တိုင်းပြည်စီးပွားဖွံ့ဖြိုးရေးအတွက် အဓိကအချက်အချာဖြစ်သောအသက်မွေးဝမ်းကျောင်းပညာ
ဒီတစ်ပတ်စနေ ကျွန်တော်အပြင် ခရီးမထွက်ဖြစ်ပါ။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပ
သည့် စာဆိုတော်ရှင်မဟာရဋ္ဌသာရ၏ (၅၅၅)နှစ်မြောက်မွေးနေ့ စာတမ်းဖတ်ပွဲနှင့် အထိမ်းအမှတ်ပြပွဲ အခမ်းအနား(နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂)တက်ရောက်ရန်ဖိတ်ကြားခံရ၍ ဖြစ်ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲ ရောက်ရှိလာပြီးနောက် အထိမ်းအမှတ်ပြပွဲများကို စိတ်ဝင်စားစွာလေ့လာကြည့်ရှုသည်။ ၎င်းင်းနောက် ဖွင့်ပွဲအခမ်းအနားတက်ရောက်ပါသည်။
စာတမ်းဖတ်ပွဲက နေ့လယ် ၂ နာရီထိုးခါနီးမှပြီးသည်။ သဘာပတိအဖြစ် သမိုင်းသုတေသီဆရာကြီး ဦးတိုးလှနှင့် ဆရာမကြီး ဒေါက်တာဒေါ်ခင်ဆွေမြင့်တို့က ဆောင်ရွက်ကြသည်။ စာတမ်းရှင်များဖြစ်သည့် ညွှန်ကြားရေးမှူးဒေါက်တာလဲ့လဲ့ဝင်းက ရှင်မဟာရဋ္ဌသာရ (သမိုင်းအမြင်ဖြင့် လေ့လာခြင်း)စာတမ်း၊ ဦးအမ်းယုမောင်(မောင်လူမွှေး-မြန်မာမှု)က သံဝရပျို့မှသင်ပုန်းကြီးရေးထုံးသင်ရိုးနှင့် သတ်ပုံရေးထုံးစာတမ်း၊ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းဦးက မြန်မာလူမျိုးတို့ လိုက်နာကျင့်သုံးရသောကျင့်ဝတ်တရားတို့မှ မင်းတို့ကျင့်ရာသော တရားများ စာတမ်းနှင့် ပြင်ပပညာရှင် ဦးသူရဇော်က ရဟန်းစာဆို ရှင်မဟာရဋ္ဌသာရကို ကဗျာလင်္ကာရှုထောင့်မှ ဖတ်ရှုပူဇော်သည် စာတမ်းတို့ကို ဖတ်ကြားကြသည်။
စာတမ်းရှင်များ၏ စနစ်တကျပြည့်စုံစွာ ပြုစုထားမှုနှင့်အာဝဇ္ဇန်းရွှင်သည့် ဟောပြောချက်များက စာပေဟောပြောပွဲငတ်နေသည့် ကျွန်တော့်အဖို့ အထူးပင်အားရကျေနပ်မိသည်။ သို့ဖြစ်၍ ဤအခမ်းအနားကို ကျင်းပပေးသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စာတမ်းများကို အပင်ပန်းခံ၍ ပြည့်စုံစွာပြုစုပေးပြီး ဖတ်ကြားတင်ပြသည့်စာတမ်းရှင်များ၊ ကြီးကြပ်ပေးသည့် သဘာပတိများနှင့် ဖိတ်ကြားပေးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးတို့အား အထူးပင်ကျေးဇူးတင်မိပါသည်။
စာတမ်းဖတ်ပွဲမှပြန်ရောက်၍ အဝတ်အစားလဲနေစဉ်ပင် အစ်ကိုကြီး၏ဖုန်းဝင်လာသဖြင့် ကောက်ကိုင် လိုက်မိသည်။
