သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ကမ္ဘာ့သက်တမ်း အရင့်ဆုံး ပိရမစ်
ပိရမစ်လို့ပြောလိုက်တာနဲ့ အီဂျစ်မှာရှိတဲ့ ရှေးဘုရင်များရဲ့ အုတ်ဂူများကို ပြေးမြင်မိကြမယ် ထင်ပါတယ်။ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ပိရမစ်လို့ ဆိုလိုက်ရင်လည်း အီဂျစ်ပိရမစ်များကို လက်ညှိုးထိုးပြကြမှာပါ။
အရင်တုန်းကဆိုရင်တော့ ဟုတ်ကောင်းဟုတ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ထက်ပိုပြီး ရှေးကျတဲ့ပိရမစ်ကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိလိုက်လို့ပဲဖြစ်ပါတယ်။
ရှေးဟောင်း သုတေသနပညာရှင်များဟာ အင်ဒိုနီးရှားနိုင်ငံမှာ အနက် ၉၈ ပေ ရှိတဲ့ ကျောက်တုံးကြီး တစ်တုံးကို တွေ့ရှိ လိုက်ပါတယ်။
အဲဒီကျောက်တုံးကြီးဟာ ချော်ကျောက် တောင်ကုန်းလေးအတွင်းမှာ တည်ရှိနေတာပါ။ အခုတော့ အဲဒါက ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံးသော ပိရမစ်အဖြစ် သိပ္ပံပညာရှင်များက သတ်မှတ်လိုက်ပါပြီ။
ကျောက်တုံးကြီးကိုတော့ ပါဒန်းတောင် ပိရမစ်လို့ နာမည်ပေးထားပါတယ်။ သူ့ကို နယ်သာလန်လေ့လာ စူးစမ်းရေးသမားများက ၁၈၉၀ ပြည့်နှစ် အလွန်ကာလမှာ ပြန်လည်ရှာတွေ့ခဲ့တာပါ။
ဒီပိရမစ်ဟာ ရှေးခေတ်ကာလက လူလုပ်အဆောက်အအုံများအနက် သက်တမ်းအရင့်ဆုံး ဖြစ်တယ်ဆိုတာကို နောက်ဆုံးပေါ် ရေဒီယိုကာဗွန် နည်းပညာကြောင့် သိရှိခဲ့ရတာပါ။
အဲဒီပိရမစ်မှာ အင်ဒီဆိုက်မီးတောင် ချော်ကျောက်အပေါ်မှာ ဆောက်တွေနဲ့ ထွင်းထားတဲ့ လှေကားထစ်ပေါင်း ရာချီရှိတာကိုလည်း တွေ့ရပါတယ်။
ပါဒန်းတောင်ပိရမစ်ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂၀၀၀၀ ကျော်ကြာပြီဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာရှိသမျှသော သမိုင်းဝင် အဆောက်အအုံများအားလုံးထက်သာမက အီဂျစ်မှာရှိတဲ့ ဂီဇာပိရမစ်တွေ၊ အင်္ဂလန်နိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ Stone-hege တို့ထက်လည်း နှစ်ထောင်ပေါင်းများစွာကြာ သက်တမ်းပိုရင့်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မီးတောင်ပေါများတဲ့ ဒေသတစ်ခုပါ။ အခုတွေ့ရှိတဲ့ပိရမစ် ဆိုရင်လည်း သဘာဝချော်ရည်ကျောက်များမှာ ထွင်းထုထားတာကို တွေ့ရပါတယ်။
