ပိတ်ပင်တားမြစ်သင့်သော ခဲဆိပ်သင့် ဆိုးဆေးများ

 

ပိတ်ပင်တားမြစ်သင့်သော ခဲဆိပ်သင့် ဆိုးဆေးများ

ယနေ့ ကမ္ဘာ့နိုင်ငံအတော်များများ၌ အစားအသောက်ဆိုးဆေးအန္တရာယ်များနှင့် တွေ့ကြုံနေကြရသည်။ အထူးသဖြင့် ခဲဆိပ်ပါသော ရောင်စုံဆိုးဆေးများကို ကလေးအစားအစာများထဲတွင် အများအပြား တွေ့နေရသည်။ ကလေးသဘာ၀ ဆေးရောင်စုံ ကိုကြိုက်နှစ်သက်ကြသဖြင့်    စီးပွားရေးသမားများက   ထိုခဲဆိပ်ပါသော ဆိုးဆေးများကို အစားအစာများထဲတွင် မဆင်မခြင် ထည့်သွင်းသုံးစွဲနေကြသည်။

ထို့ကြောင့်    ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)  ကကြီးမှူး၍ Campaign များပြုလုပ်ကာ အစားအစာများနှင့် ဆိုးဆေးအန္တရာယ်ကို    သတိပေးလျက်ရှိသည်။

ထို့ပြင် နှစ်စဉ် အောက်တိုဘာလ၏စတုတ္ထရက်သတ္တပတ်ကိုလည်း အပြည်ပြည်ဆိုင်ရာ   ခဲဆိပ်သင့်ကာကွယ်ရေး  ရက်သတ္တပတ်အဖြစ်သတ်မှတ်ကာ    ပြည်သူများအား အသိပေးထားသည်။ ၂၀၂၃ ခုနှစ်အတွက်    အပြည်ပြည်ဆိုင်ရာ  ခဲဆိပ်သင့်ကာကွယ်ရေးရက်သတ္တပတ်မှာ အောက်တိုဘာလ ၂၂ ရက်မှ ၂၈ ရက်အထိဖြစ်သည်။

ခွင့်ပြုဆိုးဆေး

အစားအသောက်များတွင် တရားဝင်သုံးစွဲရန်ခွင့်ပြုထားသော   ဆိုးဆေးများရှိသည်။ ယင်းတို့မှာ -

- အနီရောင် (Ponceau 4R, Erythrosine)

- လိမ္မော်ရောင်   (Sunset    Yellow,   FCF)နှင့်

- အဝါရောင် (Tartrazine) တို့ဖြစ်ကြသည်။

ရောင်စုံဆိုးဆေးများနှင့်အစားအစာ

အထက်ဖော်ပြပါ ဆိုးဆေးသုံးမျိုးကို အစားအသောက်များအတွက် တရားဝင်

ခွင့်ပြုထားသော်လည်း    ဈေးကွက်ထဲ၌ အစားအသောက်များတွင် သုံးစွဲရန်ခွင့်မပြုထားသော အောက်ဖော်ပြပါ ခဲဆိပ်သင့်ဆိုးဆေးများကို   မဆင်မခြင်သုံးစွဲနေကြသည်။

          - အနီရောင်ရှိသော Rhodamine B           ကို ငါးဖယ်ချဉ်၊ ပုစွန်ချဉ်၊ ငါးပိ၊ ပုစွန်ခြောက်၊ ခရမ်းချဉ်သီးဆော့စ်၊ မျှစ်နီ နှင့် ငရုတ်သီးမှုန့်များတွင် ထည့်သွင်း       အသုံးပြုထားသည်။

- အဝါရောင် Auramine O ကို ငါး    ပုဏ္ဏား၊ ငါးမြွေထိုး၊ ကြက်သား၊ ပဲဝါလေး၊ မက်မန်းသီး၊ လက်ဖက်နှင့်               မျှစ်ဝါတို့တွင် ထည့်သွင်းအသုံးပြုနေကြသည်။

          - လိမ္မော်ရောင် Orange II ကို အချို         ရည်၊  အသားကင်၊ ပဲနီလေးနှင့် ပဲကြီးလှော်တို့တွင်  ထည့်သွင်းအသုံးပြုနေကြသည်။

