အမေရိကန်တို့ အနေနဲ့ တရုတ်ထက် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ပိုမိုစိုးရိမ်သင့်တဲ့ အကြောင်းတရား
အမေရိကန်တို့အနေနဲ့ တရုတ်ထက်စာရင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ဘာကြောင့် ပိုမိုစိုးရိမ်သင့်တာလဲ ဆိုတဲ့ မေးခွန်းအတွက်ဖြေရမယ်ဆိုရင် အမုန်းတရားကို လက်ညှိုးထိုးပြရပါလိမ့်မယ်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခက အမုန်းတရားကြောင့် စတင်ဖြစ်ပွားခဲ့တာပါ။
အဲဒီအမုန်းတရားကြောင့်ပဲ အတိတ်က အစပျိုးခဲ့တဲ့ပဋိပက္ခဟာ လက်ရှိပစ္စုပ္ပန်မှာ ပိုမိုလောင်ကျွမ်းလာရပြီး နောင်မျိုးဆက်အဆက်ဆက်အထိ ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ရပ်ဖြစ်သွားပါလိမ့်မယ်။
စာချစ်သူများအနေနဲ့ အမေရိကန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ၉/၁၁ အကြမ်းဖက်မှု ဖြစ်ရပ်ကြီးကို မှတ်မိကြဦးမယ်ထင်ပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ခရီးသည်တင်လေယာဉ်နဲ့ မိုက်ကန်းစွာ ဝင်တိုက်ခဲ့တဲ့ဖြစ်ရပ်ပါ။
ဒီလိုအကြမ်းဖက်မှုက ဘာကြောင့်ဖြစ်ရတာလဲ။ အမေရိကန်နိုင်ငံသားတွေ ကိုယ်တိုင်ကလည်း အကြမ်းဖက်သမားတွေက အမေရိကကို ဘာကြောင့် မုန်းတီးနေရတာလဲဆိုပြီး မေးခွန်းထုတ်ခဲ့ဖူးပါတယ်။
ဒါနဲ့ပတ်သက်ပြီးတော့လည်း ဇီသြဒင်းဆာဒါးနဲ့ မယ်ရီဝင်းဒေးဗီးက ''WHY DO PEOPLE HATE AMERICA?'' ဆိုတဲ့နာမည်နဲ့ စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါသေးတယ်။ အဲဒီစာအုပ်ကလည်း အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါ တယ်။
သင့်အနေနဲ့ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးဖို့အတွက် ရန်သူများကို ဖန်တီးနိုင်ပါတယ်။
ဒါပေမဲ့ ဒီလိုဖန်တီးခြင်းက အပြန်အလှန် ယုံကြည်မှုကို လျော့နည်း ပျက်စီးစေပါတယ်။
ဒါ့အပြင် ရန်ငြိုးတွေ၊ ပဋိပက္ခတွေကိုလည်း မွေးမြူစေနိုင်ပါတယ်။ အဲဒီရန်ငြိုးတွေ၊ ပဋိပက္ခတွေဆိုတာက ထိပ်တိုက်တွေ့ဆုံမှုကို ဖြစ်စေတဲ့အထိ တင်းမာမှုတွေကိုမြင့်တက်စေပါတယ်။ ဘယ်လောက်အထိလဲဆိုရင် တစ်ဖက်နဲ့တစ်ဖက်က တစ်ဦးကိုတစ်ဦး ရန်သူတွေအဖြစ် မြင်လာတဲ့အထိပါပဲ။
ဒါပေမဲ့ ရန်ငြိုး၊ ပဋိပက္ခတွေဆိုတာက စစ်ပွဲကို မဖြစ်ပေါ်စေသမျှ ကာလပတ်လုံး အမုန်းတရားကို ချက်ချင်းကြီးဖြစ်ပေါ်စေတာမျိုး မဟုတ်ပါဘူး။