ကိုအောင်ရေ- ဒီရက်ထဲမှာ ပညာရေးဝန်ကြီးဌာနက ကြေညာတဲ့အသက်မွေးဝမ်းကျောင်းကိုအဓိကထားတဲ့ ပညာရေးစနစ်ကို ငါအကြိုက်ဆုံးပဲကွာ။
ဒါများအစ်ကိုကြီးရယ် ဘာများလဲလို့။ အစ်ကိုကြီးဖုန်းကလည်း။
ဒါများလည်း မလုပ်နဲ့လေကွာ။ နိုင်ငံတစ်နိုင်ငံမှာ ပညာရေးစနစ်က အရေးအကြီးဆုံးမဟုတ်လား။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဟာ အရေးအကြီးဆုံးက ပညာရေးပဲမဟုတ်လား။ ဒီလိုအရေးအကြီးဆုံးဖြစ်တဲ့ ပညာရေးစနစ်ကို နိုင်ငံတော်အကြီးအကဲက အလေးထားတယ်။ ကိုယ်တိုင်စိတ်ဝင်တစား ကိုင်တွယ်ဆောင်ရွက်တာမြင်ရတော့ ငါအတော့်ကိုလေးစားကြည်ညိုမိတယ်။ မင်းနဲ့ငါနဲ့တောင် ပြောမိသေးတာပဲ။ တို့နိုင်ငံမှာ ကျောင်းနေတဲ့လူတွေ၊ မူလတန်းအဆင့်ပြီးရင် ဘယ်လောက်လျော့သွားတယ်။ အလယ်တန်းအဆင့်ပြီးရင် ဘယ်လောက်လျော့ပြီး အထက်တန်းအဆင့်ကို ဘယ်လောက်ပဲတက်နိုင်တယ်။ အထက်တန်းအဆင့်မှာလည်း အကြောင်းကြောင်းကြောင့် လျော့သွားပြီး တက္ကသိုလ်တက်ခွင့်ရတာ ဘယ်လောက်ပဲရှိတယ်။ ဘယ်လောက်နည်းသွားတယ်ဆိုတာကို နိုင်ငံတော်အကြီးအကဲက အစည်းအဝေးတစ်ခုမှာ ပြောတော့၊ ပညာရေးစနစ်နဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲတော့ တစ်ခုခုလုပ်တော့မယ်နဲ့တူတယ်လို့။
ဟုတ်ပါတယ် အစ်ကိုကြီး၊ နိုင်ငံတော်အကြီးအကဲ အဲဒီမိန့်ခွန်းပြောတုန်းက အစ်ကိုကြီး ကျွန်တော့်ဆီဖုန်းဆက်ပြီး ပြောသေးတာပဲ။ အဲ ဒါပေမဲ့ အစ်ကိုကြီးက ပြောလည်းပြောချင်သေးတယ်၊ လျော့ကျတဲ့ရာခိုင်နှုန်းတွေလည်း သေချာမှတ်မထားဘဲနဲ့။
ကျွန်တော် အစ်ကိုကြီးမခံချင်အောင် သက်သက်စလိုက်ခြင်းဖြစ်သည်။
ဟေ့ ငါကအသက် ၈၀ ကျော်ပြီကွ။ အသေးစိတ်တော့ မမှတ်နိုင်တော့ဘူး။ အနှစ်ချုပ်ပဲမှတ်နိုင်တော့တာပေါ့။ အဲဒါမင်းတို့မှတ်ရမှာ။ ဟုတ်ပါတယ် အစ်ကိုကြီး၊ ကျွန်တော်က အစ်ကိုကြီးကိုချစ်လို့ သက်သက်စတာပါ။ ပညာရေးစနစ်လွဲမှားမှုကြောင့် တိုင်းပြည်ဖွံ့ဖြိုးမှု ဘယ်လိုနောက်ကျရတယ်ဆိုတာ အစ်ကိုကြီးရဲ့အမြင်ပြောပြ
ပါဦး။ အစ်ကိုကြီးစိတ်ပြေစေရန် အစ်ကိုကြီး၏သဘောထားကို ကျွန်တော်အလေးထား၍ မေးလိုက်ခြင်းဖြစ်သည်။
