝတ်အစားဆိုရင် သပ်သပ်ရပ်ရပ်၊  ခိုင်ခိုင်မြဲမြဲရှိရမယ်။   တီးလုံးတီးကွက်နဲ့ကကြိုးနဲ့ လိုက်ဖက်အောင်ကနိုင်ရမယ်။ မျက်နှာအမူအရာလည်း ပါပါတယ်။ မိန်းမဆိုရင် မိန်းမအကဖြစ်ရမယ်။ ယောက်ျားဆိုရင်ယောက်ျားအကဖြစ်ရမယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပတဲ့အတွက် ရလဒ်ကောင်းတွေလည်းရပါတယ်။  တိုင်းရင်းသားအချင်းချင်းရင်းနှီးပြီး  ချစ်ခင်ရတဲ့ရလဒ်က တန်ဖိုးတော်တော်ကြီးပါတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေအနေနဲ့ မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထား၊ အလေးထား၊ ထိန်းသိမ်းကြမယ်ဆိုရင် ပိုမိုထွန်းပြောင်လာဖို့ပဲရှိပါတယ်။ မြန်မာအကဟာ ခေါင်း၊ ခါး၊ ခြေ၊ လက်အချိုးအဆစ်ညီညာစွာ ငြိမ့်ညောင်းတဲ့ကကွက်များ ဖြစ်ပါတယ်။မြိုင်မြိုင်ဆိုင်ဆိုင် လှလှပပကကွက်များက မြင်ရသူကို ကြည်နူးစေပါတယ်။

ယခုနှစ်မှာ  ဇာတ်သဘင်ပြိုင်ပွဲအဖြစ် မဟော်သဓာဇာတ်တော်ကြီး ပြဋ္ဌာန်းထားပါတယ်။  (၂၃)  ကြိမ်မြောက်တုန်းက ရာမာယဏဇာတ်တော်ကြီးပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ငါးဖွဲ့သာရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ခုနစ်ဖွဲ့အထိ  ရှိလာပါတယ်။ မြန်မာနိုင်ငံဟာ ၁၈၈၅ ခုနှစ်မှာ လွတ်လပ်ရေးဆုံးရှုံးခဲ့ပေမယ့် ယဉ်ကျေးမှု မဆုံးရှုံးခဲ့အောင်ထိန်းသိမ်းနိုင်ခဲ့ကြပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ပွဲဖြစ်ပါတယ်။

လူငယ်တွေရဲ့ နှလုံးသားထဲ၊ မျက်စိထဲ၊ နားထဲမှာစွဲမြဲနေစေဖို့အတွက် အခုလို ပြိုင်ပွဲကျင်းပပေးတာဖြစ်ပါတယ်။ (၂၄)ကြိမ်မြောက်ရှိပြီဖြစ်လို့ ပေါ်ထွက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေလည်း အများကြီးရှိနေပါပြီ။ ပြည်သူချစ်တဲ့ အနုပညာရှင်တွေအဖြစ် ရပ်တည်နေတာကိုလည်း မြင်တွေ့ရပါပြီ။