ဒီပိရမစ်ကို ထွင်းထုထားသူများကလည်း မုဆိုးများ၊ အစာရေစာ ရှာဖွေစုဆောင်းသူများဖြစ်ပြီး သူတို့အနေနဲ့ ခိုနားရာတစ်ခုအတွက် ထွင်းထုထားဟန်တူတယ်လို့ သိပ္ပံပညာရှင်များက ယူဆထားပါတယ်။
ဒါကြောင့် အခုလိုပိရမစ်ကိုတွေ့ရှိတာဟာ ရှေးခေတ်လူသားများအနေနဲ့ ဘယ်လိုမျိုး နေထိုင်ခဲ့တယ်ဆိုတဲ့ ယနေ့ခေတ်အယူအဆတွေကိုလည်း ပြောင်းပြန်ဖြစ်သွားစေပြီး စစ်မှန်တဲ့တည်ဆောက်ရေး စွမ်းရည်များကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ပညာရှင်များက ဆိုထားပါတယ်။
သိပ္ပံပညာရှင်များဟာ ပါဒန်းတောင် ပိရမစ်နဲ့ပတ်သက်ပြီး ရာစုနှစ်တစ်ခုကျော်ကြာ အငြင်းအခုံ လုပ်ခဲ့ကြတာပါ။
သူတို့ အငြင်းအခုံလုပ်တဲ့ အကြောင်းရင်းကတော့ ဒီပိရမစ်ဟာ လူလုပ်ထားတဲ့အရာလား၊ သဘာဝအလျောက်ဖြစ်တည်နေတဲ့ အရာလားဆိုပြီးတော့ပေါ့။
ဒါပေမဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် အတွင်းမှာ ဘူမိဗေဒပညာရှင် ဒန်နီဟေးမန်း နာတာဝီဂျာဂျာနဲ့အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေက ဒီလိုမျိုးငြင်းခုံနေရမှုကို အဆုံးသတ်သွားစေပါတယ်။
သူတို့အဖွဲ့ဟာ မြေအောက်ပုံရိပ်များကို ရရှိနိုင်ဖို့အတွက် မြေပြင်ဖောက်ထွင်း ရေဒါများ၊ မြေသားတူးယူတဲ့ ကိရိယာများ၊ တူးဖော်ခြင်း နည်းလမ်းများကို အသုံးပြုခဲ့ပါတယ်။ အဲဒီအခါ ပညာရှင်များ ပါဝင်တဲ့အဖွဲ့ဟာ ပါဒန်းတောင်ရဲ့အောက်ပိုင်းရှိ ပိရမစ်ကြီးရဲ့ပထမဆုံးသော အလွှာဆီရောက်ရှိ ခဲ့ပါတယ်။ အကွာအဝေးအားဖြင့် မြေအောက် ၉၈ ပေမှာပါ။
ဒါကြောင့် ပါဒန်းတောင်ပိရမစ်ကြီးဟာ သဘာဝအလျောက် ဖြစ်တည်နေတဲ့အရာ မဟုတ်ကြောင်းနဲ့ လူလုပ်ထားတဲ့ အရာသာ ဖြစ်ကြောင်းကို သက်သေနဲ့တကွ ဖော်ပြနိုင်ခဲ့တယ်လို့ ပညာရှင်များက မကြာသေးမီက ထုတ်ဖော်ပြောခဲ့တာ တွေ့ရပါတယ်။
ပိရမစ်ရဲ့ အလယ်အူတိုင်လိုနေရာမှာ အနုစိတ် ထွင်းထုထားတယ်လို့ ယုံကြည်ရတဲ့ ချော်ရည်ကျောက်ရုပ်တုများကို ပညာရှင်များက ရှာဖွေတွေ့ရှိကြပါတယ်။
ပညာရှင်များက သူတို့တွေ့ရှိတဲ့ ပိရမစ်ကြီးကို အလွှာလေးလွှာ ခွဲလိုက်ပါတယ်။ ယူနစ် ၁၊ ယူနစ် ၂၊ ယူနစ် ၃ နဲ့ ယူနစ် ၄ ဆိုပြီးတော့ပါ။
