မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးအား လုံခြုံရေးဆောင်ရွက်ပေးနေသည့် ကန်တော်ယန် လုံခြုံရေးစခန်းအား KIA နှင့် ပူးပေါင်းအင်အားစုအဖွဲ့မှ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆက်သွယ်ရေး လမ်းကြောင်းအား တားဆီး ထိန်းချုပ်ရန် ဆောင်ရွက်လာသဖြင့် တပ်မတော်မှ

 

မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးအား လုံခြုံရေးဆောင်ရွက်ပေးနေသည့် ကန်တော်ယန် လုံခြုံရေးစခန်းအား KIA နှင့် ပူးပေါင်းအင်အားစုအဖွဲ့မှ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆက်သွယ်ရေး လမ်းကြောင်းအား တားဆီး ထိန်းချုပ်ရန် ဆောင်ရွက်လာသဖြင့် တပ်မတော်မှ လိုအပ်သည့် တုန့်ပြန်မှုများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ ၃၁ ရက်

KIA နှင့် ပူးပေါင်းအင်အားစုများအနေဖြင့် ယနေ့နံနက်ပိုင်းတွင် အများ ပြည်သူ အသုံးပြုလျက်ရှိသော မြစ်ကြီးနား-ဗန်းမော်  အဓိကဆက်သွယ်ရေး ကားလမ်းမကြီးအား လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် ကန်တော်ယန် တစ်ဝိုက်ရှိ လုံခြုံရေးအဖွဲ့အား အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ရယူ၍  ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

KIA နှင့်ပူးပေါင်းအင်အားစုများသည် အောက်တိုဘာ ၆ ရက်နေ့တွင်လည်း အဆိုပါ လမ်းကြောင်းပေါ်ရှိ လဲလုံလမ်းကြောင်း လုံခြုံရေးစခန်းအား ဝင်ရောက် တိုက်ခိုက် ခဲ့သဖြင့် တပ်မတော်အနေဖြင့် သက်ဆိုင်ရာ Peace – Talk Creation Group (PCG) မှတစ်ဆင့် ဆက်သွယ်၍ အများပြည်သူ အသုံးပြုသည့် အရေးကြီးသော ဆက်သွယ်ရေး လမ်းဖြစ်၍ အကြမ်းဖက်လုပ်ရပ်များ  ပြုလုပ်ခြင်းမပြုရန်နှင့်  ထပ်မံ၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လာပါက သည်းခံနိုင်စွမ်းကုန်ဆုံးပြီး သင့်လျော်သည့် တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ကြိမ်တိုင်တိုင်  အသိပေး အကြောင်းကြားခဲ့သည်။

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ရှေ့ရှုကာ ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်ကမ်းလှမ်း၍ တတ်နိုင်သရွှေ့ သည်းခံမှုများ ပြုလုပ်ခဲ့သော်လည်း KIA နှင့်ပူးပေါင်းအင်အားစုများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ အကြမ်းဖက် အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများနှင့် အချိန်ကိုက် အခွင့်အရေးယူကာ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်၏ တပ်စုအဆင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသော ကန်တော်ယန် လုံခြုံရေးစခန်းအား သာလွန်အင်အား အများအပြား အသုံးပြု၍ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြစ်ကြီးနား-ဗန်းမော်သွား ဆက်သွယ်ရေး လမ်းကြောင်းအား ပိတ်ဆို့ထိန်းချုပ်ရန် ဆောင်ရွက်လာခဲ့သည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ/စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ  ရရှိခဲ့သည်။

သို့ဖြစ်၍ တပ်မတော်အနေဖြင့် အမာခံသတင်းပေးများ၏ တိကျစွာ သတင်း ပေးပို့ချက်အရ ကြိုတင်သိရှိထားသော KIA အဖွဲ့၏ လက်နက်ထုတ်လုပ်သည့် နေရာ၊ ခဲယမ်းနှင့် မိုင်းများ ထုတ်လုပ်သည့် နေရာများနှင့် သိုလှောင်သည့်နေရာများ အား သင့်လျော်သည့် တုန့်ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရသည်။

အဆိုပါနေရာသည် နယ်စပ်နှင့် နီးကပ်သည့် နေရာဖြစ်၍ အိမ်နီးချင်းနိုင်ငံသို့ မလွှဲမသွေသာ ဆောင်ရွက်ရမည့်ကိစ္စရပ်အား ကြိုတင်အသိပေး ဆောင်ရွက် ခဲ့ခြင်းအပြင် ထိန်းထိန်းသိမ်းသိမ်းဖြင့် ကန့်သတ်တုန့်ပြန်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍လည်း ပြည်သူလူထုနှင့် ပတ်သက်၍ နှောင့်ယှက် ထိပါးစေသော အကြမ်းဖက်လုပ်ရပ်များ ထပ်မံဆောင်ရွက်လာပါက လိုအပ်သော ပြန်လည် တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။