လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းကို ဆုပန်ရွယ်
ကထိန်ပွဲတော်သည် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်နေ့အတွင်းသာ ကျင်းပရသော ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်သည်။ မိမိလှူချင်သည့်အချိန်တွင် လှူနိုင်သည့် အလှူပွဲမျိုးမဟုတ်သောကြောင့် ကာလဒါနဖြစ်၍ မြတ်သောအလှူဖြစ်သည်။ ထို့ပြင် ကထိန်သင်္ကန်းကပ်လှူရာ၌ ဘုရားရှင် ကိုယ်တော်တိုင် ကထိန်သင်္ကန်း၊ အလှူခံ သံဃာတော်နှင့် အလှူရှင်ဒါယကာအတွက် စည်းကမ်းချက်များစွာ ထုတ်ပြန်ခဲ့သည်။
ထိုစည်းကမ်းများနှင့်အညီ ပြုလုပ်မှသာ ကထိန်မြောက်ကာ အထူးကုသိုလ်ကိုလည်း ရနိုင်သည်။ ကထိန်၏အဓိပ္ပာယ်သည် “မြဲမြံခိုင်ခံ့ခြင်း” ပင်ဖြစ်သည်။ မယိမ်းမယိုင် ကျောက်စာတိုင်ပမာ တည်တံ့ခိုင်မြဲသော အစွမ်းသတ္တိ အရှိန်အဝါရှိသောကြောင့် “ကထိန်” ဟုလည်းခေါ်ဆိုပါသည်။
“အလှူရေစက် လက်နှင့်မကွာ” ဆိုသော စကားသည် ဗုဒ္ဓဘာသာဝင်တို့၏ အလှူဒါနရက်ရောမှုကို ဖော်ညွှန်းလျက်ရှိသည်။ ထိုသို့လှူဒါန်းရာတွင် အလှူရှင်၊ လှူဖွယ်ပစ္စည်းနှင့် အလှူခံပုဂ္ဂိုလ်တို့အပေါ်မူတည်၍ အကျိုးဖြစ်ထွန်းမှုလည်း ကွာခြားလျက်ရှိသည်။ ဗုဒ္ဓဘာသာမြန်မာတို့သည် ဝါလကင်းလွတ် သီတင်းကျွတ်ပြီ ဆိုသည်နှင့် နိုင်ငံတစ်ဝန်းတွင် ဘုရားပွဲများ၊ အလှူမင်္ဂလာပွဲများကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလာကြသည်။
အထူးသဖြင့် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှသည် တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကာလ အတွင်း ရပ်ကွက်၊ ကျေးရွာ၊ ရုံး၊ ဌာနအလိုက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိသည်။ ပီတိဖြစ်ဖွယ်ရာပင်ဖြစ်သည်။
သင်္ကန်းတွင်ကထိန်၊ ကျောင်းမှာသိမ်
အထူးသဖြင့် “သင်္ကန်းတွင်ကထိန်၊ ကျောင်းမှာသိမ်” ဆိုသောစကားသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလှူဒါနပြုရာတွင် အကျိုးဖြစ်ထွန်းစေရန် လမ်းပြပေးလျက်ရှိသည်။ ဆိုလိုသည်မှာ ကျောင်းလှူရာတွင် သိမ်ကျောင်းလှူဒါန်းခြင်းသည် အကျိုးများစွာဖြစ်ထွန်းသည်။ မြင့်မြတ်သော ရဟန်းပြုခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် အခြားသောသံဃာ့ကိစ္စအ၀၀တို့ကို ထိုသိမ်ကျောင်းအတွင်း၌သာ ပြုလုပ်ကြသည်။ ထို့ကြောင့် သိမ်ကျောင်းသည် သာသနာ၏ ရေသောက်မြစ်ဟုပင်ဆိုနိုင်သည်။
