ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း
ကင်ဆာရောဂါများကုသရာတွင် အမျိုးမျိုးသော ဆေးပညာရပ်ကုထုံး များရှိသည့်အနက် ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းသည် ပိုမိုကောင်းမွန်ဆန်းသစ်သည့် ဆေးဘက်ဆိုင်ရာလုပ်ငန်းစဉ်တစ်ခု ဖြစ်လာသည်။
ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းကို ပင်မဆဲလ်အစားထိုးကုသခြင်း (Stem Cell Transplantation) ဟုလည်း ခေါ်ဆိုကြသည်။ ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းကို ၁၉၃၉ ခုနှစ်တွင် ရိုးတွင်းခြင်ဆီခန်း ခြောက်သည့် ရောဂါခံစားနေရသောလူနာအား ကုသရာတွင် စတင်အသုံးပြုခဲ့သည်။ ၁၉၅၆ ခုနှစ်က သွေးကင်ဆာများ ကုသရာ၌ အသုံးပြုနိုင်ရန် ကြွက်များတွင် စမ်းသပ်သုတေသနပြု ဆောင်ရွက်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ပထမဆုံးအဖြစ် ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းကို အောင်မြင်စွာ ကုသနိုင်ခဲ့သည်။
ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းမစတင်မီ ရိုးတွင်းခြင်ဆီအကြောင်း သိရှိရန်လိုအပ်သည်။ ရိုးတွင်းခြင်ဆီ ဆိုသည်မှာ အရိုးများအတွင်းမှ ရေမြှုပ်ကဲ့သို့ ပွရောင်းနူးညံ့သည့်အစိတ်အပိုင်းဖြစ်ကာ ပင်မဆဲလ်များ၊ အမျှင်များ၊ ပါးလွှာတစ်သျှူးများနှင့် အဆီဆဲလ်တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်း ထားသည်။ ရိုးတွင်းခြင်ဆီ အတွင်းတွင်ရှိသော ပင်မဆဲလ်များသည် အဆင့်ဆင့်ပြောင်းလဲလာကြပြီး ကိုယ်ခန္ဓာအတွက်လိုအပ်သည့် သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှားများ ဖြစ်ပေါ်စေသည်။ ရိုးတွင်းခြင်ဆီ၏အဓိက လုပ်ငန်းဆောင်တာသည် သွေးဆဲလ်များ ထုတ်လုပ်ရန်ဖြစ်သည်။ ထို့ကြောင့် ရိုးတွင်းခြင်ဆီအတွင်းတွင် မရင့်ကျက်သေးသော သွေးဆဲလ်များမှ ရင့်ကျက်ပြီးသွေးဆဲလ်များအထိ ဖွံ့ဖြိုးမှုအဆင့်ဆင့် သွေးဆဲလ်များ ရှိကြသည်။ ပင်မဆဲလ်များ၏ထူးခြားချက်မှာ ထိုဆဲလ်မှတစ်ဆင့် တခြား ပင်မဆဲလ်များထပ်ဆင့်ပွားနိုင်သည့်အပြင် ခန္ဓာကိုယ်အတွက်လိုအပ်သည့် ဆဲလ်များအဖြစ်သို့လည်း ပြောင်းလဲပေးနိုင်သည်။ ပင်မဆဲလ်တစ်ခုသည် ဆဲလ်အမျိုးအစား ၃၀၀ ခန့်အထိ ပြောင်းလဲနိုင်သည်။ ပင်မဆဲလ်အား ရိုးတွင်းခြင်ဆီအတွင်းမှ ထုတ်ယူနိုင်သည့်အပြင် သွေးကြောနှင့်ချက်ကြိုးတို့မှတစ်ဆင့်လည်း ထုတ်ယူနိုင်သည်။ ထုတ်ယူသည့်နေရာပေါ် မူတည်ကာ အားသာချက်နှင့်အားနည်းချက်များရှိသည်။ ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းကို အောက်ဖော်ပြပါ ရောဂါများတွင် ကုသပေးလျက်ရှိသည်။
သွေးကင်ဆာရောဂါ
ရိုးတွင်းခြင်ဆီကင်ဆာ
ပြန်ရည်အကျိတ်ကင်ဆာ
