ကာဗွန်ကင်းစင် ကမ္ဘာကြီးအတွက် အဖိုးတန် ကုန်ကြမ်းပစ္စည်းများဖြစ်လာမယ့် ပလတ်စတစ် အမှိုက်များ

ကာဗွန်ကင်းစင် ကမ္ဘာကြီးအတွက် အဖိုးတန် ကုန်ကြမ်းပစ္စည်းများဖြစ်လာမယ့် ပလတ်စတစ် အမှိုက်များ

 

    ယနေ့ကမ္ဘာကြီးက  ကာဗွန်ကင်းစင်ဖို့ လိုအပ်နေပြီဆိုတာ အားလုံးလည်း သိကြပြီးဖြစ်မှာပါ။ ဒီလိုကာဗွန် ကင်းစင်ဖို့အတွက် အားလုံးကလည်း ပါဝင်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် သိပ္ပံပညာရှင်တွေပေါ့။

လက်ရှိကမ္ဘာပေါ်မှာ   အညစ်ညမ်းဆုံးသော အမှိုက်များက ပလတ်စတစ်အမှိုက်များ ဖြစ်ပါတယ်။အဲဒီအမှိုက်တွေကို ဘယ်လို ကိုင်တွယ်ထိန်းချုပ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ဆောင်ရွက်ချက် မရှိသေးပါဘူး။

အခုတော့ သိပ္ပံပညာရှင်များရဲ့ သုတေသနပြု လေ့လာမှုတစ်ခုကြောင့်   အဲဒီပလတ်စတစ်အမှိုက်များဟာ ကာဗွန်ကင်းစင်ရေး ဆောင်ရွက်ချက်အတွက် တန်ဖိုးအရှိဆုံးသော ကုန်ကြမ်းပစ္စည်းများ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

အထူးသဖြင့်   ဘယ်သူမှမလိုအပ်တဲ့ ပလတ်စတစ်အမှိုက်များကနေ   တန်ဖိုးကြီးလှတဲ့ ဂရပ်ဖင်းများကို ပြောင်းလဲထုတ်လုပ်နိုင်မယ့် နည်းလမ်းကို သုတေသနပညာရှင်များက လေ့လာနေကြတာပါ။

ဒီနည်းလမ်းဟာ ကမ္ဘာပေါ်မှာကာဗွန် ကင်းစင်စေဖို့အတွက်  လျှောက်လှမ်းနေတဲ့ လမ်းကြောင်းပေါ်က   အခုမှဖွံ့ဖြိုးခါစဖြစ်တဲ့ ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုမှာ လမ်းကြောင်းအသစ်တစ်ရပ်ကို ဖော်ထုတ်ပေးနိုင်စေမှာ ဖြစ်ပါတယ်။ဒါ့အပြင် အဲဒီနည်းလမ်းဟာ သဘာဝပတ်ဝန်းကျင်အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့နည်းလမ်းလည်းဖြစ်စေမှာပါ။  

ဒီလိုပြောရခြင်းအတွက် အကြောင်းပြချက် ကောင်းကောင်းရှိပါတယ်။

ယနေ့ကမ္ဘာပေါ်မှာတည်ရှိနေတဲ့ ပလတ်စတစ်အမှိုက်ပမာဏဟာ ပျမ်းမျှအားဖြင့် တန်ချိန်ပေါင်း ၆ ဒသမ ၃ ဘီလီယံရှိပါတယ်။ ဒီလိုများပြားလှပြီး   သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးနေတဲ့ ပလတ်စတစ်အမှိုက်များကို တခြားနည်းနဲ့ ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီအမှိုက်တွေကို အသုံးပြုခြင်းဖြင့် သန့်ရှင်းစွမ်းအင်အဖြစ် အသုံးပြုနိုင်တဲ့ ဟိုက်ဒရိုဂျင် စွမ်းအင်ကို ထွက်ရှိစေမှာဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်ကနေ နောက်ဆုံးထွက်ရှိလာမယ့် ပစ္စည်းကတော့ ဂရပ်ဖင်းပါပဲ။ ဒါဟာ စီးပွားရေးအရလည်း အလားအလာကောင်းတွေရှိတဲ့ လုပ်ငန်းစဉ်ဖြစ်နေပါတယ်။

