တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရန် ထွက်ခွာ
နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၃၁
ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့နှင့်ကျန်းမာရေး ဝန်ကြီးဌာနနယ်လှည့်အထူးကု ဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄) ရေတပ်ဗောတံတားမှ ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေး ရောဂါ၊အရိုးရောဂါ၊ မျက်စိရောဂါ၊နား/နှာခေါင်း/လည်ချောင်းရောဂါ၊သွားရောဂါ၊ အထွေ ထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်းနှင့် ရောဂါဗေဒပါရဂူ များဖြင့် ရောဂါရှာဖွေစမ်းသပ် ကုသခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့ပြင်အရေးပေါ်အခြေအနေပေါ်ပေါက်ပါက ဆေးရုံတင်ကုသမှုများ ဆောင်ရွက် ပေးရန်အတွက် ဆေးရုံရေယာဉ်ပေါ်တွင် လူနာ ၃၀ ဦးအထိ တင်ဆောင်ကုသနိုင်သည့် ခွဲစိတ်ခန်း၊ သားဖွား/မီးယပ်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင်များ လည်းပါရှိကြောင်း သတင်းရရှိသည်။