အေး မင်းလည်းသိပါတယ်။ ငါတို့ခေတ်တုန်းက ၄ တန်းလည်းအစိုးရစစ်၊ ၇ တန်းလည်း အစိုးရစစ်၊ ၉ တန်းလည်းအစိုးရစစ်၊ ၁၀ တန်းလည်းအစိုးရစစ်။ တို့ခေတ်တုန်းက ၇ တန်းအောင်ရင် မူလတန်းပြဆရာလုပ်ခွင့်ရတယ်။ ၉ တန်းအောင်ရင် လက်ထောက်မြို့ပိုင် စာမေးပွဲဝင်ပြီးဖြေခွင့်ရှိတယ်။ ၄ တန်းနဲ့ ၇ တန်းမှာ စကောလားရှစ်ရှိတယ်။ ၉ တန်းကို High School Final လို့ခေါ်ပြီး ၁၀ တန်းကို တက္ကသိုလ်ဝင်တန်းလို့ ခေါ်တယ်။ မင်းတို့ကျတော့ရော။
ကျွန်တော်တို့ကျတော့ ကျွန်တော်က ၁၉၆၁-၁၉၆၂ စာသင်နှစ်မှာ ၄ တန်းဖြေရတယ်။ အစိုးရစစ်မဟုတ်ပေမယ့်
စကောလားရှစ်ဖြေလို့ရတယ်။ ကျွန်တော် ၇ တန်းရောက်တော့ အစိုးရစစ်မဟုတ်တော့ဘူး။ ကျောင်းစစ်ပဲဖြစ်သွားပြီ။ အဲ နောက်ပြီး ၉ တန်းရောက်တော့လည်း အစိုးရစစ်မဟုတ်တော့ဘဲ ၁၀ တန်းရောက်
မှ အစိုးရစစ်ဖြေရတယ်။ ၁၀ တန်းကိုလည်း အစ်ကိုကြီးတို့လို တက္ကသိုလ်ဝင်စာမေးပွဲလို့ မခေါ်တော့ဘဲ အခြေခံပညာအထက်တန်းလို့ခေါ်တယ်။ နောက်ပြီး (က)အဆင့်၊ (ခ)အဆင့်ခွဲတာရှိတယ်။ (က)အဆင့်နဲ့အောင်မှ တက္ကသိုလ်ဆက်တက်ခွင့်ရတယ်။ (ခ)အဆင့်နဲ့အောင်ရင် စက်မှုလက်မှုသိပ္ပံတို့ စိုက်ပျိုးရေးသိပ္ပံတို့ပဲ တက်ခွင့်ရတယ်။ တက္ကသိုလ်တက်ချင်ရင် ၁၀ တန်းကို (က)အဆင့်နဲ့ အောင်အောင်ပြန်ဖြေရတယ်။
နောက်ပြီး အစ်ကိုကြီးတို့ဖြေတုန်းက ၅ ဘာသာ။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီနဲ့ သမိုင်းသင်ရတာ။ ကျွန်တော်တို့ကျတော့ ၉ တန်းကစပြီး သိပ္ပံနဲ့ဝိဇ္ဇာခွဲသွားတယ်။ ၆ ဘာသာဖြစ်သွားပြီ။ ဝိဇ္ဇာလိုင်းက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်းနဲ့ ဘောဂဗေဒသင်ရတယ်။ တချို့ကျောင်းတွေက ဘောဂဗေဒအစား အထူးမြန်မာစာသင်ရတယ်။ သိပ္ပံလိုင်းက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနဲ့ဇီဝဗေဒသင်ရတယ်။ ကျွန်တော်တို့ နောက်အတန်းကတော့ ၈ တန်းမှာကတည်းက ဝိဇ္ဇာနဲ့ သိပ္ပံအမှတ်နဲ့ခွဲရတာကြားတယ်။
အေး ဒါနဲ့ ငါတို့တုန်းက ILA စနစ်နဲ့ တက္ကသိုလ်တက်ချင်တဲ့ကျောင်းရွေးရတာ။ မင်းတို့ကျတော့ အမှတ်ပေါင်းစနစ်ဖြစ်သွားပြီနဲ့တူတယ်။
အစ်ကိုကြီးက ခေတ်နှစ်ခေတ်နှိုင်းယှဉ်ပြီး မေးလာသည်။
