လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ (၁၉၀)
ဆရာကြီးခင်ဗျာ။ ကျွန်တော့်မှာ ဝက်ခြံတွေ ထွက်နေပါတယ်။ အထူးသဖြင့် အိပ်ရေးပျက်တဲ့အခါ ပိုထွက်ပါတယ်။ တချို့ဝက်ခြံတွေက ပြည်မတည်ဘဲ အခဲကြီးဖြစ်နေတတ်ပါတယ်။ ကျွန်တော်က များသောအားဖြင့် ဝမ်းချုပ်လေ့ရှိပါတယ်။ ဝမ်းနုတ်ဆေးစားတဲ့အခါ ဝက်ခြံထွက်တာ အနည်းငယ် သက်သာပါတယ်။ ဝက်ခြံမထွက်အောင် ဘယ်လိုဆေးတွေ သုံးစွဲရမယ်ဆိုတာ ညွှန်ပြပေးပါခင်ဗျာ။
ဝက်ခြံထွက်တာက အသက် ၁၇ နှစ်ကနေ ၂၅ နှစ်အတွင်းမှာ အဖြစ်များပါတယ်။ လူပျိုပေါက်အရွယ်မှာ ဝက်ခြံထွက်တာ သဘာဝလို့ ပြောလို့ရပါတယ်။ လွန်လွန်ကဲကဲ ဝက်ခြံထွက်တဲ့သူတွေကတော့ အချိုအစားများတာ၊ အဆီနဲ့အသားတွဲတဲ့ ဝက်သား၊ ဝက်သားတုတ်ထိုးစတဲ့အစားအစာတွေကို ချဉ်ငန်စပ်အရသာနဲ့ တွဲပြီးစားသုံးတာ၊ ဓာတုဗေဒဆိုးဆေး၊ အနံ့၊ အရသာပါတဲ့ အသင့်စားအစားအစာတွေကို စားသုံးမှုများတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ တချို့ကတော့ မျိုးရိုးကြောင့် ဝက်ခြံထွက်တာလည်း ရှိပါတယ်။ ဝမ်းချုပ်ရင်လည်း ဝက်ခြံပိုထွက်ပါတယ်။ ဝက်ခြံထွက်သူတွေက တစ်ရက်ကို သုံးကြိမ်၊ လေးကြိမ် မျက်နှာသစ်ဆပ်ပြာနဲ့ မျက်နှာသစ်ပေးသင့်ပါတယ်။ မျက်နှာမှာ အဆီပြန်ပြီး ပြင်ပကဖုန်တွေနဲ့တွေ့တဲ့အခါ ချွေးပေါက်မှာ အဆီနဲ့ဖုန်ပိတ်ပြီး ဝက်ခြံအခဲကြီး ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အပြင်ထွက်ပြီး ပြန်လာတိုင်း မျက်နှာသစ်ပေးတာက မျက်နှာချွေးပေါက်ပိတ်တာကို ကာကွယ်ပေးသလို ဖြစ်စေပါတယ်။ ညအိပ်ရာဝင်ခါနီးရင် ကျောက်ပျဉ်ကိုရေသန့်နဲ့ဆေးပြီး သံပရာရည်အနည်းငယ်ညှစ်ချ၊ သနပ်ခါးကို သံပရာရည်နဲ့ ရောသွေးလိမ်းပေးပြီးအိပ်ရင် ဝက်ခြံတွေမပေါက်ဘဲ ပြုံခဲနေတာတွေ သက်သာစေနိုင်ပါတယ်။ ဝက်ခြံအဖုခဲနေပြီး ပြည်မပေါက်ရင် ဇာတိပ္ဖိုလ်သီးအဆန်ကို သွေးလိမ်းပေးရင် ဝက်ခြံပြည်ပေါက်ပါတယ်။ ဝက်ခြံညှစ်တဲ့အခါ လက်နဲ့မညှစ်ဘဲ အဝတ်စ ဒါမှမဟုတ် တစ်သျှူးနဲ့ညှစ်ပါ။ ဆား ဟင်းစားဇွန်းတစ်ဇွန်းကို ကြွေပန်းကန်လုံး အဝကျယ်ထဲထည့်ပြီး ရေနွေးလောင်းထည့်၊ ထွက်လာတဲ့ဆားရည်နွေးငွေ့နဲ့ မျက်နှာကို အငွေ့ဟပ်အောင် ရေနွေးငွေ့ခံပေးရင် ဝက်ခြံတွေပြည်မပေါက်ဘဲ ခဲနေတာသက်သာစေနိုင်ပါတယ်။ မန်ကျည်းမှည့်အနှစ် ၂၅ ကျပ်သား၊ ကြက်သွန်နီဥကြီး ၁၀ ကျပ်သား ရှားစောင်းလက်ပပ်အနှစ် ၂၅ ကျပ်သား၊ ဆားခါးလှော် ၅ ကျပ်သားအားလုံးကိုစုပြီး အိုးတစ်လုံးမှာ မီးနွေးနွေးနဲ့ ဖြည်းဖြည်းပုံမှန်ကျိုပါ။ အစေးကျပြီး လက်ကော်ရရင်ချပါ။ အအေးခံထားပြီး ဖန်ပုလင်းအဝကျယ်မှာ ထည့်ထားပါ။ မှိုမတက်အောင် အပေါ်ကနေ နှမ်းဆီလောင်းထည့်ထားပါ။ သုံးရက်၊ လေးရက် တစ်ကြိမ် နေရောင်ပြပေးပါ။ ပြီးရင် ပုံမှန်ညအိပ်ရာဝင်ချိန်မှာ ဟင်းစားဇွန်းတစ်ဇွန်းကနေ နှစ်ဇွန်းအထိစားပေးပါ။
ကျွန်မက အသက် ၂၄ နှစ်ရှိပါပြီ။ အလုပ်က အထိုင်များပါတယ်။
ကွန်ပျူတာလည်းသုံးရပါတယ်။ အစားအသောက်ကို နေ့ဘက်မှာ ဆိုင်ကဝယ်စားတဲ့အစာတွေ ဖြစ်သလိုစားရတာများပါတယ်။ ညဘက်အိမ်ပြန်ရောက်မှ ထမင်းကိုကောင်းကောင်းအဝစားရပါတယ်။ ညစာစားတာများလို့ တဖြည်းဖြည်း ကိုယ်အလေးချိန်တိုးပြီး ဝလာပါတယ်။ အလုပ်အသွားအပြန်ကလည်း ကားစီးရ၊ ရုံးမှာလည်း ကွန်ပျူတာနဲ့ တစ်နေကုန်ထိုင်ရတာကြောင့် လမ်းလျှောက်ချိန်လည်း မရှိပါဘူး။
ဝမ်းလည်းအနည်းငယ်ချုပ်ပါတယ်။ ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို ညွှန်ပြပေးစေလိုပါတယ်။
အထိုင်များတဲ့သူတွေ၊ ညစာအစားများတဲ့သူတွေမှာ ဝလာတာအဆန်းမဟုတ်ပါဘူး။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို မနက်စောစောအိပ်ရာထပြီး ပြုလုပ်ပေးတာက ဝတာ၊ အဆီတိုးတာကို ကာကွယ်နိုင်ပါတယ်။ မနက်စောစော အိပ်ရာထ၊ မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ ရေမချိုးမီ လေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ပစ္စည်းကိရိယာအကူမပါဘဲ ကိုယ်လက်လှုပ်ရှားမှုကို အလွတ်ပြုလုပ်တဲ့နည်းနဲ့ လမ်းလျှောက်စက်၊ အလေးမတဲ့ကိရိယာ၊ တစ်နေရာတည်း မရွေ့ဘဲစီးလို့ရတဲ့စက်ဘီး စတာတွေကို ဝယ်ယူထားပြီး လေ့ကျင့်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်တာကို အနည်းဆုံး နာရီဝက် အချိန်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်၊ ရေချိုးပြီးတာနဲ့ အားရှိတဲ့ အစားအစာကို နံနက်စာအဖြစ် စားသုံးပေးပါ။ အသား၊ အသီးအရွက်၊ ကြက်ဥ၊ နို့နဲ့ ထမင်းအနည်းငယ်ကို နံနက်စာအဖြစ် ပူပူနွေးနွေးစားသုံးတာက ကိုယ်ခံအားကောင်းစေပြီး အသားအရေကို ကြည်လင်စေပါတယ်။ ညစာစားတဲ့သူတွေကတော့ စားပြီးအိပ်တဲ့အတွက် အစာခြေအားနည်းပြီး အသားအရေကို ပွရောင်းစေပါတယ်။ အဆီတိုးစေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းကို တစ်ညလုံး အလုပ်ပေးထားတဲ့အတွက် ခန္ဓာကိုယ်ကို ညှဉ်းဆဲသလိုဖြစ်စေပါတယ်။ ညစာစားပြီး လမ်းမလျှောက်ရတဲ့အတွက် ဝမ်းလည်းချုပ်စေပါတယ်။ ဝမ်းချုပ်တာရဲ့ နောက်ဆက်တွဲအနေနဲ့ ခေါင်းကိုက်ရောဂါနဲ့ ဇက်ကြောတက်ရောဂါတွေ ဖြစ်လာတတ်ပါတယ်။ အဝလွန်တာ၊ အထိုင်များတာ၊ လမ်းလျှောက်နည်းတာ၊ အစားအသောက်စားသုံးမှုလွန်ကဲတာ၊ အဆီအအိမ့်၊ အချို
တွေစားသုံးမှုလွန်ကဲတာကြောင့် နောက်ဆက်တွဲရောဂါတွေ ဝင်မလာစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာပါ။
သံပရာသီးကိုထက်ခြမ်းခြမ်းပြီး အခွံပါရေနွေးစိမ်သောက်ရင် အဆီကျပြီး ပိန်စေနိုင်တယ်။
ရှောက်ရည်နဲ့ ပျားရည်ကိုစပ်ပြီး နေ့စဉ်သောက်သုံးပေးရင် အဆီကျပြီး ပိန်စေနိုင်ပါတယ်။
ရေနွေးအဖန်ရည်ကို ထမင်းစားပြီးတိုင်း သောက်ပေးရင် အဝလွန်တာကို ထိန်းနိုင်ပါတယ်။။
သက်ရင်းကြီးအရွက်နုကိုပြုတ်ပြီး အတို့အမြှုပ်ပြုလုပ်စားရင် ဝပြီးဝမ်းဗိုက်စူတာကို သက်သာစေနိုင်ပါတယ်။ ဝမ်းကိုလည်း မှန်စေတယ်။
ဝါးရွက် ဒါမှမဟုတ် ကြခတ်ဝါးရွက်ကိုပြုတ်ပြီး ပြုတ်ရည်မတ်ခွက်တစ်လုံးစာကို နေ့စဉ်သောက်ပေးရင် အဆီကျစေပြီး အဝလွန်တာကို ထိန်းပေးနိုင်တယ်။
ချင်းကိုထောင်းပြီး အရည်ညှစ်ယူ၊ ဟင်းစားဇွန်းတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းရောစပ်ပြီး ထမင်းစားပြီးတိုင်း သောက်ပေးရင် အစာကြေပြီး အဆီပိတ်တာကို ကာကွယ်စေနိုင်တယ်။
နနွင်းကို ပျားရည်နဲ့ရောပြီး ရွေးကြီးစေ့ခန့်လုံး၊ တစ်ရက်ကို နံနက်ည သုံးလုံးစီ စွဲသောက်ပေးရင် အဆီကျပြီး အဝလွန်တာကို ထိန်းပေးနိုင်တယ်။