ရိုးတွင်းခြင်ဆီ ခန်းခြောက်ရောဂါ
မွေးရာပါသွေးအားနည်းရောဂါ
မွေးရာပါသွေးနီဥများပုံစံမမှန်သောကြောင့်ဖြစ်သော သွေးအား နည်းရောဂါ
ကိုယ်ခံအားစနစ်ကြောင့်ဖြစ်သောရောဂါများ
သွေးကင်ဆာလူနာများတွင် ရိုးတွင်းခြင်ဆီအတွင်းမှ ပင်မဆဲလ်များ၏လုပ်ဆောင်မှုသည် မျိုးရိုးဗီဇများ ပြောင်းလဲမှုတို့ကြောင့် ပင်မဆဲလ်မှ အဆင့်ဆင့်သော သွေးဆဲလ်များကြီးထွားလာသည့်စနစ် ချို့ယွင်းလာခဲ့ ကာ အရွယ်မရောက်သေးသော သွေးဆဲလ်များသာဖြစ်ပေါ်လာသည်။
ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းတွင် နည်းလမ်းအားဖြင့် နှစ်မျိုး ရှိသည်-
(၁) Autologous အစားထိုးကုသနည်း
အဆိုပါ ကုသနည်းတွင် လူနာ၏ရိုးတွင်းခြင်ဆီမှ ပင်မဆဲလ် သို့မဟုတ် သွေးအတွင်းမှ ကျန်းမာသော ပင်မဆဲလ်များကို စနစ်တကျထုတ်ယူပြီး အအေးခံခြင်းဖြင့် ဂရုတစိုက်သိမ်းဆည်းထားရမည်ဖြစ်သည်။ ထို့နောက်လူနာအား ဓာတုကုထုံးဖြင့်ကုသပေးပြီးမှ သိမ်းဆည်းထားသော ပင်မဆဲလ်များအား လူနာ၏ သွေးကြောထဲသို့ ပြန်လည်သွင်းပေးပြီး ရိုးတွင်းခြင်ဆီအတွင်းသို့ ပြန်လည်ရောက်ရှိစေကာ ထိုမှတစ်ဆင့် ကျန်းမာသော သွေးဆဲလ်များ ထပ်မံထုတ်လုပ်နိုင်မည်ဖြစ်သည်။
(၂) Allogeneic အစားထိုးကုသနည်း
အဆိုပါကုသနည်းတွင် ရိုးတွင်းခြင်ဆီအလှူရှင်ထံမှ ကျန်းမာသော ပင်မဆဲလ်ကိုထုတ်ယူပြီး ကုသမှုခံယူမည့် လူနာအား အစားထိုးကုသခြင်း ဖြစ်သည်။ အလှူရှင်သည် မျိုးရိုးဗီဇတူ အမြွှာမွေးချင်းများမှလည်း ရရှိနိုင်သကဲ့သို့ တခြားမျိုးရိုးဗီဇဆင်တူသော အလှူရှင်များထံမှလည်း ရရှိနိုင်သည်။ ဗူူသါနညနငခ အစားထိုး ကုသနည်းတွင် လူနာနှင့် အလှူရှင်တို့၏ မျိုးရိုးဗီဇကိုက်ညီမှုကို စစ်ဆေးရန် အထူးပင်အရေးကြီးသည်။ မျိုးရိုးဗီဇကိုက်ညီမှုမရှိလျှင် အစားထိုးကုသထားသော ပင်မဆဲလ်များအား လူနာ၏ခုခံအားစနစ်က တိုက်ခိုက်သောကြောင့် အစားထိုးကုသမှု အောင်မြင်မည်မဟုတ်ပေ။ ထို့ကြောင့် မျိုးရိုးဗီဇ တိုက်ဆိုင်စစ်ဆေးခြင်း (HLA Typing) အား အစားထိုးကုသမှု မပြုလုပ်မီ စစ်ဆေးရမည်ဖြစ်သည်။
ရိုးတွင်းခြင်ဆီအစားထိုးမကုသမီ လူနာ၏ နှလုံး၊ အဆုတ်၊ ကျောက်ကပ်နှင့် တခြားအရေးကြီးသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ငန်းဆောင်တာ အခြေအနေကို ကြိုတင်စစ်ဆေးထားရန် လိုအပ်သည်။
ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းတွင် အဆင့်တိုင်းသည် အရေးကြီးပေသည်။ ပင်မဆဲလ်စတင် ထုတ်ယူသည့် အဆင့်မှစ၍ အစားထိုးကုသပြီးသည်အထိ လူနာအား အထူးကြပ်မတ်ဂရုပြုကုသမှု ပေးရမည့်အပြင် တခြားသောလိုအပ်သည့် စစ်ဆေးမှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ စစ်ဆေးနိုင်ရမည်ဖြစ်သည်။ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုအောင်မြင်စေရန် ကျွမ်းကျင်သောဆေးဘက်ဆိုင်ရာအဖွဲ့လိုအပ်သည်။ ကောင်းမွန်သော ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းအစီအစဉ်တွင် လူနာနှင့်မိသားစုဝင်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ ထောက်ပံ့မှုများပေးအပ် ရန်လိုအပ်သည်။
ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းအဆင့်များမှာ -
(၁) အလှူရှင်ရွေးချယ်ခြင်း
ပင်မဆဲလ်အလှူရှင်သည် ကျန်းမာရေးကောင်းမွန်ရမည့်အပြင် ကူးစက် ရောဂါများဖြစ်သည့် ခုခံအား ကျဆင်းရောဂါပိုး (HIV)၊ အသည်းရောင် အသားဝါဘီပိုးနှင့်စီပိုး (HBV,HCV)၊ ငှက်ဖျားရောဂါပိုး ၊ ကာလသား ရောဂါ(Syphilis)၊ Cytomegalovirus (CMV)၊ Human T-cell Lymphotropic Virus (HTLV) စသည့် ဗိုင်းရပ်စ်ရောဂါပိုးများလည်း ကင်းစင်ရမည်ဖြစ်သည်။ ထို့ပြင် အလှူရှင်နှင့်လူနာသည်လည်း မျိုးရိုးဗီဇ ကိုက်ညီခြင်း ရှိရမည် ဖြစ်သည်။
အချက်အလက်များ ကိုက်ညီသည့် ပင်မဆဲလ်များအား ထုတ်ယူပြီးသည်နှင့် အေးခဲထားရမည်။ အစားထိုး ကုသမည့်နေ့အထိ အပူချိန် အနုတ် ၈၀ မှ အနုတ် ၁၉၆ ဒီဂရီစင်တီဂရိတ်အတွင်း သိမ်းဆည်းထား ရမည်။ Autologous အစားထိုးကုသနည်းဖြင့် ကုသမည့်လူနာသည် ခန္ဓာကိုယ်အတွင်းမှ ပင်မဆဲလ်အား ကြိုတင်ထုတ်ယူပြီးမှသာလျှင် Conditioning အဆင့်ကို ဆက်လက်ခံယူရမည်ဖြစ်သည်။
(၂) Conditioning အဆင့်
ပင်မဆဲလ်များအစားထိုးမသွင်းမီ လူနာသည် ဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးများကို ခံယူရသည်။ ထိုမှသာ လူနာ၏ကင်ဆာဆဲလ်များ တိုက်ဖျက်ထားပြီး အစားထိုးမည့်ပင်မဆဲလ်များအတွက် ခြင်ဆီအသစ် နေရာ ပြင်ဆင်နိုင်မည်ဖြစ်သည်။ ဤအဆင့်သည် လူနာ၏ရောဂါ အခြေအနေ၊ ကုသမည့် နည်းစနစ်များ ပေါ်မူတည်ကာ ငါးရက်မှ ၁၀ရက်အတွင်းရှိနိုင်သည်။
(၃) ပင်မဆဲလ်အစားထိုးသွင်းခြင်း
လူနာ၏သွေးကြောအတွင်းသို့ ပင်မဆဲလ်များကို Central Vein မှတစ်ဆင့် အချိန်ကြာမြင့်စွာ သွင်းပေးရသည်။ သွေးသွင်းကုသခြင်းကဲ့ သို့ပင်ဖြစ်ပြီး လူနာ၏အခန်းတွင်းတွင်သာ ပြုလုပ်နိုင်သည်။ ပင်မဆဲလ်သွင်းပေးနေစဉ် လူနာအား အရေးကြီးသည့်လက္ခဏာများဖြစ်သော အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း ဖြစ်၊ မဖြစ် မကြာခဏစစ်ဆေးရမည်။ လူနာ၏သွေးပေါင်ချိန်၊ သွေးခုန်နှုန်း စသည့် Vital signs ကို အမြဲစောင့်ကြည့်ရမည်။
(၄) ခြင်ဆီအသစ်ဖြစ်ပေါ်ခြင်း (Engraftment)