အခုလိုမျိုး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေသာမကျင်းပဘူးဆိုရင်   မြန်မာ့ယဉ်ကျေးမှုအနုပညာတွေက တိမ်ကောသွားနိုင်ပါတယ်။ ပြိုင်ပွဲကျင်းပပေးတဲ့အတွက် မိမိတို့ တတ်ထားတဲ့ပညာရပ်တွေကို ပြသခွင့်ရရှိတယ်။ ကြိုးစားခွင့်ရရှိတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အမြော်အမြင် အလွန်ကြီးမားစွာ ဆောင်ရွက်ပေးတဲ့အတွက် မျိုးဆက်သစ်အနုပညာရှင်တွေ အားလုံးဝမ်းမြောက်ဝမ်းသာ  ဖြစ်ကြရပါတယ်။ ပညာရှင်လူကြီးတွေက သေသေချာချာလေ့ကျင့်သင်ကြားမြေတောင်မြှောက်ပေး တဲ့အတွက် အခုလိုမျိုးပြိုင်ပွဲဝင်တွေ အများကြီးပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ယခုပြိုင်ပွဲကြီးဟာ အနုပညာဆိုင်ရာ ပြိုင်ပွဲတစ်ခုဖြစ်တဲ့အပြင် တိုင်းရင်းသားညီအစ်ကိုမောင်နှမ များရဲ့ ရင်းနှီးချစ်ကြည်မှုကို အခြေခံပြီး ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ဖော်ထုတ်ထိန်းသိမ်းတဲ့ပွဲ၊ မျိုးဆက်ဟောင်း အနုပညာရှင်ကြီးများနဲ့ မျိုးဆက်သစ်အနုပညာရှင် မောင်နှမများ ပေါင်းကူးယှက်နွှယ်သည့်ပွဲ၊   တစ်နည်းအားဖြင့်ဆိုရင်   တိုင်းရင်းသားညီအစ်ကိုများ ယဉ်ကျေးမှုပေါင်းစည်းသည့်ပွဲလည်း ဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီးဆိုတဲ့အတိုင်း    မဟာဂီတတေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Banquet Hall မှာလည်းကောင်း၊ ကာလပေါ်တေးသီချင်းအဆိုပြိုင်ပွဲကို  မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room မှာလည်းကောင်း ကျင်းပပါတယ်။   အကပြိုင်ပွဲကို   မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall မှာကျင်းပပြီး    အရေးပြိုင်ပွဲ ကိုတော့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌  ကျင်းပပါတယ်။  အတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) News Briefing Room မှာ ကျင်းပပါတယ်။

အရေးပြိုင်ပွဲနဲ့ ပတ်သက်လို့ သီချင်းရေးဆရာတစ်ယောက်ဖြစ်ဖို့ဆိုရင် ရေးချင်တဲ့ဝါသနာ ပြင်းထန်ဖို့လိုပါတယ်။ ကဗျာလင်္ကာကိုလည်း ထိုက်သင့်သလောက်တတ်ကျွမ်းရပါမယ်။ သီချင်းမှာကာရန်ပါသလို ကဗျာမှာလည်း ကာရန်ပါပါတယ်။ ကဗျာကာရန်ရဲ့ အခြေခံကိုနားလည်မယ်ဆိုရင် သီချင်းရေးတာမှာ အခက်အခဲမရှိရေးနိုင်မယ်။ စာပေနှံ့စပ်မှုရှိမှ ရေးရမယ့်သီချင်းရဲ့ ဦးတည်ချက်က ဘာလဲဆိုတာသိမယ်။ လူတွေရဲ့စိတ်ဓာတ်တက်ကြွစေမယ့် သီချင်းမျိုးရေးမယ်ဆိုရင်   ဝီရရသမြောက်တဲ့ စကားလုံးအသုံးအနှုန်းတွေ လိုအပ်သလိုချစ်ခြင်း မေတ္တာကို ဖော်ကျူးတဲ့ သီချင်းမျိုးဆိုရင် အချစ်နဲ့ပတ်သက်တဲ့ စကားလုံးတွေ အနုအရွလေးတွေ  သုံးဖို့လိုအပ်ပါတယ်။  ဒါ့ကြောင့်စာပေ၊  ကဗျာ၊ ပျို့၊ အလင်္ကာဆိုတဲ့အတိုင်းကဗျာတို့၊ စာပေတို့၊ သီချင်းတို့  ဆက်စပ်နေတာဖြစ်လို့ စာပေမှာရသကိုးပါး၊ ဂုဏ်ဆယ်ပါးရှိသလိုပဲ တေးသီချင်းမှာလည်း ရသတွေ၊ ဂုဏ်တွေမြောက်ဖို့လိုပါတယ်။