အမုန်းတရားဆိုတာက စစ်ပွဲနဲ့သေကျေ ဆုံးရှုံးမှုတွေကြောင့်သာ အစပျိုးလာတာပါ။ ဒါကြောင့် အဆုံးမရှိတဲ့ အမုန်းတရား သံသရာကြီးမှာ ငြိမ်းချမ်းရေးဆိုတာက အဖမ်းရခက်တဲ့ အိပ်မက်မျိုးပါပဲ။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီဆိုကတည်းက အမေရိကန်က ကမ္ဘာတစ်ဝန်းမှာ အရွယ်အစားမျိုးစုံရှိတဲ့၊ ပြင်းထန်မှုပမာဏ မျိုးစုံရှိတဲ့စစ်ပွဲကြီး ၁၃ ပွဲကိုဆင်နွှဲခဲ့ပါတယ်။ အဲဒီစစ်ပွဲကြီး ၁၃ ပွဲထဲကမှ စစ်ပွဲခုနစ်ပွဲဟာ အရှေ့အလယ်ပိုင်းမှာဖြစ်ပွားခဲ့တာပါ။
၂၀၀၁ ခုနှစ်မှာ အမေရိကန်က အာဖဂန်နစ္စတန်အပေါ် စစ်ပွဲဆင်နွှဲခဲ့ပါတယ်။ အဲဒီစစ်ပွဲက ၂၀၂၁ ခုနှစ် သြဂုတ်လအထိ ကြာမြင့်ခဲ့ပါတယ်။
၂၀၀၃ ခုနှစ် မတ်လမှာ အမေရိကန်တို့က သူတို့ရဲ့အမှန်တရားကိုဖုံးကွယ်ကာ အလိမ်အညာကို လုပ်ဇာတ်ခင်းပြီး တစ်ကမ္ဘာလုံးကို ဖြန့်ဖြူးခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်။
အဲဒီအလိမ်အညာကတော့ ဆက်ဒမ်ဟူစိန်တစ်ယောက် လူအစုလိုက်အပြုံလိုက်ကို သေဆုံးစေတဲ့ အဖျက်စွမ်းအားပြင်း လက်နက်များကို လျှို့ဝှက်သိမ်းဆည်း ထားတယ်ဆိုတာပါပဲ။
ဒီလိုအကြောင်းပြချက်နဲ့ အမေရိကန်ဟာ အီရတ်ကို စစ်ဆင်နွှဲခဲ့ပါတယ်။ နောက်ဆုံးမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ ရှာဖွေတဲ့အခါမှာတော့ သူတို့အီရတ်ကို စစ်ဆင်နွှဲရတဲ့ အကြောင်းရင်းဖြစ်တဲ့ အဖျက်စွမ်းအားပြင်း လက်နက်များကို အီရတ်နိုင်ငံရဲ့ဘယ်နေရာမှာမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါဘူး။
ဒါကြောင့် ဆက်ဒမ်ဟူစိန်က အဖျက်စွမ်းအားပြင်း လက်နက်များကို လျှို့ဝှက်သိမ်းဆည်း ထားတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ အမေရိကန်တို့ရဲ့ ကမ္ဘာကျော် အလိမ်အညာ တစ်ခုဖြစ်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ် နောက်ပိုင်းကစပြီး အမေရိကန်ဟာ ယီမင်၊ အီရတ်၊ လစ်ဗျားနဲ့ ဆီးရီးယားနိုင်ငံတို့မှာ စစ်ရေးနည်းလမ်းနဲ့ ကြားဝင်စွက်ဖက်ခြင်းအားဖြင့် အဲဒီနိုင်ငံတွေအပေါ် စစ်ဆင်နွှဲခဲ့ပြန်ပါတယ်။
လက်ရှိအချိန်မှာတော့ အရှေ့အလယ်ပိုင်းဒေသဟာ ရန်လိုမှုတွေ၊ အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ နေရာဖြစ်လာပါပြီ။
အဓိကက အနောက်အုပ်စုနဲ့ အစ္စလာမ်မစ် အဖွဲ့အစည်းများကြားက သမိုင်းကြောင်း အရဖြစ်တည်နေတဲ့ ပဋိပက္ခကြောင့်ပါပဲ။
အခုဆိုရင် ဂါဇာကမ်းမြောင်ဒေသ တစ်ခုလုံးဟာ စစ်မီးတွေ အလျှံညီးညီး တောက်လောင်နေပါပြီ။ ဒီလိုစစ်မီးတောက် လောင်မှုနဲ့အတူ အရှေ့အလယ်ပိုင်း ဒေသကလည်း အမျက်ဒေါသတွေနဲ့ တစ်ဖန်ပြန်လည် ပြည့်နှက်လာပါပြီ။
