ရန်ကုန် နိုဝင်ဘာ ၂ဝ
၂ဝ၂၂ ကမ္ဘာ့ဖလားနှင့်၂ဝ၂၃ အာရှ ဖလား ဒုတိယအဆင့် ခြေစစ်ပွဲအုပ်စု လက်ကျန်ပွဲစဉ်များမတိုင်မီ မြန်မာ့လက် ရွေးစင် အမျိုးသား ဘောလုံးအသင်းအနေဖြင့် နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ခွင့် ရရန် နည်းပြချုပ် အန်တွမ်နီဟေးက တောင်းဆိုထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် (MFF) မှ တာဝန်ရှိသူ တစ်ဦးကပြော သည်။
ရွှေ့ဆိုင်းထားသည့် ၂ဝ၂၂ ကမ္ဘာ့ဖလား နှင့်၂ဝ၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုလက်ကျန် ပွဲစဉ်များကို ၂ဝ၂၁ ခုနှစ် မတ်လနှင့်ဇွန်လ အတွင်း ပြန်လည် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
''ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုလက် ကျန်ပွဲတွေ မတိုင်မီ လက်ရွေးစင်အသင်း အနေနဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားဖို့ နည်းပြချုပ်က တောင်းဆိုထားပါတယ်။ လက်ရှိမှာ ခြေစမ်းပွဲစီစဉ်ရတာ အခက်အခဲ ရှိပေမယ့် ကစားခွင့်ရ ဖို့တော့ အကောင်း ဆုံး ကြိုးစားသွားမှာပါ။ ဒီနှစ်ထဲမှာ ခြေစမ်းပွဲကစားဖို့စီစဉ်ပြီး ပျက်ပြယ်သွားတဲ့ ဂျော်ဒန် အသင်းနဲ့ ပြန်ကစားခွင့်ရမလား ဆိုတာကို ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်နဲ့ ညှိနှိုင်းသွားဖို့ရှိပါတယ်''ဟု ကပြော သည်။
၂ဝ၂၂ ကမ္ဘာ့ ဖလားနှင့်၂ဝ၂၃ အာရှဖလားဒုတိယအဆင့် ခြေစစ်ပွဲများကို ဒုတိယအကျော့ ပထမပွဲစဉ်အပြီး ရပ်နား ထားရကာ အုပ်စု လက်ကျန်အဖြစ် ပွဲစဉ် လေးပွဲကစားရန် ကျန်ရှိနေသည်။
မြန်မာအသင်းသည် ခြေစစ်ပွဲသုံးပွဲ ကစားရန် ကျန်ရှိနေပြီး ဂျပန်အသင်းနှင့် အဝေးကွင်းပွဲစဉ်၊ ကာဂျစ္စတန်နှင့် အိမ်ကွင်း ပွဲစဉ်များကို ၂ဝ၂၁ ခုနှစ် မတ်လနှင့် တာဂျစ်ကစ္စတန်နှင့် အဝေးကွင်းပွဲစဉ်ကို ဇွန်လအတွင်း ယှဉ်ပြိုင်ရ မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်းသည် ၂ဝ၂၁ ခုနှစ်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အပြင် ဧပြီ ၁၁ ရက်မှ မေ ၈ ရက် အထိ ကျင်းပမည့် အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ကိုရဲ