တေးရေးတဲ့နေရာမှာ  ပေးထားတဲ့ ခေါင်းစဉ်တွေက   ဇာတိပုညဂုဏ်မာန၊ ထိန်းသိမ်းစို့လေ ရိုးရာအမွေ၊ ဗလငါးတန်ဒို့ရည်သန်၊ ဝါကျွတ်အခါမီ တူရာသီ စတဲ့ သီချင်းခေါင်းစဉ်တွေပေးထားတဲ့အတွက် ခေါင်းစဉ်နဲ့   လိုက်လျောညီထွေဖြစ်စေဖို့ မျိုးချစ်စိတ်ဓာတ်  ရှင်သန်ထက်မြက်ဖို့၊ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးဖို့၊ သီချင်းစာသားထဲမှာ    အားမာန်ပါတဲ့ စကားလုံးတွေပါဖို့လိုပါတယ်။  အဲဒီမှာအချစ်  သီချင်းရေးသလို ဖွဲ့နွဲ့နေလို့ရှိရင် ခေါင်းစဉ်နဲ့စာသားကိုက်ညီမှုမရှိဖြစ်မယ်။

တေးရေးနဲ့ပတ်သက်လို့    ပြောရမယ်ဆိုရင် တေးရေးဆိုတာ ခေတ်အဆက်ဆက သမိုင်းအဆက်ဆက်မှာ   နိုင်ငံတော်ကို အထောက်အကူပြုတဲ့သီချင်းတွေ အများကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီသီချင်းတွေ နိုင်ငံသူနိုင်ငံသားတွေ စည်းလုံးညီညွတ်ရေး၊ တစ်ဦးပေါ်တစ်ဦးယုံကြည်မှု၊ ငြိမ်းချမ်းမှု၊ ချစ်ကြည်မှု၊ လက်တွဲနေထိုင်မှုတွေအပေါ် အများကြီး  အထောက်အကူပြုမှာ ဖြစ်တဲ့အတွက် ဒီလိုပြိုင်ပွဲတွေ ပြုလုပ်ခြင်းအားဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်သလိုနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အနုပညာချစ်မြတ်နိုးမှုအပေါ် မူတည်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုလည်း အထောက်အကူပြုနိုင်မှာ ဖြစ်တဲ့အတွက် အင်မတန်မှအရေးကြီးပါတယ်။

အတီးပြိုင်ပွဲမှာတော့ တစ်ဦးချင်းပြိုင်ပွဲ ၁၀ မျိုးနဲ့ အဖွဲ့လိုက်ပြိုင်ပွဲ သုံးမျိုးရှိပါတယ်။ ဒီပြိုင်ပွဲကြီး ရှိနေလို့သာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မပျောက်ပျက်တာဖြစ်ပါတယ်။ မဟာဂီတဆိုရင်လူငယ်တွေကြားထဲမှာ ကွာဟနေပြီဖြစ်ပါတယ်။  ဒီလိုပြိုင်ပွဲတွေရှိ နေတဲ့အတွက် လူငယ်တွေဟာ မဟာဂီတတေးသီချင်းတွေ ရှိတယ်ဆိုတာကို သိကြတာဖြစ်ပါတယ်။ ထူးချွန်ထက်မြက်တဲ့သူတွေလည်းပေါ်ထွန်းလာတဲ့အတွက် ဝမ်းသာ ကြရပါတယ်။ မြန်မာ့ဂီတအတီးပညာရပ်တွေဟာ လွယ်လွယ်ကူကူတတ်မြောက်ကြတာမဟုတ်ပါဘူး။ ထံတျာ၊ သီတာ၊ သာယာ၊ ဝေဘာအစရှိတဲ့ သင်ရိုး(၁၃)ပုဒ်ကိုတတ်မြောက်အောင်စနစ်တကျ သင်ယူပြီးမှ အခြားသော မဟာဂီတသီချင်းတွေကို ဆက်လက်သင်ယူကြရတာဖြစ်ပါတယ်။ မြန်မာတို့ရဲ့ မဟာဂီတ ဟာပျူခေတ် ကတည်းက ထွန်းကားခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ဂီတလေ့လာ လိုက်စားသူတိုင်း ပထမဆုံးစတင်သင်ယူရတဲ့ ကြိုးသီချင်းကတော့ ညောင်ရမ်းခေတ်ဝန်ကြီး ပဒေသရာဇာ ရေးခဲ့တာဖြစ်ပါတယ်။  မြန်မာ့ဂီတရှေးဦးသင်-အသံသင်္ကေတပြတဲ့ ထံ၊တျာ၊ တေ ဟာ ညောင်းရမ်းခေတ်ရဲ့ တန်ဖိုးအကြီးဆုံး စာပေဂီတတစ်ခုဖြစ်ပါတယ်။