ဒီလိုအမျက်ဒေါသဟာ မြေပြင်မှာစစ်ဆင်တိုက်ခိုက်မှုတွေ တိုက်ရိုက် လုပ်ဆောင်နေတဲ့ အစ္စရေးအပေါ်ကိုသာမက အစ္စရေး လုပ်သမျှအမှန်ဆိုပြီး အမြဲတမ်းထောက်ခံ အားပေးနေတဲ့ အမာခံဘက်တော်သား အမေရိကန်အပေါ်ကိုပါ ကျရောက်စေမှာပါ။
အရှေ့အလယ်ပိုင်းမှာ ဖြန့်ကြက်ထားတဲ့ အမေရိကန်လေယာဉ်တင် သင်္ဘောများနဲ့ စစ်အခြေစိုက်စခန်းများဟာ လက်ရှိပဋိပက္ခမှာ မဖြစ်မနေ ပါဝင်ပတ်သက်လာရပါပြီ။ ဒါကြောင့်သူတို့ဟာ အမုန်းတရားတွေကို သယ်ဆောင်ဖြန့်ဝေသူ ဖြစ်မှန်းမသိဖြစ်လာရပါတယ်။
အမေရိကန်အနေနဲ့ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကို အားပေးထောက်ခံတာက တစ်ဖက်၊ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖြစ်ဆိုးကြီးကို လျော့ပါးစေဖို့လုပ်ဆောင်ရမှာက တစ်ဖက်တို့ကြားမှာ ဘယ်ဘက်ကိုရွေးမလဲဆိုတာ ယတိပြတ်မဆုံးဖြတ်နိုင်ပါဘူး။ အမေရိကန်နိုင်ငံရေး သမားများကလည်း အပစ်အခတ် ရပ်စဲရေးဆိုတဲ့စကားကို ယောင်လို့တောင်မှမဟရဲပါဘူး။
ဒါကြောင့် တစ်ဖက်ကဆိုရမယ်ဆိုရင် အမေရိကန်ဆိုတာ တခြားနိုင်ငံတွေကို “နိုင်ငံတကာစည်းမျဉ်းများနဲ့အညီ” ပြုမူဖို့ကိုသာ တောင်းဆိုလေ့ရှိပြီး ကုလသမဂ္ဂရဲ့ ပြဋ္ဌာန်းချက်များနဲ့ လုံးလုံးလျားလျား သွေဖည်နေတဲ့ အစ္စရေးတို့ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုမှာတော့ ရေငုံနှုတ်ပိတ်နေနေတာကိုတွေ့ရမှာပါ။
အမေရိကန်ဆိုတာ ကမ္ဘာပေါ်မှာ အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေဆဲနိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ အနေနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံဆိုတဲ့ဂုဏ်ပုဒ်နဲ့လိုက်လျောညီထွေမှုရှိစွာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကောင်းကောင်းမွန်မွန် ဖန်တီးနိုင်ခြင်း မရှိပါဘူး။ အထူးသဖြင့်တော့ ခေါင်းဆောင်မှုပိုင်းရဲ့ အားနည်းချက်ကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်တို့အနေနဲ့ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုက တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားလာခြင်းကြောင့်ဖြစ်လာမယ်လို့ သူတို့ယူဆထားတဲ့ ခြိမ်းခြောက်မှုထက် ပိုမိုကြီးမားနေတာကိုတွေ့ရပါတယ်။
တရုတ်နိုင်ငံနဲ့ တရုတ်နိုင်ငံရေးရာအပေါ် အပြည့်အဝနားလည်ခြင်း မရှိတဲ့ အမေရိကန်မဟာဗျူဟာ ရေးဆွဲသူများက တရုတ်နိုင်ငံက ကမ္ဘာ့ရေးရာမှာ အမေရိကန်ကိုအစားထိုးမယ် ဒါမှမဟုတ် အမေရိကန်ကို ကျော်တက်သွားမယ်ဆိုပြီး တွေးထားကြပါတယ်။