ထိုနည်းတူစွာပင် ကထိန်သင်္ကန်းသည်လည်း ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲမထားဘဲ သံဃာကိုသာ ရည်မှန်းလှူဒါန်း ရခြင်းဖြစ်သည်။ ကထိန်သင်္ကန်းသည် သံဃာများကိုသာ ရည်မှန်းလှူဒါန်းရသောကြောင့် သံဃိကဒါနမြောက်ခြင်း၊ နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိသာ လှူဒါန်းရသဖြင့် ကာလဒါနမြောက်ခြင်း၊ သံဃာတော်များအား လာဘ်လာဘဖြစ်ထွန်းစေကာ ချမ်းသာစေခြင်း၊ လှူဒါန်းသူအား အကျိုးငါးပါး တိုးပွားစေခြင်းနှင့် သံဃာများအား ဝိနည်းသိက္ခာငါးပါးဖြင့်သင့်ရောက်နိုင်သော အာပတ်တို့ကို ပြယ်နိုင်ခြင်းတို့ကြောင့် ကထိန်သင်္ကန်း လှူဒါန်းရခြင်းသည် အမွန်မြတ်ဆုံးဒါနတစ်ခုပင်ဖြစ်သည်။
ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားများသည် ဝါတွင်းသုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါရဏာပြုသော ရဟန်းသံဃာတော်များရှိရာ ကျောင်းတိုက်များ၌သာ ကထိန်ခင်းကြသည်။ ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်တည်းဖြစ်စေ၊ အများကိုဖြစ်စေ “ဣမံစီဝရံ သံဃဿဒေမိ - ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏”ဟု လျှောက်ထား၍ ဆက်ကပ်လှူဒါန်းကြပါသည်။ ကထိန်သင်္ကန်းသည် ကထိန်ခင်းမည့်ကျောင်းတိုက်မှ ရဟန်းတော်များ၏ တိုက်တွန်းလှုံ့ဆော်မှုမပါဘဲ အလှူရှင်က သဒ္ဓါတရားနှင့်အညီ အလိုအလျောက် လာလှူသော သင်္ကန်းဖြစ်ရန် လိုအပ်ပါသည်။ ကထိန်သင်္ကန်းကို အချိန်မရွေးကပ်လှူ၍မရဘဲ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်း တစ်ကျောင်း၌တစ်ကြိမ်သာ ကျင်းပခွင့်ရှိသည်။ ထို့ကြောင့် ကထိန်ခင်းခွင့်ကို ရဟန်းတိုင်း မရနိုင်ပေ။ ကထိန်ခင်းမည့် ရဟန်းတော်သည် ပုရိမဝါကပ်ပြီး ပဝါရဏာပြုပြီးသော ရဟန်းဖြစ်ရန်လိုအပ်သည်။ ဝါကျိုး၊ ဝါပျက်မရှိသော ရဟန်း၊ သင်္ကန်းရှားပါးသော ရဟန်းဖြစ်ရမည်ဖြစ်သည်။ သင်္ကန်းနွမ်းပါးသူဖြစ်ပါက သိက္ခာဝါကြီးသောမထေရ်ကို ဦးစားပေးရပါသည်။
ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၏အကျိုးကျေးဇူးများ
ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းခြင်းဖြင့် အောက်ဖော်ပြပါ အကျိုးငါးဖြာကို ချက်ချင်းရရှိနိုင်ပေသည်-
(၁) မိမိသွားလိုရာခရီးကို အတားအဆီး၊အနှောင့်အယှက်မရှိ လွတ်လပ်ဘေးကင်းစွာ သွားလာနိုင်ခြင်း။
(၂) လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင်မြင်စွာ ထမ်းဆောင်နိုင်ခြင်း။
(၃) အစာအဆိပ်သင့်မှုဘေးအန္တရာယ်မှ ကင်းဝေးနိုင်ခြင်း။
(၄) မိမိပစ္စည်းဥစ္စာများအား အဖျက်အမှောင့်များရန်မှ ကာကွယ်နိုင်ခြင်း။
