မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တွေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်နှင့် သကျမုနိဘုရားသိမ်တော်ကြီးအား ပြန်လည်ပြုပြင်
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိစဉ် ခရီးစဉ်၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်၊ ပင်မကျောင်းဆောင်နှင့် ကျောင်းတိုက်အတွင်းရှိ သကျမုနိဘုရားသိမ်တော်ကြီးတို့အား မူလက်ရာ အတိုင်း ရှေးမူမပျက် အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန် လမ်းညွှန်မှာကြားချက်အရ ပြန်လည်ပြုပြင် တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အဖွဲ့ဝင်များက ပြန်လည်ပြုပြင်ရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ အဆိုပါကျောင်း တိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဇောတိပါလအား ပင်မကျောင်းဆောင်နှင့် သကျမုနိဘုရားသိမ်တော်ကြီးတို့အား ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ သိမ်တော်ကြီးအတွင်း အရောင်မတူ ပျက်စီးနေသည့် ကြွေပြားဟောင်းများ ခွာ၍ ကြွေပြားအသစ်များ အစားထိုးပြုပြင်ခြင်း၊ အတွင်း/အပြင် မီး-ရေလိုင်းများ ပြုပြင်ခြင်း၊ ဘုံလေးဆင့်အတွင်း အမိုးဖရိန်နှင့် အတက်အဆင်းလှေကားများပြုပြင်ခြင်း၊ သံပန်းနာရီစင် အား မူလအတိုင်းအချိန်နှင့် အသံညွှန်ပြမှု ပါရှိအောင် အစားထိုးပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ လျှောက်ထားတင်ပြဖူး မြော်ကန်တော့ကြရာ ဆရာတော်က ဝမ်းမြောက်စကား ပြန်လည် မိန့်ကြားသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကျောင်းတိုက်ဆရာတော်ထံ လှူဖွယ် ပစ္စည်းများနှင့် နဝမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပင်မကျောင်းဆောင်နှင့် သကျမုနိ ဘုရားသိမ်တော်ကြီးအား ရှေးမူမပျက် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။