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကို နှစ်စဉ်မပျက်   ကျင်းပပေးသင့်ပါတယ်။ ဒါမှလည်း မြန်မာ့ရိုးရာဆိုတဲ့ဆိုင်းပညာမပျောက်ကွယ်သွားရေး၊ တိုးတက်မြင့်မားရေးဖြစ်တဲ့အတွက်  မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းအမွေပေးနိုင်မှာဖြစ်ပါတယ်။အခုလိုပြိုင်ပွဲတွေမရှိရင် ဆိုင်းပညာရဲ့ တန်ဖိုးဆိုတာကို သိရှိသူ နည်းပြီးလက်ဆင့်ကမ်း သယ်ယူမှုပြတ်တောက်သွားနိုင်ပါတယ်။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတဲ့ နိုင်ငံတော် အစိုးရရဲ့တာဝန်ရှိသူတွေကိုကျေးဇူးတင်ပါတယ်။ ဆိုင်းအဖွဲ့လိုက်အတီးပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ရှစ်ဦးပါ ပါတယ်။ သတ်မှတ်ထားတွေကတော့ ဆရာကြီးတွေရဲ့ သီချင်းတစ်ပုဒ်ပါရမယ်။ မဟာဂီတထဲက သီချင်းကြီးတစ်ပုဒ်ပါရမယ်။ တိုင်းပြုပြည်ပြုသီချင်းပါရမယ်။ ပြိုင်ပွဲဝင်ချိန်ကမိနစ် ၃၀ ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ ယခင်အငယ်တန်း၊ ဝါသနာရှင်အဆင့်   ယှဉ်ပြိုင်ခဲ့ကြတဲ့ အနုပညာရှင်တွေဟာ ယခုအခါ ပညာရှင်အဆင့် ပြိုင်ပွဲဝင်များအဖြစ် လည်းကောင်း၊ သားသမီးတပည့်များအား ပွဲထုတ်၍နည်းပြများ၊ အုပ်ချုပ်သူများအဖြစ် လည်းကောင်း တွေ့မြင်ရပါတယ်။ မြန်မာ့ရိုးရာ အနုသုခုမ ပညာရပ်များရဲ့ ပညာအမွေခံစီးဆင်းမှု၊ ထိန်းသိမ်းမှုတွေကို ကြည့်ခြင်းအားဖြင့် ပြိုင်ပွဲကြီးရဲ့ရလဒ်ကောင်းများ တွေ့မြင်နိုင်ပါတယ်။

အခုလိုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပခြင်းအားဖြင့် မြန်မာတို့ရဲ့ ယဉ်ကျေးမှု အနုပညာ၊ အနုသုခုမပညာတွေကို လူငယ်တွေအတွက်လက်ဆင့်ကမ်းထိန်းသိမ်းတယ်လို့ မြင်မိပါတယ်။

ဝါရင့်အနုပညာရှင်ကြီးတွေအနေနဲ့ မျိုးဆက်သစ်တွေကို အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးတဲ့ပွဲကြီး တစ်ခုဖြစ်ပါတယ်။ လူငယ်တွေကို လူကြီးတွေက အသီးသီးသောတာဝန်တွေကို အချိန်တန်ရင် ပခုံးပြောင်း လွှဲပေးရမှာဖြစ်ပါတယ်။