ဟုတ်ပါတယ် အစ်ကိုကြီး။ ကျွန်တော်တို့ ၁၉၆၈-၁၉၆၉ ၁၀ တန်းစာမေးပွဲဖြေတဲ့နှစ်က ၆ ဘာသာစပြီးဖြေရသလို တက္ကသိုလ်ဝင်ခွင့်ကိုလည်း အမှတ်ပေါင်းစနစ်နဲ့ဆုံးဖြတ်ပါတယ်။ အမှတ်ပေါင်းစနစ် ကျတော့ အကြမ်းဖျင်းကောင်းတယ်။ အမှန်ကန်ဆုံးဖြစ်တယ်လို့ဆိုနိုင်ပေမယ့် အကြောင်း ကြောင်းကြောင့် ခြေချော်လက်ချော်ဖြစ်သွားရင် အဲဒီမှာတစ်ဘဝလုံး ဒုက္ခရောက်တာပဲ။ တစ်ဘဝလုံးကို ၁၀ တန်းစာမေးပွဲက အဆုံးအဖြတ်ပေးသလိုဖြစ်သွားတယ်။ ကျွန်တော်တို့ ကျိုက်လတ်ကျောင်းက ကျောင်းသားတစ်ယောက်ဆို သင်္ချာအတော်ဆုံးကျောင်းသား၊ ဖျာပုံခရိုင်မှာတောင် သင်္ချာလူရည်ချွန်စာမေးပွဲသွားပြီး ဖြေရတယ်။ ၁၀ တန်းစာမေးပွဲကြီးလည်းရောက်ရော သင်္ချာမှာဒုက္ခပေးပြီး လည်နေလို့ ဂုဏ်ထူးတောင်မရရှာပါဘူး။
အေးပေါ့ကွာ။ အဲဒါကြောင့် စာမေးပွဲစနစ်နဲ့ တိုင်းပြည်စီးပွားဖွံ့ဖြိုးဖို့ ပညာရေးတွေက အရေးကြီးတယ်လို့ ငါပြောတာပေါ့။ အဲ မင်းတို့နောက်ပိုင်းမှာ ဒေသကောလိပ်တွေ၊ လုပ်ငန်းအတတ်သင်တွေ ဖွင့်လိုက်သေးတယ်ကြားတယ်။ အဲဒါတွေကလည်း နှစ်နှစ်တက်ပြီး ပေါင်းကူးမရှိတော့ အဲဒီမှာပဲ ရပ်သွားကြတယ်။ ကျောင်းသားတွေ ဟိုမရောက်ဒီမရောက်နဲ့ အချိန်တွေကုန်၊ တိုင်းပြည်ငွေတွေကုန်တာပဲ အဖတ်တင်တာပဲမဟုတ်လား။
ကဲ ထားပါတော့၊ အစ်ကိုကြီး စောစောကပြောတဲ့ ပညာရေးဝန်ကြီးဌာနက ကြေညာတဲ့ အသက်မွေးဝမ်းကျောင်းကို အခြေခံတဲ့ ပညာရေးစနစ်ကို အစ်ကိုကြီးကြိုက်ရတဲ့အကြောင်း။ ပြီးတော့ Grade-12 အထိ ၁၂ တန်းတက်ရတဲ့အကြောင်းလေးပြောပါဦး။ ကျွန်တော်က အစ်ကိုကြီး ပထမဆုံးစပြီးပြောလာသည့် လမ်းကြောင်းဘက်ကို ပြန်ပြီးလွှဲပေးလိုက်သည်။
အေး မင်းပြောမှ ငါမကျေနပ်တာတွေ ပြန်ပြီးသတိရလာတယ်။ မင်းစဉ်းစားကြည့်လေကွာ။ တို့နိုင်ငံ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်တို့၊ ဝန်ကြီးချုပ် ဦးနုတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်ချုပ်ကြီးနေဝင်းတို့ ၁၀ တန်းအောင်ပြီး တက္ကသိုလ်တက်ကြတာပဲ။ ကမ္ဘာမှာ ရင်ပေါင်တန်းပြီး ပြောနိုင်ဆိုနိုင်၊ တိုင်းပြည်အုပ်ချုပ်နိုင်တာပဲ။ မင်းရောအသက်ဘယ်လောက် ၁၀ တန်းအောင်တာလဲ။
ကျွန်တော် ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီလမှာ ၁၆ နှစ်ပြည့်တယ်။ မတ်လမှာ စာမေးပွဲဖြေတယ်။ ဇွန်လ၊ ဇူလိုင်လမှာ အောင်စာရင်းထွက်တယ်။ ၁၉၆၉ ခုနှစ် စက်တင်ဘာလမှာ တက္ကသိုလ်ပထမနှစ်စပြီး တက်ရတယ်။