 ထိုမျှမက  ဆီးထုပ်နှင့်  အချဉ်ထုပ်အမျိုးမျိုး၊ ပဲပြားနှင့်ပဲသွေး၊ မဲနယ်         ဆိုးထားသောပုစွန်  စသည်တို့တွင်          တားမြစ်ဆိုးဆေးများ အသုံးပြုထားကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံအတွင်းရှိ    အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ၇၅ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန်များတွင် အသုံးမပြုရန် တားမြစ်ထားသော Rhodamine B၊ Auramine O၊ Orange II စသည့် ရောင်စုံဆိုးဆေးများပါဝင်သော အစားအစာများကို စားသုံးနေရသည့် အခြေအနေသို့   ရောက်ရှိနေသည်ဟု   အာရှစားသောက်ကုန်များစောင့်ကြည့်ရေး အဖွဲ့က   ၂၀၁၉  ခုနှစ်အတွင်းပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်အရ တွေ့ရှိခဲ့သည်။

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံအတွင်းကျောင်းသား၊ ကျောင်းသူ ရာဂဏန်းခန့်အား  တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကာကျောင်းများ၌ စားသုံးလေ့ရှိသော အစားအစာများကို စာရင်းပြုစုပြီးနောက် မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ထုတ်ပြန်ထားသော တားမြစ်ချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၇၅ ရာခိုင်နှုန်းခန့်သည် တားမြစ်ထားသော ဆိုးဆေးများပါဝင်သည့် အစားအစာများကို  စားသုံးနေကြောင်း  တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများ စားသုံးလေ့ရှိသည့် အစားအစာများထဲတွင် ပါဝင်နေသောဆိုးဆေးများကို ရေရှည်စားသုံးမိပါက ဆိုးကျိုးများဖြစ်စေနိုင်သည်။ ယင်းဆိုးဆေးများပါဝင်သော အစားအစာများကို အခြေခံပညာ ကျောင်းများနှင့် ကျောင်းအနီးရှိဆိုင်များမှ     ဝယ်ယူသူဦးရေမှာ    ကျောင်းသား၊ ကျောင်းသူ ဦးရေ၏ ထက်ဝက်ခန့်ရှိနေကြောင်း သိရသည်။

ရောင်စုံဆိုးဆေးများ၏   နောက်ဆက်တွဲဆိုးကျိုးများ

ရောင်းချသူ ဝိသမလောဘသားများက ဈေးသက်သာပြီး   အရောင်အသွေးလှပသော တားမြစ်ဆိုးဆေးများကို တွင်တွင်ကျယ်ကျယ်သုံးစွဲနေကာ    စားသုံးသူများကလည်း အရောင်လှပမှုကို သဘောကျနှစ်သက်ခြင်းကြောင့်    ဆိုးဆေးပါသောစားသောက်ဖွယ်ရာများကို ရွေးချယ်ကြသည်။ ထိုရောင်စုံဆိုးဆေးများ၏ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် မျက်စိ၊ လည်ချောင်းနှင့် နှာခေါင်းများကို ယားယံစေခြင်း၊ အသက်ရှူလမ်းကြောင်း၊ ကျောက်ကပ်၊ အစာအိမ်နှင့်   အူလမ်းကြောင်းများတွင်     အဆိပ်အတောက် ဖြစ်စေခြင်း၊ မျိုးဆက်ပွားအင်္ဂါ အဖွဲ့အစည်းကိုထိခိုက်စေပြီး သားသမီးမရနိုင်ခြင်း၊ ကျောင်းနေ အရွယ်လူငယ်များ မျိုးရိုးဗီဇကိုထိခိုက်ပြီး ဉာဏ်ထိုင်းမှိုင်းခြင်းတို့ ခံစားရနိုင်သည်။ ထိုဆိုးဆေးများကို  ကြာရှည် စားသုံးမိပါက  အသည်းကို ပျက်စီးစေကာ အသည်းကင်ဆာဖြစ်စေနိုင်သည်။

အစားအသောက် ထုတ်လုပ်ရောင်းချသူများအနေဖြင့် အစားအသောက်များတွင် တားမြစ်ဆိုးဆေးများ အသုံးပြုမှုကို သတိပြုဆင်ခြင်သင့်သည်။ ဆိုးဆေးများကိုမဖြစ်မနေ အသုံးပြုပါကလည်း အစားအသောက်တွင်  သုံးစွဲရန်ခွင့်ပြုထားသော  ဆိုးဆေးကိုသာသုံးစွဲရမည်။  သို့သော်  အရောင်တောက်ပစေရန်အတွက်   များစွာထည့်မသုံးမိရန် ဂရုစိုက်သင့်သည်။

စားသုံးသူများအနေဖြင့်လည်း ကျန်းမာရေးနှင့်ပတ်သက်၍    အသိရှိရန်လိုအပ်သည်။ အရောင်ရှိသော၊ အရောင်တောက်သောအစားအသောက်များကို ဝယ်ယူစားသုံးခြင်းမပြုသင့်ပေ။