(၅) မိမိပစ္စည်းဥစ္စာများအား သူတစ်ပါးနိုင်ထက်စီးနင်းယူဆောင်ခြင်းမှ ကာကွယ်နိုင်ခြင်း။
ထို့ပြင် ကထိန်သင်္ကန်းအလှူရှင်များသည် ရွှေအဆင်းကဲ့သို့ဝင်းဝါသော အသားအရေရှိခြင်း၊ ခန္ဓာကိုယ်၌ အညစ်အကြေးကင်းစင်ခြင်း၊ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း၊ ကိုယ်ရောင်ကိုယ်ဝါတောက်ပခြင်း၊ နောက်ဆုံးပေါ် အဝတ်အစားမျိုးစုံကို ဝတ်ဆင်ခွင့်ရရှိခြင်း၊ ကျောင်းအမကြီးဝိသာခါကဲ့သို့ မဟာလတာတန်ဆာကို ဆင်မြန်းခွင့်ရရှိခြင်းနှင့် အဆုံးတစ်နေ့တွင် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခြင်း ဟူသော ထူးကဲသည့် အကျိုးတရားများစွာကိုလည်း ရရှိနိုင်ပေသည်။ ဗုဒ္ဓဘာသာမြန်မာတိုင်းရင်းသားများသည် ဆိုခဲ့ပါအကျိုးတရားများ ရရှိနေမှာ အသေအချာပင်ဖြစ်သည်။
မုဒိတာပွားနိုင်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ တေရသမအကြိမ်၊ (၁၃)ကြိမ်မြောက် မဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ ၃ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ တေရသမအကြိမ်၊ (၁၃)ကြိမ်မြောက် မိသားစု မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ရုံး၊ ဌာနအသီးသီးမှ ပဒေသာပင် စုစုပေါင်း ၈၆ ပင်၊ တန်ဖိုးငွေကျပ် ၁၇၄၂ သိန်းကျော် ပါဝင်လှူဒါန်းခဲ့ကြပြီး သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ ရုံး၊ ဌာနများအလိုက် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင် လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
တပ်မတော်အနေဖြင့် နှစ်စဉ်နှစ်တိုင်း ကထိန်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ အလားတူ တိုင်းစစ်ဌာနချုပ်အသီးသီး၌လည်း ကထိန်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။
ထို့ပြင် အစိုးရဌာနများ၊ ရုံးများ၊ ကျောင်းများ၊ ကောလိပ်၊ တက္ကသိုလ်များ၊ အသင်းများ၊ အဖွဲ့အစည်းများကလည်း စေတနာသဒ္ဓါတရား ထက်သန်စွာ ကထိန်ပွဲများကျင်းပကြသည်။ မြို့၊ ရွာ၊ ရပ်ကွက်များတွင် ကထိန်လှူဖွယ်ပစ္စည်းများ ခင်းကျင်းပြသထားသည်မှာ ကြည်နူးဖွယ်ရာကောင်းလှသည်။ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် ကထိန်လှူဖွယ်ပစ္စည်းများကို မဲကျရာကျောင်းတိုက်သို့ စီတန်းလှည့်လည်ပို့ဆောင်ပေးနေသည်မှာ မျက်စိပသာဒဖြစ်စေပါသည်။ “အလှူမှာ ကထိန်၊ ကျောင်းမှာသိမ်”ဆိုသည့်အတိုင်း အလှူတကာ့ အလှူတို့တွင် အမြတ်ဆုံးဖြစ်ပါသည်။ ထို့ကြောင့် အလှူကထိန်သင်္ကန်းနှင့် မဂ်လမ်းကိုရွယ်သော ပွဲတော်ပင်ဖြစ်ပါ တော့သည်။