သူတို့အနေနဲ့ မေ့လျော့နေတာတစ်ခုကတော့ အစဉ်မပြတ်ဖြစ်ပေါ်နေတဲ့ အမုန်းတရားအတွက် အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင်များက လိမ်ညာနေတာဖြစ်ပြီး အဲဒီတစ်ချက်ကလည်း သူတို့ရဲ့ခေါင်းဆောင်မှုကို အမှန်တကယ် ထိခိုက်နစ်နာစေတယ် ဆိုတာပါပဲ။
အမေရိကန်တို့အနေနဲ့ သူတို့ရဲ့အာဏာကို ဆက်လက်တည်မြဲနေစေဖို့အတွက် သူတို့ရဲ့ခေတ်မီ တပ်မတော်အပေါ် လုံးလုံးလျားလျား မှီခိုနေရတာပါ။
ဒါပေမဲ့ ဘက်ပေါင်းစုံပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သူတို့ဖန်တီးပေးမယ်ဆိုတဲ့ ကတိကဝတ်ကိုတော့ ကောင်းစွာကျေပွန်နိုင်ခြင်း မရှိသေးပါဘူး။
ကတိတစ်ခုပေးပြီးပြီဆိုတာနဲ့ တည်ရမှာပါ။ ဒီလိုကတိတည်ဖို့ ဆိုရာမှာလည်း သတ်မှတ်စံနှုန်းတွေဆိုတာရှိပါတယ်။ သို့ပေမယ့် အမေရိကန်တို့ဟာ ပေးထားတဲ့ ကတိကို တည်လေ့မရှိတာကြောင့် အထူးသဖြင့် အရှေ့အလယ်ပိုင်း ဒေသရဲ့ပဋိပက္ခတွေ အဖန်တလဲလဲဖြစ်ပေါ်လာရပြီး အမုန်းတရားတွေကလည်း ပွားများသည်ထက် ပွားများလာရခြင်းဖြစ်ပါတယ်။
တရုတ်နိုင်ငံက ခါးပတ်ကွင်းနဲ့လမ်းကြောင်းဆိုတဲ့ နာမည်နဲ့ ကမ္ဘာ့နိုင်ငံများစွာပါဝင်တဲ့ စီးပွားရေးစင်္ကြံတစ်ရပ်ကို ဖော်ဆောင်နေပါတယ်။ အမေရိကန်က တရုတ်ကိုယှဉ်ပြိုင်ဖို့အတွက် ပိုးလမ်းမသစ်ဆိုတဲ့ စီမံကိန်းကို မိတ်ဆက်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အမေရိကန်တို့ရဲ့ ပိုးလမ်းမသစ်စီမံကိန်းဆိုတာ သူတို့ရဲ့ခေါင်းဆောင်မှု ခိုင်မာစေရေးနဲ့ ပြိုင်ဘက်များအပေါ် တုံ့ပြန်ရေးအတွက်သာ ရည်ရွယ်ထားတာပါ။ အဲဒီစီမံကိန်းထဲမှာ အားလုံးပါဝင်တဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖော်ဆောင်မယ့် အစီအစဉ်မရှိပါဘူး။
ဒါကြောင့် ပြန်ပြောရမယ်ဆိုရင် အမေရိကန်တို့ဟာ တရုတ်ရဲ့ကြီးထွားမှုကို သူတို့အတွက် ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ပြီး ယှဉ်ပြိုင်လျက်ရှိပါတယ်။
သို့သော်လည်း အမေရိကန်တို့အနေနဲ့ တရုတ်ထက် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ပိုပြီးစိုးရိမ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီပဋိပက္ခဟာ အမုန်းတရားများကိုသာ ပွားများစေတာဖြစ်ပြီး အဲဒီအမုန်းတရားဆိုတာကလည်း အမေရိကနဲ့ အမေရိကန်နိုင်ငံသားများရဲ့ အကျိုးစီးပွားအပေါ် အခြိမ်းခြောက်ဆုံးသော အကြောင်းရင်းဖြစ်နေတာကြောင့် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
ထက်မြတ်