သက်ဆိုင်ရာမှ ဆောင်ရွက်ချက်များ

ပတ်ဝန်းကျင်တွင် အများဆုံးလွှမ်းမိုးမှုမှာ ချည်ထည်လုပ်ငန်းသုံးဆိုးဆေးများဖြစ်ကြောင်း  FDA  က  သတင်းထုတ်ပြန်ထားသည်။ ယင်းဆိုးဆေးများနှင့် ဓာတ်ပြုထားသောအစားအသောက်များကို စားသုံးခြင်းဖြင့်  အသည်း၊  ကျောက်ကပ်နှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများဖြစ်ပေါ်လျက်ရှိသည်။

ယခုအခါ စားသုံးသူရေးရာဦးစီးဌာနမှစားသုံးသူအကာအကွယ်ပေးရေး   အသိပညာပေးဟောပြောပွဲများကို   ဈေးများအတွင်း   ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။ စားသုံးသူအကာအကွယ်ပေးရေးဥပဒေပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏    အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် တားမြစ်ချက်များ၊  ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် ဥပဒေနှင့်အညီ အထောက်အထားမပြည့်

စုံသည့်ကုန်စည်များကို ဈေးများအတွင်းရောင်းချခြင်းမပြုရန်နှင့် ဘေးအန္တရာယ်ရှိသောစားသောက်ကုန်များကို ရောင်းချခြင်း မပြုရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ဟင်းသီးဟင်းရွက်၊ အသီးအနှံစားသုံးခြင်းသည်  ကျောင်းသား၊  ကျောင်းသူများအတွက်    များစွာအကျိုးရှိစေနိုင်သည်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံများထဲတွင် လူသားတို့ကျန်းမာကြံ့ခိုင်ရေးအတွက် နေ့စဉ်လိုအပ်လျက်ရှိသော အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ် စသည်တို့များစွာပါဝင်သည်။ ထို့ကြောင့်  နေ့စဉ် ထမင်းတစ်ကြိမ်စားတိုင်း    ဟင်းသီးဟင်းရွက်တစ်မျိုးမျိုးပါဝင်သင့်သည်။

ထို့ပြင် ရေများများသောက်ရန်အတွက် တိုက်တွန်းပေးရန်လိုသည်။ ကျန်းမာရေးအတွက် ရေသာလျှင် အကောင်းဆုံးဖြစ်သည်။ (Low Fat Milk)  ကိုလည်း  နေ့စဉ်တိုက်ကျွေးသင့်သည်။  Low  Fat  Milk  ကိုသောက်သုံးခြင်းဖြင့် ကလေးများ အရိုးကြီးထွားဖွံ့ဖြိုးမှုအတွက်လိုအပ်သော ဗီတာမင်ဒီ၊ ကယ်လ်စီယမ်နှင့် ပရိုတင်းဓာတ်တို့ကိုရရှိစေမည်။

တစ်ရက်လျှင် နို့တစ်ခွက်သောက်သုံးလျှင် လုံလောက်သည်။ တခြား GAS ပါသော အချိုရည်များ၊   ဆော်ဒါ  စသည်တို့ကို မသောက်သုံးသင့်ပေ။ ရေ၊ နို့၊ ပဲနို့တို့သာလျှင် အသင့်လျော်ဆုံးဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရပြည့်ဝသော   အစားအစာများစားသုံးရခြင်းသည်   ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်ရုံသာမက ဉာဏ်ရည်ဉာဏ်သွေးလည်း  မြင့်မားလာစေနိုင်မည် ဖြစ်သည်။  

အချုပ်အားဖြင့်ဆိုရသော်    စားသုံးသူတစ်ဦးချင်းမှသည် လူတစ်စု၊ လူထုတစ်ရပ်လုံး   အရောင်ပါသော  အစားအသောက်များ စားသုံးခြင်းကို ရှောင်ကြဉ်ကြခြင်းဖြင့် ယင်းအစားအသောက်များ   ဈေးကွက်မှ တဖြည်းဖြည်း ကွယ်ပျောက်သွားမည်ဖြစ်ကာ ဆိုးဆေးကြောင့်ဖြစ်ပေါ်လာနိုင်သောဘေးအန္တရာယ်များ     ကင်းဝေးနိုင်မည်ဖြစ်ပါကြောင်း   ရေးသား တင်ပြလိုက်ရပါသည်။  

ပေါက်ပေါက်