(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော် အောက်တိုဘာ - ၃၁

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-II)၌ ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ အုပ်ချုပ်သူများ၊ နည်းပြများ နှင့်တာဝန်ရှိသူများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေး မှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အောက်တိုဘာ ၂၄ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ရည်ရွယ်ချက်၊ ဦးတည်ချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါကြာင်း၊ ယနေ့အခမ်းအနားကို တက်ရောက်လာကြသူအားလုံးက ကျရာတာဝန် ကို စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် စုပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် ပြိုင်ပွဲကြီး အောင်မြင်စွာပြီးဆုံးခြင်းနှင့်အတူ ယခုဂုဏ်ပြုညစာစားပွဲကို ကျင်းပ ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ပါကြောင်း။

မိမိတို့တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရိုးရာဓလေ့ထုံးစံနှင့် အနုသုခုမအပါအဝင် ယဉ်ကျေး မှုအမွေအနှစ်များ ပေါများကြွယ်ဝလှပါကြောင်း၊ မိမိတို့နိုင်ငံ၏သမိုင်းဖြစ်စဉ်အရ ဒီမြေ၊ ဒီရေပေါ်တွင် လူသားမျိုးနွယ်စတင်ခဲ့ခြင်းနှင့်အတူ ရေမြေဒေသသဘာဝကိုလိုက်ပြီး မတူခြားနားသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရုပ်ကြွင်းအထောက်အထားများ၊ လက်မှုအဆင်တန်ဆာများ၊ အဝတ်အထည်များ၊ အနုသုခုမဆိုင်ရာ အဆိုအကများ၊ တီးခတ်မှုနှင့်သက်ဆိုင်သည့် တူရိယာပစ္စည်းမျိုးစုံသည် ဆင့်ကဲဖြစ်စဉ်များနှင့်အတူ ဖြစ်ထွန်းတည်ရှိနေခဲ့ပြီးဖြစ်ပါကြောင်း၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း ပိုင်ဆိုင်ထားကြပြီးဖြစ်ပါကြောင်း။

သုခုမအနုပညာတွင် တူရိယာပစ္စည်းများ မည်သို့ပင်ကွဲပြားခြားနားသော် လည်း “ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်” ဆိုသည့် မြန်မာတို့၏တူရိယာငါးပါး အခြေခံမှာပင် တစ်စုတစ်စည်းတည်း ပါဝင်လျက်ရှိကြပါကြောင်း။

အကနှင့်ပတ်သက်ပြီး ကချင်မနောအက၊ ကယားတံခွန်တိုင်အက၊ ကရင်ဒုံးယိမ်း အက၊ ချင်းဝါးညှပ်အက၊ ဗမာအိုးစည်ဒိုးပတ်အက၊ မွန်ဟင်္သာမောင်နှံအက၊ ရခိုင် သျှုင်ဒိုင်အက၊ ရှမ်းကိန္နရီကိန္နရာအက အစရှိသဖြင့် ကွဲပြားခြားနားသယောင်ရှိကြ သော်လည်း “စည်းနှင့် ဝါး”ကို အခြေခံသည့် “ခေါင်း၊ ခါး၊ ခြေ၊ လက်” အစရှိသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို လှုပ်ရှားကပြခြင်းဆိုသည့် မြန်မာနိုင်ငံသားအားလုံးတို့ ၏ အကအခြေခံအတွင်းမှာပင် ဆင့်ပွားတည်ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်ဆိုသည်မှာ မြန်မာတစ်မျိုးသား လုံး ပိုင်ဆိုင်သည့် အဖိုးတန်ရတနာ ဘိုးဘွားအမွေအနှစ်၊ ဘိုးဘွားအမွေအစစ်များပင် ဖြစ်ပါကြောင်း။