ဒါကြောင့် ဒီနည်းလမ်းဟာ  နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ နည်းလမ်းဖြစ်တယ်လို့ဆိုရခြင်းပါ။

ဟိုက်ဒရိုဂျင်ဆိုရာမှာ  အညိုရောင် ဟိုက်ဒရိုဂျင်နဲ့ အစိမ်းရောင် ဟိုက်ဒရိုဂျင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အညိုရောင်ဟိုက် ဒရိုဂျင်က    ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့အပါအဝင်   ရုပ်ကြွင်းလောင်စာတွေကနေ ထုတ်လုပ်တာပါ။

အစိမ်းရောင်ဟိုက်ဒရိုဂျင် ဆိုတာကတော့ သန့်ရှင်းစွမ်းအင်များကနေ ထုတ်လုပ်တာဖြစ်ပြီး ဒီလိုထုတ်လုပ်နိုင်မှုဟာ ပင်လယ်ပြင်လောက်ရှိတဲ့ လက်ရှိဟိုက်ဒရိုဂျင် ဈေးကွက်ထဲမှာ ရေတစ်စက်မျှလောက်သော ပမာဏသာ ရှိသေးတယ်လို့ ဆိုရပါလိမ့်မယ်။

အထူးသဖြင့် အစိမ်းရောင်ဟိုက်ဒရိုဂျင် ထွက်ရှိလာဖို့အတွက်  ထုတ်လုပ်မှုကုန်ကျစရိတ်က  အလွန်များပြားနေပြီး သူ့ကို တွင်ကျယ်စွာ အသုံးပြုနိုင်စေဖို့ အဓိကအတားအဆီးကလည်း  မြင့်မားလှတဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဖြစ်နေတာကြောင့်ပါပဲ။

ဒါပေမဲ့ ပလတ်စတစ် အမှိုက်တွေကနေ ဂရပ်ဖင်းကို ထုတ်လုပ်ရာမှာ  ဟိုက်ဒရိုဂျင်က အပိုဆောင်းထွက်တဲ့  ဘေးထွက်ပစ္စည်း ဖြစ်လာပြီဆိုရင်တော့ အဲဒါကသန့်ရှင်းစွမ်းအင် ဖြစ်လာမှာဖြစ်ပြီး စီးပွားရေးအရလည်း များစွာအကျိုးအမြတ် ရှိစေမှာအမှန်ဖြစ်ပါတယ်။

တကယ်လို့များထွက်ရှိလာတဲ့ ဂရပ်ဖင်းတွေကို ဈေးကွက်အတွင်းမှာ   လက်ရှိဈေးကွက် ပေါက်ဈေးထက် ၉၅ ရာခိုင်နှုန်း လျှော့ဈေးနဲ့ရောင်းချရင်တောင်မှ သန့်ရှင်း ဟိုက်ဒရိုဂျင်စွမ်းအင်ကို   အခမဲ့ပုံစံမျိုးနဲ့ ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ ဦးဆောင်သုတေသီ ကီဗင်ဝစ်က ပြောပါတယ်။

အဲဒီလိုထုတ်လုပ်မယ့် လုပ်ငန်းစဉ်ထဲမှာ စွမ်းအင်အပူပေး နည်းလမ်းတစ်ခုပါဝင်ပါတယ်။ အဲဒီနည်းလမ်းကို သုတေသီ ကီဗင်ဝစ်တို့ရဲ့ ရိုက်(စ်)တက္ကသိုလ်ကနေ ဖန်တီးထားတာပါ။ဒီလုပ်ငန်းစဉ်အတွက် ပထမဆုံး ပလတ်စတစ်အမှိုက်တွေကို သေးသေးမှုန်မှုန်လေးတွေ ဖြစ်တဲ့အထိ ကြိတ်ရပါမယ်။ ပြီးတဲ့အခါ သူ့ကိုအထောက်အကူပြု ကုန်ကြမ်းပစ္စည်း တစ်မျိုးနဲ့ရောရပါမယ်။ အဲဒီနောက် ဘူးတစ်လုံးထဲမှာထည့်ပြီး ဗို့အားမြင့်လျှပ်စီးကြောင်း အောက်ကနေဖြတ်စေပါမယ်။

