၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၁
၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (C)၌ ကျင်းပခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။
ယနေ့ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များတွင် ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၃ ပွဲ ၂ ပွဲဖြင့် လည်းကောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၃ ပွဲ ၁ ပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိကြသည်။
နိုဝင်ဘာလ၂ ရက် နံနက် ၈ နာရီမှစ၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး) ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းနှင့် နေပြည်တော်ကောင်စီ နယ်မြေအသင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်သည်။