ရှောက်ရည်သုံးဇွန်း၊ ပျားရည်တစ်ဇွန်း၊ ဆားခါးတစ်ဇွန်းရောစပ်ပြီး ရေအေးနဲ့ ညအိပ်ရာဝင်ချိန် သောက်ပေးရင် ဝမ်းမှန်ပြီး ဝမ်းဗိုက်စူတာ၊ အဝလွန်တာကို ထိန်းပေးနိုင်တယ်။
ဆရာကြီးခင်ဗျာ။ အကိုက်အခဲရောဂါဖြစ်နေပါတယ်။ မိုးအုံ့တဲ့အခါတွေဆိုရင် ပိုကိုက်ခဲပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကလည်း အစာအိမ်ကို ထိခိုက်မှာစိုးလို့ မသောက်ရဲပါဘူး။ မိုးအုံ့ရင် ခြေသလုံးတွေ ပိုပြီးကိုက်ခဲပါတယ်။ တချို့ကလည်း အသက် ၅၀ ကျော်ရင် ဒူလာရောဂါစွဲတတ်တယ်လို့ ပြောပါတယ်။ အကိုက်အခဲဖြစ်ရင် သက်သာစေမယ့် ဆေးနည်းပြောပြပေးစေလိုပါတယ်။
ကိုက်ခဲခြင်းမှာ ပူရင်ဖြစ်တဲ့ ကိုက်ခဲရောဂါနဲ့ အေးရင်ဖြစ်တဲ့ ကိုက်ခဲရောဂါ၊ အကြောတက်၊ ကျီးပေါင်းတက် ကိုက်ခဲတဲ့ရောဂါဆိုပြီး အမျိုးမျိုးရှိပါတယ်။ အကိုက်အခဲအတွက် သောက်ဆေးမပါဘဲ လိမ်းဆေးနဲ့ သက်သာစေနိုင်တဲ့ နည်းလမ်းတွေရှိသလို ဆေးသောက်မှ ပျောက်ကင်းတဲ့ အဆစ်ရောင်လေးဖက်နာမျိုးလည်း ရှိပါတယ်။ ကိုက်ခဲမှုဝေဒနာခံစားရတဲ့အခါ အောက်ပါဆေးနည်းတိုတွေကို သုံးစွဲပါ။
ချင်းခြောက်အမှုန့်နဲ့ လင်းနေအမှုန့်ကို နှစ်ဆ၊ တစ်ဆ ရောစပ်ပြီး ရေနွေးပူပူ ဒါမှမဟုတ် အရက်နဲ့ ဖျော်စပ်လိမ်းပါ။
မိဿလင်ဥအစို ဒါမှမဟုတ် အခြောက်မှုန့်ကို အဝတ်ပါးနဲ့ထုပ်ပြီး ရေနွေးငွေ့နဲ့ ကြပ်ထုပ်ထိုးပေးပါ။
ငရုတ်ကောင်း၊ ပိတ်ချင်း၊ ချင်းခြောက်သုံးမျိုးကို နှမ်းဆီ ဒါမှမဟုတ် မုန်ညင်းဆီနဲ့ ဆူအောင်ချက်ပြီးလိမ်းပေးရင် အေးတဲ့ရာသီမှာဖြစ်တဲ့ အကိုက်အခဲကို သက်သာစေတယ်။
တောင်တန်ကြီး၊ တောင်တန်ကတိုး၊ ကရမက်တို့ကိုသွေးပြီး လိမ်းပေးရင် ပူတဲ့ရာသီမှာဖြစ်တဲ့ အကိုက်အခဲကို သက်သာစေတယ်။
နနွင်းမှုန့်ကိုလှော်၊ ပျားရည်နဲ့ရောပြီး ရွေးကြီးစေ့ခန့်အလုံးပြုလုပ်ပြီး နံနက်ရောညပါ နှစ်လုံး၊ သုံးလုံး စားပေးပါ။ ဥတုပျက်လို့ဖြစ်တဲ့ အကိုက်အခဲရောဂါအမျိုးမျိုးကို သက်သာစေပါတယ်။
ဆေးအိုးပုတ်ပင်ကိုပြုတ်ပြီး အရည်ကို အကြမ်းပန်းကန်တစ်လုံးခန့် သောက်ပေးရင် အလုပ်ပင်ပန်းပြီးဖြစ်တဲ့ အညောင်းအကိုက်ရောဂါတွေကို သက်သာစေနိုင်ပါတယ်။
ကြည်လွင်မြင့်(မုဒြာ)