Engraftment သည် လူနာ၏ရိုးတွင်းခြင်ဆီတွင် အစားထိုးကုသထားသည့် ပင်မဆဲလ်များသည် သွေးဆဲလ်အသစ်များ စတင်ထုတ်လုပ်သည့်လုပ်ငန်းစဉ်ဖြစ်သည်။ ပင်မဆဲလ်အစားထိုးကုသပြီး ရက်သတ္တ နှစ်ပတ်မှ လေးပတ်အတွင်းသည် အရေးကြီးဆုံးကာလဖြစ်သည်။ ရောဂါ ပိုးမွှားများကူးစက်ဝင်ရောက်ရန်နှင့် သွေးထွက်ရန် လွန်စွာလွယ်ကူသောကြောင့် ပိုးသတ်ဆေးများဖြင့်ကုသခြင်း၊ သွေးနှင့်ဆက်စပ်ပစ္စည်းများ ပေးသွင်းကုသခြင်းများ ပြုလုပ်ရသည်။ လူနာများ၏ခုခံအားစနစ်သည် ခြင်ဆီအသစ်လဲလှယ်ထားခြင်းကြောင့် အားနည်းနေတတ်ပြီး ရောဂါကူးစက်မှုနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခံစားရနိုင်ခြေ ရှိသည်။ထို့ကြောင့် လူနာများအား အကာအကွယ်ပေးထားသော ပတ်ဝန်းကျင်တွင် ထားလေ့ရှိပြီး လူနာအခန်းတွင်း အဝင်၊ အထွက်နှင့် လူနာ၏အစား အသောက်ကိုပါ အနီးကပ်စောင့်ကြည့်ရမည်။ ခြင်ဆီအသစ် ဖြစ်ပေါ်မှုကို သိရှိနိုင်ရန်လည်း နေ့စဉ်သွေးဖောက်စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ပေါ်လျှင် ခြင်ဆီအသစ်မှ ကျန်းမာ သောသွေးဆဲလ်များ လုံလောက်စွာထုတ်ပေးနိုင်သော ခြင်ဆီအသစ် ဖြစ်ပေါ်ခြင်းအဆင့် အောင်မြင်မည်ဖြစ်သည်။
(၅) Recovery and Follow up
ပင်မဆဲလ်အစားထိုးကုသမှုခံယူခြင်းသည် ပုံမှန်အားဖြင့် ရက်သတ္တလေးပတ်မှ ရှစ်ပတ်အထိ ကြာမြင့်နိုင်သည်။ ဆေးရုံမှဆင်းပြီးနောက်တွင်လည်း လူနာ၏ပြန်လည်ကောင်းမွန်လာမှုကို စောင့်ကြည့်ပြီး အစားထိုး ကုသထားသည့် ပင်မဆဲလ်များနှင့်လူနာ၏ ခုခံအားစနစ်တို့ကြောင့် ဖြစ်ပေါ်လာမည့် Graft-Versus-Host-Disease ကိုလည်း စဉ်ဆက်မပြတ် သတိပြုရမည်။ အစားထိုးကုသမှုခံယူပြီး တစ်နှစ်အတွင်း လူနာများကို မေးခိုင်ရောဂါ၊ ပိုလီယိုရောဂါ၊ တုပ်ကွေးရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံပေးရမည်။ နှစ်နှစ်အကြာတွင် ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးရောဂါ သုံးမျိုးစပ်ကာကွယ်ဆေး (MMR Vaccine) ကိုလည်း ထိုးနှံပေးရမည်။
အချုပ်အားဖြင့်ဆိုရသော် ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း သို့မဟုတ် ပင်မဆဲလ်အစားထိုးကုသခြင်းသည် လူနာများအတွက် ပိုမိုကောင်းမွန် သော ကုသနည်းတစ်ခုဖြစ်သည့်အလျောက် ကုသမှုခံယူစဉ်အတွင်းတွင် လည်း ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီနည်းစနစ်များလိုအပ်သကဲ့သို့ လူနာ၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် မိသားစုဝင်များ၏ အားပေးမှုသည်လည်း အရေးပါလှသည်။ မြန်မာနိုင်ငံ၌လည်း ရိုးတွင်း ခြင်ဆီ အစားထိုးကုသခြင်းကို Autologous အစားထိုးကုသနည်းဖြင့် လူနာများအား အောင်မြင်စွာ ကုသပေးနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် သွေးနှင့်ပတ်သက်သည့် ရောဂါဝေဒနာခံစားနေရသောလူနာများ၏ Quality of Life သည်လည်း ပိုမိုကောင်းမွန်လာလျက်ရှိသည်။
ဒေါက်တာကိုကိုဝင်း