မလေးရှားစူပါ-၁၀၀ ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာက စင်ကာပူ ကြက်တောင်မယ်ကို အနိုင်ရရှိ

မလေးရှားစူပါ-၁၀၀ ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာက စင်ကာပူ ကြက်တောင်မယ်ကို အနိုင်ရရှိ

 

ရန်ကုန်  နိုဝင်ဘာ  ၁

    မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပလျက်ရှိသည့်  မလေးရှားစူပါ-၁၀၀ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ  ၃၂ ဦး  ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ကစားခဲ့သည့်  မြန်မာကြက်တောင်မယ် သက်ထားသူဇာနှင့် စင်ကာပူကြက်တောင်မယ် အင်ဆာရီရက်ခမ်းတို့ ပွဲစဉ်တွင် သက်ထားသူဇာက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ၁၆ ဦးရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

မလေးရှားစူပါ-၁၀၀ ကြက်တောင်ပြိုင်ပွဲတွင်  ကမ္ဘာ့အဆင့် ၁၀၄ နေရာတွင် ရပ်တည်နေသည့် အင်ဆာရီရက်ခမ်းသည်   လက်ရည်စစ်အဆင့်မှ   ၃၂ ဦး ရှုံးထွက်အဆင့်သို့ တက်ရောက်လာခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့အဆင့် ၄၀ နေရာတွင် ရပ်တည်နေသည့်သက်ထားသူဇာက ၃၂ ဦးရှုံးထွက်အဆင့်မှ စတင်ကစားခဲ့ရခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် သက်ထားသူဇာက အင်ဆာရီရက်ခမ်းကို လက်ရည်အသာစီးဖြင့်   ဖိအားပေး ကစားနိုင်ခဲ့သော်လည်း အင်ဆာရီရက်ခမ်းကလည်း အကောင်းဆုံး ပြန်လည်တုံ့ပြန်ကစားနိုင်ခဲ့ပြီး ပထမပွဲငယ်တွင် ၂၁ မှတ် ၁၉ မှတ်ဖြင့် အမှတ်ကွာဟမှုမရှိခဲ့ဘဲ သက်ထားသူဇာက အနိုင်ရရှိခဲ့ကာ ဒုတိယပွဲငယ်တွင် ၂၁ မှတ် ၁၆ မှတ်ဖြင့် သက်ထားသူဇာက ထပ်မံအနိုင်ရရှိခဲ့သည့်အတွက် နှစ်ပွဲပြတ်ဖြင့်အနိုင်ရရှိခဲ့ပြီး ၁၆ ဦးရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မလေးရှားစူပါ-၁၀၀ ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦး ရှုံးထွက်အဆင့် ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂ ရက်တွင် သက်ထားသူဇာသည် ကမ္ဘာ့အဆင့် ၂၁၇ နေရာတွင်ရပ်တည်နေသည့် ဗီယက်နမ်ကြက်တောင်မယ် သီထရန်နှင့် ဆက်လက် ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။