အဆိုပါအဖိုးတန်ရတနာများကို သမိုင်းကြောင်းရှည်လျားစွာ တည်ရှိခဲ့သည့် အမျိုးသားရေးသွင်ပြင်လက္ခဏာအဖြစ် နိုင်ငံသားတိုင်းက ကမ္ဘာ့အလယ်တွင် ဂုဏ်ယူ ဝင့်ကြွားနိုင်ကြပါကြောင်း၊ထိုနည်းတူစွာ တိုင်းရင်းသားအချင်းချင်း သွေးစည်းချစ်ကြည် ရာတွင်လည်း ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်ရသည်မှာ လွယ်ကူသည့် အလုပ်မဟုတ်ကြောင်း၊ ရုပ်ရှင်၊ ဗွီဒီယို၊ အသံသွင်း စသည်တို့သည် မကြိုက်မချင်း ပြန်လည်ဆောင်ရွက်၍ ရသော်လည်း ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲသည် အရုပ်၊ အသံ လှုပ်ရှားမှုကို တိုက်ရိုက်ပြသ ဆောင်ရွက်ရခြင်းဖြစ်သဖြင့် လုံးဝ အမှားမခံပါကြောင်း၊ မှားယွင်းသည်နှင့် ဆုတံဆိပ် ရရှိရန် အခက်အခဲရှိသွားနိုင်သဖြင့် ပိုမိုလေးနက်မှုရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲဝင်အားလုံးကို အနုသုခုမပညာ မြင့်မားရေး အားကြိုးမာန်တက် ယှဉ်ပြိုင်မှုများအတွက် အထူးပင် အသိအမှတ်ပြုပါကြောင်း။

ယနေ့အချိန်ကာလတွင် နည်းပညာဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ အနောက် နိုင်ငံများအပါအဝင် တိုင်းတစ်ပါးယဉ်ကျေးမှုများသည် မိမိတို့နိုင်ငံငယ်များအပေါ် ထိုးဖောက်ဝင်ရောက်လာနေပါကြောင်း၊ မိမိတို့ နိုင်ငံသူနိုင်ငံသားများ၊ လူငယ်များ အနေဖြင့် အဆိုပါတိုင်းတစ်ပါးယဉ်ကျေးမှုများ အပေါ်တွင် နှစ်သက်မြတ်နိုးပြီး မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အလေးမထားဘဲ ပစ်ပယ်လာကြမည်ဆိုပါက အမျိုးသားရေး စိတ်ဓာတ်လျော့ပါးလာစေနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါအန္တရာယ် ဖြစ်မလာစေရန် တာဝန်ရှိသူများက ဘက်ပေါင်းစုံမှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက် သွားကြရန်လည်း အလေးအနက်ထား မှာကြားလိုပါကြောင်း။

သမ္ဘာရင့်၊ ဝါရင့်ပညာရှင်ကြီးများအပြင် မျိုးဆက်သစ်လူငယ်မောင်မယ်များ အနေဖြင့် ယခုပြိုင်ပွဲကြီးမှ ရရှိသည့်အောင်မြင်မှုများနှင့်အတူ အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အတူတကွပြိုင်ပွဲ ဝင်ခဲ့ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရေး၊ မိမိယဉ်ကျေးမှု မိမိဓလေ့ထုံးစံမှသည် မိမိနိုင်ငံနှင့် မိမိလူမျိုးတို့၏ နိုင်ငံသားများအပေါ် ချစ်ခင်မြတ်နိုးစိတ်များကို လက်ဆင့်ကမ်းသယ်ဆောင်သွား ကြရေးအတွက် ဆက်လက်ပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါဟု အလေးအနက် ထားပန်ကြားလိုကြောင်း ဖြင့်ပြောကြားသည်။

            ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဆိုအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်၊ အကအကဲဖြတ် လုပ်ငန်းအဖွဲ့ ကိုယ်စား ဥက္ကဋ္ဌ ဦးအောင်တင်ဝင်း၊ အရေးအကဲဖြတ်လုပ်ငန်းအဖွဲ့ ကိုယ်စား ဥက္ကဋ္ဌ ဦးမောင်မောင်လတ် နှင့် အတီးအကဲဖြတ်လုပ်ငန်းအဖွဲ့ ကိုယ်စား ဥက္ကဋ္ဌ ဦးအောင်ကိန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများနှင့် အခမ်း အနားမှူးများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။

            ထို့နောက် အကဲဖြတ်ပညာရှင် မြင်းမူမောင်နိုင်မိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

            ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဂုဏ်ပြုညစာကို အတူတကွ သုံး ဆောင်ကြသည်။

            ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆို၊ တီးမှုတ်၊ ကပြဖျော်ဖြေကြသည်။

            ဂုဏ်ပြု ညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က အခမ်းအနား တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

            (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသား ရေး လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ မျိုးဆက်သစ် လူငယ်များ အကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်း နှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်း ကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးစသည့် ဦးတည်ချက် (၄)ရပ် ဖြင့် ကျင်းပခြင်းခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အင်အား ၂၃၀၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။