အရှေ့တောင်အာရှ သက်ငယ်တန်း ကြက်တောင်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အောင်ပွဲရမြန်မာ ကြက်တောင် အားကစားသမားများ ပြန်လည်ရောက်ရှိ

အရှေ့တောင်အာရှ သက်ငယ်တန်း ကြက်တောင်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အောင်ပွဲရမြန်မာ ကြက်တောင် အားကစားသမားများ ပြန်လည်ရောက်ရှိ

 

    ကမ္ဘောဒီးယားနိုင်ငံက အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၃ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့သည့် Bad-minton Asia Junior Under 15-17(Sou-theast Asia)Regional Championships 2023(Team Event ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကြက်တောင်အသင်းသည် ကမ္ဘောဒီးယား၊လာအို၊ ဘရူနိုင်းနှင့် အရှေ့တီမောနိုင်ငံတို့ကို အနိုင်ယူကာ ရွှေ ၁၁ ခု၊ ငွေလေးခု၊ ကြေးနှစ်ခုဆွတ်ခူးရရှိခဲ့ကြောင်း   သိရသည်။

အဆိုပါပြိုင်ပွဲ၌ အမျိုးသားအသက် ၁၅ နှစ် တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆု(ရွှေ) ညီဇေယျ၊ တတိယဆု(ကြေး)ရဲလင်းထက်၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆု(ရွှေ)ညီဇေယျနှင့် ရဲလင်းထက်၊ အမျိုးသမီးတစ်ဦးချင်းတွင် ပထမဆု(ရွှေ)လင်းလင်းထက်၊ ဒုတိယဆု(ငွေ)သဒ္ဒါထက်ကျော်၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆု(ရွှေ) လင်းလင်းထက်နှင့် သဒ္ဒါထက်ကျော်၊ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆု(ရွှေ)ညီဇေယျနှင့် လင်းလင်းထက်၊ ဒုတိယဆု(ငွေ)ရဲလင်းထက်နှင့် သဒ္ဒါထက်ကျော်တို့က ဆုတံဆိပ်များ အသီးသီးဆွတ်ခူးရရှိခဲ့သည်။ ထို့ပြင် အသက် ၁၇ နှစ် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆု(ရွှေ)ဉာဏ်ရှိန်လင်း၊ ဒုတိယဆု(ငွေ) ဘုန်းထက်ကျော်၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆု(ရွှေ)ဉာဏ်ရှိန်လင်းနှင့် ဘုန်းထက်ကျော်၊ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် ပထမဆု(ရွှေ)အိမ့်ချစ်ဖူး၊ ဒုတိယဆု(ငွေ)ယွန်းလဲ့အိမ်၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် တတိယဆု(ကြေး)အိမ့်ချစ်ဖူးနှင့် ယွန်းလဲ့အိမ်၊ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင်   ပထမဆု(ရွှေ) ဘုန်းထက်ဇော်နှင့်အိမ့်ချစ်ဖူးတို့က ဆုတံဆိပ်များအသီးသီးရရှိခဲ့ကြပြီး အသင်းလိုက်ပြိုင်ပွဲ အသက်  ၁၅  နှစ်တွင်  ပထမဆု(ရွှေ)၊ အသင်းလိုက်ပြိုင်ပွဲ အသက် ၁၇ နှစ်တွင် ပထမဆု(ရွှေ)အသီးသီး ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါမြန်မာကြက်တောင်အားကစား အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်အမှုဆောင် ဦးရဲမြင့်၊ အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများသည်  ယနေ့ ညပိုင်းတွင်  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ   မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် အမှုဆောင်များ၊ အားကစားသမားများ၏ မိဘ၊ ဆွေမျိုးများကြိုဆိုခဲ့ကြောင်း သိရသည်။