ရဲဘော်ရဲဘက်ကောင်းဖြစ်တဲ့ MiG-21တို့နေရာမှာ မျိုးဆက်သစ်များနဲ့အစားထိုးလာတဲ့ အိန္ဒိယလေတပ်
အိန္ဒိယတပ်မတော်ကတော့ သူတို့ရဲ့လေတပ်ကို တဖြည်းဖြည်းနဲ့ အဆင့်မြှင့်တင်လာလိုက်တာ အခုဆိုရင် ဆိုဗီယက်ခေတ် တိုက်လေယာဉ်များနေရာမှာ ရုရှားထုတ် ဆူခွိုင်းတိုက်လေယာဉ်များနဲ့ အစားထိုးလာတဲ့အထိပါပဲ။
အိန္ဒိယလေတပ်မှ အမှတ်(၄) MiG-21 Bison တိုက်လေယာဉ်အုပ်မှ တိုက်လေယာဉ်များဟာ သူတို့ရဲ့နောက်ဆုံး ပျံသန်းမှုကို ရာဂျက်စသန်ပြည်နယ်ရှိ လေတပ်စခန်းတစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။
အမှတ်(၄) တိုက်လေယာဉ်အုပ်မှာ အသုံးပြုလျက်ရှိတဲ့ MiG-21 Bison တိုက်လေယာဉ်များက ၁၉၆၆ ခုနှစ်ကတည်းက အဲဒီနေရာမှာ အခြေစိုက်ပြီး စစ်ဆင်ရေးပေါင်းများစွာကို ပါဝင်ဆင်နွှဲခဲ့တာပါ။
ဒါပေမဲ့ အခုအချိန်ကစလို့ အမှတ်(၄)တိုက်လေယာဉ်အုပ်ဟာ ဆိုဗီယက်ခေတ် MiG-21 Bison များအစား ရုရှားနိုင်ငံထုတ် Su-30 MKI တိုက်လေယာဉ်များအသုံးပြုပြီး စစ်ဆင်ရေးကိုဆောင်ရွက်သွားရတော့မှာဖြစ်တယ်လို့ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အခုအနားပေးလိုက်ပြီဖြစ်တဲ့ MiG-21 တိုက်လေယာဉ်များဟာ လက်ရှိအချိန်မှာ သက်တမ်းအရ အနားပေးလိုက်ရပေမယ့်လည်း တစ်ခေတ်တစ်ခါတုန်းက တည်ဆောက်ခဲ့သမျှ တိုက်လေယာဉ်တွေထဲမှာ အဆင့်အမြင့်ဆုံး MiG-21 တိုက် လေယာဉ်တွေဖြစ်ပါတယ်။
“ဒီအချိန်မှာတော့ တာဝန်ကနေ အနားယူတော့မယ့် MiG-21 Bison တိုက်လေယာဉ်များဟာ နောက်ဆုံးအနေနဲ့ ရာဂျက်စသန်ပြည်နယ်ရဲ့ ဘာမာခရိုင်ရှိ အွတ်တာလေး ကောင်းကင်ယံထက်မှာ ပျံသန်းခဲ့ပြီးပါပြီ။
တာဝန်ကိုလက်လွှဲရယူမယ့် Su-30 MKI တိုက်လေယာဉ်များကလည်း သူတို့နဲ့အတူ ကောင်းကင်ယံထက်မှာ မိတ်ဆက်ပျံသန်းခဲ့ပါပြီ” လို့ အိန္ဒိယလေတပ်မှ ပြောရေးဆိုခွင့်ရှိသူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အိန္ဒိယလေတပ်က MiG-21 တိုက်လေယာဉ်များကို ၁၉၆၃ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့တာပါ။ အဲဒီလေယာဉ်များဟာ အိန္ဒိယလေတပ်ရဲ့ ပထမဆုံးအသံထက်မြန် တိုက်လေယာဉ်များလို့ဆိုရင်လည်း မမှားပါဘူး။
အဲဒီအချိန်ကနေစလို့ ယခုအချိန်အထိ အိန္ဒိယနိုင်ငံပါဝင်တဲ့ ဘယ်လိုပဋိပက္ခမျိုးမှာမဆို ပါဝင်ပြီး တာဝန်တွေကိုကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာတော့ အိန္ဒိယလေတပ်က MiG-21 တိုက်လေယာဉ်အုပ် နှစ်အုပ်ကို ဆက်လက်အသုံးပြုနေဆဲ ဖြစ်တာကိုတွေ့ရပါတယ်။
ဒါပေမဲ့လည်း ၂၀၂၅ ခုနှစ်အရောက်မှာတော့ အဲဒီတိုက်လေယာဉ်အုပ် နှစ်အုပ်စလုံးကို တခြားအဆင့်မြင့် တိုက်လေယာဉ်များနဲ့ အစားထိုးသွားမှာပါ။ အဲဒီတိုက်လေယာဉ်အုပ် တစ်အုပ်စီမှာ MiG-21 တိုက်လေယာဉ် ၁၆ စင်းနဲ့ ၁၈ စင်းစီ အသီးသီးရှိပါတယ်။
ပြီးခဲ့တဲ့လတုန်းက အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနက ကာကွယ်ရေးပစ္စည်း ဝယ်ယူမှုအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကို ခွင့်ပြုပေးလိုက်ပါတယ်။
အဲဒီထဲမှာ ဟင်ဒူစတန်လေကြောင်း နည်းပညာကုမ္ပဏီက ထုတ်လုပ်မယ့် Su-30 MKI အမျိုးအစားတိုက်လေယာဉ် ၁၂ စင်းအပါအဝင် အမျိုးမျိုးသော စစ်လက်နက်ပစ္စည်းများ ဝယ်ယူမှုပါဝင်ပါတယ်။