ဒီလိုလျှပ်စီးကြောင်းအောက်ကနေဖြတ်လိုက်စေခြင်းအားဖြင့် ဘူးထဲမှာရှိတဲ့ ပလတ်စတစ်အရောတွေကို   အချိန် ၄ စက္ကန့်အတွင်း အပူချိန် ၅၀၀၀ ဒီဂရီစင်တီဂရိတ်နဲ့လောင်ကျွမ်းစေမှာဖြစ်ပါတယ်။

အဲဒီကနေမှတစ်ဆင့် ပလတ်စတစ်များ အတွင်းမှာရှိတဲ့ ကာဗွန်အက်တမ်များက ပေါင်းစည်းသွားပြီး    ဂရပ်ဖင်းအဖြစ်ကို ပြောင်းလဲသွားပါတယ်။ ပြီးတဲ့အခါ အငွေ့ပြန်လွယ်တဲ့ဓာတ်ငွေ့တွေကို ထုတ်လွှတ်စေပါလိမ့်မယ်။

ဒီဓာတ်ငွေ့တွေထဲမှာမှ သန့်ရှင်းလှတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်ပမာဏက အလွန်တရာ များပြားစွာပါဝင်နေတာကို တွေ့ရပါတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးမှာ ကာဗွန်တွေက ဂရပ်ဖင်းများအဖြစ် ပြောင်းလဲသွားတဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု  လုံးလုံးလျားလျား ကင်းစင်ပါတယ်။

မိမိတို့အနေနဲ့  မိမိတို့လိုအပ်နေတဲ့ စွမ်းအင်များကို ထုတ်လုပ်ရာမှာ   သန့်ရှင်းစွမ်းအင်များအဖြစ်  လေအားလျှပ်စစ်နဲ့ နေအားလျှပ်စစ်တို့ကို အသုံးပြုကြပါတယ်။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကိုတော့ အသုံးပြုမှု နည်းပါးပါတယ်။

ဒါပေမဲ့ သူတို့နဲ့မတူတာက  ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို လောင်ကျွမ်းစေတဲ့ လောင်စာအဖြစ် အသုံးပြုနိုင်စွမ်းရှိတာဖြစ်ပါတယ်။

ဒါကြောင့် စက်မှုလုပ်ငန်းမှာ သုံးစွဲနေတဲ့ မီးပြင်းဖိုများနေရာမှာ ရုပ်ကြွင်းလောင်စာများ အစားထိုးအသုံးပြုနိုင်ပါတယ်။ သူ့ကို မီးရှို့လိုက်ရင်ထွက်ပေါ်လာတာက ရေငွေ့သာလျှင်ဖြစ်ပါတယ်။

ဒီအတွက်ကြောင့်    အစိမ်းရောင် ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်မှုက  လက်ရှိမှာ ကုန်ကျစရိတ် များနေသေးတယ်ဆိုတာမှန်ပေမယ့် နောင်တစ်ချိန်မှာ ကာဗွန်ကင်းစင်ကမ္ဘာကြီးအဖြစ်ကို ဖန်တီးနိုင်ဖို့အတွက် အကောင်းဆုံးသော နည်းလမ်းတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

တစ်ချိန်တည်းမှာပဲ  ပလတ်စတစ်အမှိုက်များကို   ဖယ်ရှားရှင်းလင်းနိုင်ခြင်းဟာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထိန်းချုပ်ပြီးသားဖြစ်သလို အမှိုက်ကနေ ရွှေထုတ်နိုင်မယ့် အနေအထားဖြစ်လာမှာဖြစ်ကြောင်း   ရေးသား တင်ပြလိုက်ရပါတယ်။     ။ 

ထက်မြတ်