မြန်မာကြက်တောင်မယ် သက်ထားသူဇာ ကူမာမိုတိုမာစတာဂျပန် ၂၀၂၃ ကြက်တောင်ပြိုင်ပွဲ ၃၂ ဦး ရှုံးထွက်အဆင့်တွင် တရုတ်ကြက်တောင်မယ် ချန်ယူဖိုင်နှင့် စတင်ကစားရမည်

မြန်မာကြက်တောင်မယ် သက်ထားသူဇာ ကူမာမိုတိုမာစတာဂျပန် ၂၀၂၃ ကြက်တောင်ပြိုင်ပွဲ ၃၂ ဦး ရှုံးထွက်အဆင့်တွင် တရုတ်ကြက်တောင်မယ် ချန်ယူဖိုင်နှင့် စတင်ကစားရမည်

 

ဂျပန်နိုင်ငံ ကူမာမိုတိုမြို့၌ နိုဝင်ဘာလ ၁၄  ရက်မှ ၁၉ ရက်အထိ  ကျင်းပမည့် ကူမာမိုတိုမာစတာဂျပန်   ၂၀၂၃ ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာသည်    ၃၂ ဦး  ရှုံးထွက်အဆင့်တွင်   တရုတ်ကြက်တောင်မယ် ချန်ယူဖိုင်နှင့် စတင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များအရ  သက်ထားသူဇာသည်   ကူမာမိုတိုမာစတာ ဂျပန်၂၀၂၃ ကြက်တောင်ပြိုင်ပွဲတွင်   လက်ရည်စစ်အဆင့် ကစားရမည် မဟုတ်ဘဲ  ၃၂ ဦး ရှုံးထွက်အဆင့်မှ  စတင်ကစားရမည်ဖြစ်သည်။

သက်ထားသူဇာသည်     လက်ရှိတွင် ကမ္ဘာ့အဆင့် (၄၀) နေရာ၌ ရပ်တည်နေပြီး တရုတ်ကြက်တောင်မယ် ချန်ယူဖိုင်သည်    ကမ္ဘာ့အဆင့်(၃) နေရာ၌ ရပ်တည်နေသည့် ထိပ်တန်းကြက်တောင်မယ်တစ်ဦးဖြစ်သည့် အတွက် သက်ထားသူဇာအနေဖြင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိသည်။

သက်ထားသူဇာသည် အောက်တိုဘာလ  ၃၁ ရက်မှ  နိုဝင်ဘာလ ၅ ရက်အထိ ကျင်းပလျက်ရှိသည့် မလေးရှားစူပါ-၁၀၀ ကြက်တောင်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရာတွင်   ဗီယက်နမ်ကြက်တောင်မယ်   သီထရန်ကို  ရှုံးနိမ့်သည့် အတွက် ၃၂ ဦး ရှုံးထွက်အဆင့်မှပင် ထွက်ခွာခဲ့ရသည်။

ကူမာမိုတိုမာစတာဂျပန်     ၂၀၂၃  ကြက်တောင်ပြိုင်ပွဲပြီးလျှင်  နိုဝင်ဘာလ ၂၁ ရက်မှ ၂၆ ရက်အထိ  တရုတ်နိုင်ငံ၌ ကျင်းပမည့်   ချိုင်းနားမာစတာ   ၂၀၂၃  ကြက်တောင်ပြိုင်ပွဲကိုလည်း  သက်ထားသူဇာ အနေဖြင့်   ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။