ရေစက်သွန်းချအမျှဝေမှသာလျှင် တချို့သောမြန်မာများသည် ဘုန်းကြီးကျောင်းသို့ ပဒေသာပင်ရောက်လျှင် ကထိန်အလှူပြီးဆုံးသွားပြီဟု ယူဆကြသည်။
ကထိန်သင်္ကန်းကို သံဃာလက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျလှူဒါန်း ရေစက်ချပြီးမှသာလျှင် အလှူဒါနမြောက်မည်ဖြစ်သည်။ တချို့သောသူများသည် ဖျော်ဖြေပွဲများ၊ ဇာတ်ပွဲများကြည့်ပြီး အချိန်ပြည့်ပဒေသာပင် လှည့်ထားရသောကြောင့် ပင်ပန်းနွမ်းနယ်ကာ အလှူရေစက်ချပွဲသို့ပင် မတက်နိုင်ကြတော့ပေ။ မည်သို့ပင် ပင်ပန်းနေစေကာမူ ကထိန်သင်္ကန်းအလှူ ရေစက်သွန်းချပွဲ အခမ်းအနားကို မပျက်မကွက် တက်ရောက်လှူဒါန်းပြီး ရေစက်သွန်းချ အမျှဝေသာဓုသုံးကြိမ်ခေါ်ဖြစ်အောင် လုပ်ဆောင်သင့်ပေသည်။
ရိုးရာအစဉ်အလာကို ဆက်လက်ထိန်းသိမ်းသင့် ကမ္ဘာတွင် အလှူရေစက်လက်နှင့်မကွာသည်မှာ ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားများသာ ဖြစ်ကြသည်။ သာဓကအနေဖြင့် မြန်မာတို့သည် အလှူဒါနရက်ရောကြသဖြင့် မြန်မာနိုင်ငံသည် အလှူအတန်းပြုရာတွင် ကမ္ဘာ့အဆင့်တစ်နေရာ၌ပင် ရပ်တည်နိုင်ခဲ့ပေသည်။ အထူးသဖြင့် ကျေးလက်နေပြည်သူများသည် လယ်ယာထွက်ကုန် ပေါ်ဦးပေါ်ဖျား၊ စားဦးစားဖျားတို့ကို ဦးစွာအလှူအတန်း ပြုလုပ်ကြသည်။ ထိုဓလေ့မျိုးသည် ဂုဏ်ယူစရာကောင်းပြီး ရိုးရာထုံးတမ်းအစဉ်အလာကိုလည်း သားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်း သွားရန်မှာမျိုးဆက်သစ် လူငယ်လူရွယ်များ၏ သမိုင်းပေး တာဝန်ပင်ဖြစ်သည်။
ဆိုရလျှင် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းသောအလှူသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက် များစွာကုသိုလ်ဖြစ်ထွန်းစေသော အလှူဒါနတစ်ခုပင်ဖြစ်သည်။ ထိုအလှူကို တတ်အားသရွေ့ ပါဝင်လှူဒါန်းခြင်းသည် လောကီလောကုတ် နှစ်ဖြာသောအကျိုးတရားများ ရရှိစေမည်ဖြစ်သည်။ ထိုသို့လှူဒါန်းရာတွင်လည်း ငွေကြေးနှင့် အချိန်ကုန်ရကျိုးနပ်အောင် ကထိန်သင်္ကန်းအား သံဃာ့လက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းဆက်ကပ် သွားသင့်ပေသည်။ သို့မှသာလျှင် အကျိုးတရားများစွာကို လက်တွေ့ကျကျရရှိစေမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးသည် အကျိုးထူးငါးဖြာကို ချက်ချင်းရရှိစေနိုင်သော ကထိန်သင်္ကန်းအား ဆက်ကပ်လှူဒါန်းခြင်းဖြင့် မဂ်လမ်းကိုဝင်နိုင်ကြပါစေ။ ။
မောင်သောင်းဝင်း(တမန်ဟောင်း)