ဒါ့အပြင်အနုပညာကိုလည်း အခုလိုလွှဲပြောင်းအမွေဆက်ခံခြင်းအားဖြင့် မြန်မာ့ယဉ်ကျေးမှုတွေဟာ  ကမ္ဘာတည်သရွေ့ တည်တံ့နေမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုတဲ့အတိုင်း အနုသုခုမပညာရပ်တွေဟာ တကယ့်ကို  ယဉ်ယဉ်ကျေးကျေးရှိလှပါတယ်။ နားရိုင်း၊ မျက်စိရိုင်းတဲ့အသွင်သဏ္ဌာန်   အပြော  အဆို အကလုံးဝမရှိပါဘူး။    အရေးမှာလည်း ဒီအတိုင်းပါပဲ၊ ယဉ်ကျေးသိမ်မွေ့တဲ့ စကားလုံး အသုံးအနှုန်းတွေသုံးထားပါတယ်။

ယဉ်ကျေးတဲ့စိတ်ဟာ ချမ်းသာခြင်းကို ဆောင်ရွက်နိုင်၏ဆိုတဲ့ အဆိုအမိန်နဲ့အညီ ယဉ်ကျေးသိမ်မွေ့တဲ့စိတ်နဲ့  နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်း ကဏ္ဍမှတစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်မယ့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ၊ လူငယ်မျိုးဆက်သစ်တွေ၊ ရွက်ပုန်းသီး ပညာရှင်တွေပေါ်ထွန်းလာမှာ    ဖြစ်ပါတယ်။

နိုင်ငံတော်အကြီးအကဲက မိမိတို့၏ကိုယ်ပိုင် အမျိုးသားယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားပါက  နိုင်ငံနှင့်လူမျိုးအပေါ် အထင်ကြီးလေးစားမှု လျော့နည်းပြီး အမျိုးသားရေးအားမာန်များ ခန်းခြောက် လာမည်ဖြစ်ပါကြောင်း၊ အမျိုးသားရေး အားမာန်ခန်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါးလာကြမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတိုင်းက မိမိတို့၏ ကိုယ်ပိုင်အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ အမျိုးသားရေးစံနှုန်းများနှင့် အမျိုးသားရေးအနှစ်သာရများ မှေးမှိန်တိမ်ကော ပျောက်ကွယ်သွားခြင်း မရှိရအောင်၊ အမျိုးသားရေးစိတ်ဓာတ် ခိုင်မြဲအောင်  ဖော်ထုတ်ထိန်းသိမ်းမြှင့် တင်လျက်ရှိနေကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

လူသားတိုင်းဟာ သက်တမ်းအလိုက် ရှင်သန်နေကြရတာဖြစ်ပါတယ်။ မိမိတို့တတ်ထားတဲ့ပညာကို မိမိတို့ရဲ့ မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်းပေးကြရမှာဖြစ်ပါတယ်။ မြန်မာရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပညာရပ်တွေဟာ အထက်မှာဖော်ပြခဲ့သလို စည်းစနစ်တိတိကျကျနဲ့သင်ယူတတ်မြောက်ကြ ရတာဖြစ်ပါတယ်။ အနုသုခုမပညာမှာထူးချွန်ပြောင်မြောက်စွာ  တတ်မြောက်ဖို့ဆိုတာမိမိတို့ ကိုယ်တိုင်ကလည်း ကြိုးစား၊ ဝါသနာကလည်းပါ၊ ပါရမီကလည်းရှိကြရမှာဖြစ်ပါတယ်။ ပညာရှင်တွေက ပညာသင်တွေကို အမွေပေးသလို နိုင်ငံတော်အစိုးရကလည်း နှစ်စဉ်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေကျင်းပပေးနေသမျှ မြန်မာ့အနုသုခုမပညာများ ထွန်းလင်းတောက်ပနေမည်ဖြစ်ပါကြောင်း   ရေးသားတင်ပြလိုက်ပါတယ်။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)