ကျွန်တော်တို့တက္ကသိုလ်က ခြောက်နှစ်တက်ရတာကြောင့် ၁၉၇၅ ခုနှစ် အသက် ၂၂ နှစ်မှာ ဘွဲ့ရတယ်။ အသက် ၂၃ နှစ်မှာ ဗိုလ်သင်တန်းတက်တယ်။ ၂၄ နှစ်မှာ ဒုတိယဗိုလ်ဖြစ်ပြီး တိုင်းပြည်တာဝန် ထမ်းဆောင်နေပြီ။ ကျွန်တော်တို့ သူငယ်ချင်းတွေဆိုရင် အရပ်ဘက်ဌာနတွေမှာ အသက် ၂၂ နှစ်၊ ၂၃ နှစ်မှာ တာဝန်ထမ်းဆောင်နေပြီ။ အခု ၁၂ တန်းအထိ လုပ်လိုက်တော့ အရင်က အသက် ၂၂ နှစ်မှာ ဘွဲ့ရမယ့်သူက ၂၄ နှစ်မှဘွဲ့ရမယ်။ ဆရာဝန်ဆို အနည်းဆုံးအသက် ၂၅ နှစ်၊ ၂၆ နှစ်မှ ဘွဲ့ရမယ်။
အေး- အဲဒါကြောင့် အခုအစိုးရလက်ထက်မှာ ပညာရေးဝန်ကြီးဌာနက ကြေညာတဲ့ကြေညာချက်၊ အသက်မွေးဝမ်းကျောင်းကိုအဓိကထားတဲ့ ကြေညာချက်ကို ငါသဘောကျတယ်ပြောတာ။ မင်းစဉ်းစားကြည့်လေ။ Grade-9 ၉ တန်းအောင်ပြီး Grade-10 ကစပြီး စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်တွေ စပြီးတက်ခွင့်ပေးတယ်။ ဒီပြင် ဘာသာရပ်တွေကိုပါ မသင်ခိုင်းဘဲ ဒီသုံးခုဘာ့ကြောင့်သင်ခိုင်းရသလဲဆိုတာ မင်းအမြင်ကိုငါ့ကိုရှင်းပြပါဦး။
အစ်ကိုကြီးက ကျွန်တော့်ကို ဖြတ်၍မေးလိုက်သည်။
ဒါကတော့ အစ်ကိုကြီးရယ် ရှင်းပါတယ်။ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ စက်မှုလက်မှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးက အရေးကြီးတယ်လေ။ ဒီတော့ ဒီပညာရပ်တွေ သုံးနှစ်တက်လိုက်လို့ Grade-12 ပြီးရင် အသက်မွေးဝမ်းကျောင်း ပညာရပ်ရသွားအောင်လို့ပေါ့။
ဒါတင်ပဲလား
အစ်ကိုကြီးက ကျွန်တော်ဖြေသည်ကို ကျေနပ်အားရပုံမရ။ သို့ဖြစ်၍
အစ်ကိုကြီးပဲ အစ်ကိုကြီးအမြင်ကို ပြောစမ်းပါဦး။
ဒါတင်ဘယ်ကမလဲကွ။ နိုင်ငံတော်အကြီးအကဲက အမြော်အမြင်အများကြီးရှိတယ်။
ကိုယ့်ပြည်သူတွေရဲ့ အခြေအနေမှန်ကို သိတယ်။ စေတနာထားတယ်။ တို့နိုင်ငံမှာ ၈ တန်း၊ ၉ တန်းနဲ့ ကျောင်းကထွက်ပြီး အလုပ်လုပ်ကြရတဲ့သူတွေ အများကြီးရှိတယ်။ ပညာမတတ်တော့ အလုပ်ကြမ်းပဲလုပ်ရတယ်။ လုပ်ခနည်းတယ်။ ဒီတော့ အကြောင်းကြောင်းကြောင့် အလယ်အလတ်အဆင့်၊ တက္ကသိုလ်အဆင့်ဆက်မတက်နိုင်သူတွေကို အဆင့်ရှိရှိ အသက်မွေးဝမ်းကျောင်းအလုပ်လုပ်လို့ရအောင် စပြီးသင်ပေးတာ။
အဲ နောက်ပြီး ငါပိုပြီးကြိုက်တာ။