အခုဝယ်ယူထားတဲ့ တိုက်လေယာဉ်တွေက အိန္ဒိယလေတပ်က အသုံးပြုတဲ့ Su-30 MKI များအနက် အဆင့်အမြင့်ဆုံး တိုက်လေယာဉ်များ ဖြစ်လာမယ်လို့ ကာကွယ်ရေးဝန်ကြီးမှ တာဝန်ရှိသူများက ပြောထားပါတယ်။
ဒါ့အပြင် ဟင်ဒူစတန်လေကြောင်း နည်းပညာကုမ္ပဏီကနေ ဝယ်ယူမယ့် တိုက်လေယာဉ်တွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းများအနက် ၆၀ ရာခိုင်နှုန်းကို ပြည်တွင်းထုတ်ပစ္စည်းများနဲ့ အသုံးပြုသွားဦးမှာပါ။
“အခုလိုမျိုး လုပ်ဆောင်လာတဲ့ ပြောင်းလဲမှုများဟာ တပ်ဖွဲ့ကို အဆင့်မြှင့်တင်သွားမယ်ဆိုတဲ့ အိန္ဒိယလေတပ်ရဲ့ ကတိစကားကို မဆုတ်မနစ် အကောင်အထည်ဖော်မှုကို ပြသနေတဲ့အပြင် တစ်ချိန်တည်းမှာပဲ နိုင်ငံရဲ့ကောင်းကင်ယံကိုလည်း ကာကွယ်နေတာဖြစ်ပါတယ်” လို့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယလေတပ်အနေနဲ့ MiG-21 တိုက်လေယာဉ်များ အသုံးပြုမှုကို တဖြည်းဖြည်းလျှော့ချသွားစဉ် ကာလအတွင်း ပြည်တွင်းဖြစ်အပေါ့စား တိုက်ခိုက်ရေး လေယာဉ်ဖြစ်တဲ့ MK1A တိုက်လေယာဉ်များကို အသုံးပြုသွားမှာပါ။
တစ်နည်းဆိုရရင် လျှော့ချလိုက်တဲ့ MiG-21 တိုက်လေယာဉ်များနေရာမှာ တခြားအဆင့်မြင့် တိုက်လေယာဉ်များ မဝင်လာမီ MK1A တိုက်လေယာဉ်များနဲ့ ခေတ္တအစားထိုးသွားမယ့် အနေအထားဖြစ်ပါတယ်။
အိန္ဒိယလေတပ်က MK1A တိုက်လေယာဉ်များကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေစပြီး နောက်ပိုင်းတောက်လျှောက် လက်ခံရရှိသွားမှာပါ။
MiG-21 ရဲ့သမိုင်းကြောင်းကို ပြန်ပြောရမယ်ဆိုရင်ဖြင့် သူတို့ကို မီကိုယန်ဒီဇိုင်းဗျူရိုက ၁၉၅၀ ပြည့်နှစ်အလွန်ကာလ များမှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့စံချိန်နဲ့ပြန်ကြည့်မယ်ဆိုရင်လည်း MiG-21 တိုက်လေယာဉ်များဟာ ကမ္ဘာပေါ်မှာ ထုတ်လုပ်မှုအများဆုံး တိုက်လေယာဉ်များ ဖြစ်တာကိုတွေ့ရမှာပါ။
အိန္ဒိယလေတပ်အနေနဲ့ကတော့ MiG-21 တိုက်လေယာဉ်များကို ၁၉၆၃ ခုနှစ်မှာစတင် လက်ခံရရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်ကနေစပြီး အခုအချိန်အထိ MiG-21 တိုက်လေယာဉ် ၈၇၄ စင်းအထိကို အသုံးပြုခဲ့ပါတယ်။
MiG-21 တိုက်လေယာဉ်များဟာ အထူးသဖြင့် အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခများမှာပါဝင်ခဲ့တာပါ။ ၂၀၁၉ ခုနှစ်တုန်းက တိုက်လေယာဉ်အုပ်မှူး အဘီနန်ဒန်ဗာသာမန်က ပါကစ္စတန်တို့ရဲ့ F-16 တိုက်လေယာဉ်ကို လေယာဉ်စီးချင်းထိုးမှုမှာ ပစ်ချနိုင်ခဲ့ပါတယ်။
ဒါကြောင့် ပြောရမယ်ဆိုရင် MiG-21 ဆိုတာ အိန္ဒိယတို့ရဲ့ ရဲဘော်ရဲဘက်ကောင်းကြီး တစ်ဦးဖြစ်ပါတယ်။ ဘယ်လိုပင် ရဲဘော်ရဲဘက်ကောင်းဖြစ်ပါစေ အချိန်တန်ရင်တော့ အနားပေးရမယ်ဆိုတဲ့ ဥပဒေသအတိုင်း ဒီအချိန်မှာ အနားယူသွားပါပြီ။
သူ့နေရာကိုဆက်ခံလာတဲ့ Su-30 MKI တွေအနေနဲ့ MiG-21 ထက်ပိုတဲ့စွမ်းဆောင်ရည်မျိုးနဲ့ စစ်ဆင်ရေးတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားနိုင်မလားဆိုတာတော့ ရေရှည်အချိန်တစ်ခုကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ထက်မြတ်