ပိရမစ်ကြီးရဲ့ အတွင်းပိုင်းအကျဆုံး အခန်းငယ်ကို ယူနစ် ၄ အဖြစ် သတ်မှတ်ထားပြီး အပြင်ဘက် အကျဆုံးအပိုင်းကို ယူနစ် ၁ အဖြစ် သတ်မှတ်ထားပါတယ်။
ပညာရှင်များရဲ့ သတ်မှတ်ချက်အရ ယူနစ် ၄ ဟာ မူလက သဘာဝ မီးသင့်ကျောက်တောင်အဖြစ် တည်ရှိခဲ့ဖွယ်ရှိပြီး ရေခဲခေတ်နှောင်းပိုင်း ကာလများရောက်တော့မှ လူသားတွေက သူတို့ရဲ့ခိုနားရာအဖြစ် ထွင်းထုခဲ့ဟန်ရှိတယ်လို့ သိရပါတယ်။
အချိန်ကာလအားဖြင့် ဘီစီ ၂၅၀၀၀ ကနေ ဘီစီ ၁၆၀၀၀ ပါ။
ရေခဲခေတ်ပြီးတော့ ပါဒန်းတောင်ပိရမစ်ဟာ လူသားတွေရဲ့ နှစ်ထောင်ပေါင်းများစွာကြာ စွန့်ပစ်ခြင်းကို ခံလိုက်ရပါတယ်လို့ သုတေသနပညာရှင်များက ဆိုပါတယ်။
ဘီစီ ၇၉၀၀ နဲ့ ၆၁၀၀ ကြားကာလမှာတော့ ယူနစ် ၃ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းမှာ မြေသားတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခြင်းကို ခံလိုက်ရဖွယ်ရှိပါတယ်။ ယူနစ် ၂ က ဘီစီ ၆၀၀၀ နဲ့ ၅၁၀၀ ကြားမှာပေါ်ပေါက်ခဲ့ကာ အဲဒီအဆင့်မှာတော့ ကျောက်တိုင်များ၊ လှေကားထစ်များ ကိုတွေ့ရှိရပါတယ်။
နောက်ဆုံးအပိုင်းဖြစ်တဲ့ ယူနစ် ၁ ကတော့ အီဂျစ်မှာရှိတဲ့ တချို့ပိရမစ်တွေထက် သက်တမ်းနုကာ ဘီစီ ၂၀၀၀ နဲ့ ၁၁၀၀ ကြားကာလမှာ ဖြစ်တည်ခဲ့ဟန်တူပါတယ်။
ပါဒန်းတောင်ပိရမစ်ရဲ့ ယူနစ် ၃ နဲ့ ယူနစ် ၂ ကိုတည်ဆောက်ခဲ့သူများက အင်္ဂတေကို ကောင်းကောင်းမွန်မွန်အသုံးပြု နိုင်ခဲ့ဖွယ်ရှိပြီး ဒီအချက်ဟာ မုဆိုးများ၊ အစာရေစာ စုဆောင်းသူများရဲ့ သမားရိုးကျ ယဉ်ကျေးမှုနဲ့ကိုက်ညီခြင်း မရှိတာကို တွေ့ရပါတယ်လို့ ဘူမိဗေဒပညာရှင် ဒန်နီဟေးမန်းနာတာဝီဂျာဂျာကပြောပါတယ်။
သာမန်အားဖြင့်ဆိုရင် ဒီလိုပိရမစ်ကို ရှာဖွေတွေ့ရှိဖို့ဆိုတာ တော်ရုံတန်ရုံ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ အခုတော့ သိပ္ပံပညာရှင်များရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် အခုလိုမျိုး နှစ်ပေါင်းသောင်းနဲ့ချီ သက်တမ်းရှိတဲ့ ပိရမစ်တစ်ခုကို တွေ့ရှိခဲ့ရတာဟာ ရှေးခေတ်လူသားများရဲ့နေထိုင်မှု အခြေအနေနဲ့ပတ်သက်ပြီး ပိုမိုသိရှိ လာနိုင်တော့မယ်လို့ မျှော်မှန်းရပါတယ်။