နိုင်ငံတော်အကြီးအကဲကိုလေးစားကြည်ညိုမိတာက ပေါင်းကူးပဲ။ အဲဒီ Grade-12 မှာ စက်မှုလက်မှုပဲဖြစ်ဖြစ်၊ စိုက်ပျိုးရေးပဲဖြစ်ဖြစ်၊ မွေးမြူရေးပဲဖြစ်ဖြစ် ထူးထူးချွန်ချွန်အောင်ရင် စက်မှုတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊
မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တက်ခွင့်ရမယ်။ အဆင့်မြင့်မြင့်အောင်ရင် စက်မှုသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံ၊ ငါးသိပ္ပံတက်ခွင့်ရမယ်။ သာမန်အောင်ရင်တော့ သင်တန်းတက်ရောက်ပြီးစီးကြောင်း လက်မှတ်ရပြီး ကုမ္ပဏီတွေ၊ အစိုးရဌာနတွေမှာ အလုပ်လုပ်ရင်လုပ်၊ ကိုယ့်စီးပွားရေး ကိုယ်လုပ်လို့ရတယ်။ ဘယ်လောက်ကောင်းလဲ။
အစ်ကိုကြီးက အတော့်ကို လေ့လာထားတာပဲ။
ကျွန်တော်က ဖြတ်၍ထောက်လိုက်သည်။
လေ့လာထားတာပေါ့ကွ။ ဒါ တိုင်းပြည်စီးပွားဖွံ့ဖြိုးဖို့အတွက်ပဲလေ။ မင်းစဉ်းစားကြည့်၊ စက်မှုလက်မှုသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံကနေ ထူးထူးချွန်ချွန်အောင်မြင်ရင် စက်မှုတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွေရဲ့ တတိယနှစ်ကို ပထမနှစ်ဝက်ကစပြီး တက်ခွင့်ရမယ်။ ငါးလုပ်ငန်းသိပ္ပံက ထူးထူးချွန်ချွန်အောင်ရင်တော့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် သတ္တဗေဒအထူးပြုဘာသာရပ်မှာ တတိယနှစ်ကစပြီး တက်ခွင့်ရမယ်။ အဲ ဒီလိုဘက်စုံစီစဉ်ပေးလို့ ငါကကျေနပ်ပြီး ထောက်ခံနေတာ။ အဲဒါနဲ့မင်းတို့ဝန်ကြီးဌာနနဲ့က စိုက်ပျိုးရေးနဲ့မွေးမြူရေးဘာသာရပ်နှစ်ခုနဲ့ ပတ်သက်နေလို့ မင်းတို့ စုစုပေါင်းအထက်တန်းကျောင်း ဘယ်နှကျောင်းဖွင့်မှာလဲ။ မနှစ်က ၅၁ ကျောင်းဖွင့်ပြီး ဒီနှစ် ဘာလို့ ၃၄ ကျောင်းပဲဖွင့်တာလဲ။
အစ်ကိုကြီးက သူလေ့လာထား၊ သိထားပါလျက် ကျွန်တော့်ကိုမေးခြင်းဖြစ်သည်ဟုပင် ထင်ရသည်။
အစ်ကိုကြီးရယ် စက်မှုလက်မှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဘာသာရပ်တွဲဖက်သင်မယ့် အထက်တန်းကျောင်း အားလုံး ၁၂၆ ကျောင်း ဖွင့်ဖို့လျာထားပါတယ်။ ခရိုင်နဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာပါ။ နိုင်ငံတော်အကြီးအကဲကတော့ ၂၀၂၂-၂၀၂၃ ခု ပညာရေးနှစ်စစချင်း တစ်ဝက်လောက်စပြီး ဖွင့်ခိုင်းတယ်။ အဲ ဒါပေမဲ့ နည်းပြ၊ ကျောင်းစာသင်ခန်း၊ လက်တွေ့ခန်း၊ သင်ကြားမှုအထောက်အကူပစ္စည်းနဲ့ မြေအကျယ်အဝန်းလိုအပ်ပါတယ်။
ကျွန်တော်တို့ကျောင်းတွေက အသက်မွေးဝမ်းကျောင်းပညာကို မတတ်တတ်အောင် သင်ရမှာကြောင့် စိုက်ပျိုးရေးမှာဆို ရာသီသီးနှံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်စိုက်ဖို့ မြေ ၅ ဧကလောက်၊ ထွန်ထယ်ကိရိယာနဲ့
ပညာရှင်လိုတယ်။ မွေးမြူရေးမှာဆို၊ ကြက်ခြံ၊ နွားခြံ၊ ဘဲခြံ၊ ဆိတ်ခြံလိုသလို တိရစ္ဆာန်လိုတယ်။ အစာခွက်၊ ရေခွက်၊ အသုံးအဆောင်ပစ္စည်း၊ ပညာရှင်နဲ့အလုပ်သမားလိုတယ်။ ကျောင်းတစ်ကျောင်းဆိုရင် အနည်းဆုံးသန်း ၅၀၀ ကနေ သန်း ၁၀၀၀ လောက်လိုတယ်။ အဲဒါကြောင့် ပထမနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ကျောင်း ၅၁ ကျောင်းပဲဖွင့်နိုင်တာပါ။ အခုနှစ် ၂၀၂၃-၂၀၂၄ ပညာရေးနှစ်မှာတော့ စောစောက အချက်တွေ၊ အထူးသဖြင့် မြေနေရာအကျယ်အဝန်းကြောင့် ကျောင်း ၃၄ ကျောင်းပဲဖွင့်နိုင်တာ။ လာမယ့်နှစ်မှာတော့ ကျန်တဲ့ကျောင်းအားလုံးဖွင့်ဖို့ လမ်းညွှန်ထားပါတယ်။ ဒါတင်မကသေးဘူး။
ကျွန်တော်က စကားကိုခေတ္တရပ်ထားလိုက်သည်။
မင်း အဲဒီလိုတော့ မလုပ်နဲ့ကွာ။ ဒါတင်မကသေးဘူး။ ဘာကျန်သေးလဲ ပြောလေကွာ။
ဖြည်းဖြည်းပေါ့ အစ်ကိုကြီးရယ်။ နိုင်ငံတော်အကြီးအကဲက ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးနဲ့မွေးမြူရေးက အဓိကဖြစ်ပါလျက် လက်ရှိစိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တစ်ခုစီသာ ရှိနေတာ ကြောင့် ဆက်လက်တိုးချဲ့ဖွင့်လှစ်ဖို့လည်းစီစဉ်နေပါတယ်။
ကျွန်တော့်စကားအဆုံး အစ်ကိုကြီး၏ အားရပါးရ လက်ဖျောက်တီးသံက ဖုန်းထဲမှပင် ကြားလိုက်ရသည်။
အေး အဲဒါမှ တို့နိုင်ငံရဲ့လိုအပ်ချက်ကို တကယ်သိတဲ့ နိုင်ငံ့ခေါင်းဆောင်ကွ။ စိုက်ပျိုးမွေးမြူရေး အသက်မွေးဝမ်းကျောင်းပညာသည်သာ တိုင်းပြည်စီးပွားဖွံ့ဖြိုးရေးအတွက် အဓိကအချက်ပေါ့ကွာ။
အစ်ကိုကြီးက ဝမ်းသာအားရ ဖုန်းချသွားသည်။
တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အဓိကအချက်အချာမှာ စက်မှုလက်မှု၊ စိုက်ပျိုးရေးနဲ့မွေးမြူရေး အသက်မွေးဝမ်းကျောင်းပညာများသည်သာဟူသော ယုံကြည်ချက်ဖြင့်---------။ ။
မောင်အောင်