အရိုးအဆစ်နာကျင်မှု မခံစားရစေဖို့ ရှောင်ကြဉ်သင့်သည့် အရာများ

အရိုးအဆစ်နာကျင်မှု မခံစားရစေဖို့ ရှောင်ကြဉ်သင့်သည့် အရာများ

 

    လူတိုင်း  အရိုးအဆစ်နာကျင်မှုကို ခံစားဖူးကြပါတယ်။  အထူးသဖြင့်  အရိုးအဆစ် လှုပ်ရှားမှုများသူတွေ၊ အဆစ်အားနည်းသူတွေအနေနဲ့ ပိုပြီးခံစားကြရပါတယ်။

အရိုးအဆစ်နာကျင်မှုက မှောက်အိပ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မှောက်အိပ်တာက ဟောက်သံထွက်တာ  သက်သာစေတယ် ဆိုပေမယ့်  ခန္ဓာကိုယ် ပေါ်မှာ  တခြားဆိုးကျိုးတွေ  ဖြစ်ပေါ်စေပါတယ်။မှောက်အိပ်တဲ့အခါ ဦးခေါင်းနဲ့လည်ပင်းကို လိမ်စောင်းပြီးအိပ်ရတာကြောင့် အာရုံကြောကို ထိမိသလိုဖြစ်စေ ပါတယ်။ ဒါ့ပြင် ခါးနောက်ကျောရိုးကိုလည်း ဖိအားကျရောက်ပြီး ခါးရိုးရဲ့တည်နေရာ လွဲသွားစေပါတယ်။

အဝလွန်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အ၀လွန်တာကြောင့်  အဆစ်ပေါ်မှာဒဏ်ပိပြီး  အဆစ်ရောင်ရမ်းမှုကို ပိုပြီးဖြစ်ပေါ်စေပါတယ်။ ကိုယ်အလေးချိန် တစ်ပေါင်တိုးလာတိုင်း  ဒူးဆစ်မှာ ဒဏ်ပိနိုင်ခြေက လေးပေါင်လောက် ပိုများလာစေတယ်လို့ သုတေ သနပြုလုပ်မှုတွေအရ  သိရပါတယ်။  အဝလွန်တာကြောင့် အဆစ်တွေကို ဒဏ်ပိစေရုံသာမက အဆစ်ပိုတွေကလည်း အဆစ်ရောင်ရောဂါကို ပိုမိုဆိုးရွားစေ ပါတယ်။ ဒါ့ပြင် နာတာရှည်ဖြစ်နိုင်တဲ့ ရောင်ရမ်းစေတဲ့ ဓာတုပစ္စည်းတွေကို ပိုမိုထုတ်လုပ်စေပါတယ်။

အဆစ်ရောင်ရောဂါရှိသူတွေရဲ့ ၈၀ ရာခိုင်နှုန်းက အိပ်စက်မှုပြဿနာတွေ ရှိကြပါတယ်။ အဆစ်ရောင် ရမ်းနာကျင်တာ၊  အဆစ်ကိုက်ခဲတာ   စတာတွေခံစားရတာကြောင့် အိပ်ပျော်ဖို့ ခက်ခဲတတ်ကြပါတယ်။အဲဒီလိုပဲ အိပ်စက်မှု ပြဿနာရှိသူတွေကလည်း အဆစ် ရောင်ရောဂါ အလွယ်တကူဖြစ်ပွားနိုင်ပြီး ရောဂါပိုဆိုး နိုင်ပါတယ်။

ဆေးလိပ်သောက်တာကြောင့်  အဆစ်နာကျင်မှု ဖြစ်နိုင်ပါတယ်။    ဆေးလိပ်သောက်တာက အရိုး၊တစ်သျှူးနဲ့ ကျောရိုးတိုင်အတွင်းမှာ သွေးလှည့်ပတ်မှု နည်းစေနိုင်ပါတယ်။  ဒါ့ပြင်  နီကိုတင်းက  ကယ်လ်စီယမ်စုပ်ယူမှုကို   လျော့ကျစေပါတယ်။    ခန္ဓာကိုယ် အတွင်းက အီစတြိုဂျင် ထုတ်လုပ်မှုကိုလည်း အနှောင့် အယှက်ပေးပါတယ်။ အမျိုးသမီးတွေ အရိုးကျန်းမာ ဖို့ အီစတြိုဂျင်ဟော်မုန်း လိုအပ်ပြီး ဆေးလိပ်သောက်တာကြောင့်   အီစတြိုဂျင်ဟော်မုန်း ထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။

ကွန်ပျူတာရှေ့မှာထိုင်ပြီး အချိန်အကြာကြီးအလုပ် လုပ်ရသူတွေမှာ    လည်ကုပ်ညောင်းသလို   လက်ကောက်ဝတ်၊   ပခုံးနဲ့ခါးနောက်ကျော နေရာတွေမှာ နာကျင်မှုတွေ  ခံစားရနိုင်ပါတယ်။  ကြွက်သားတွေ အလုပ်လုပ်ရတာ များလွန်းတဲ့အတွက်  ခါးရိုးနေရာတွေမှာလည်း ဒဏ်ပိနိုင်ပါတယ်။ ထိုင်တာတစ်နာရီကြာတိုင်း မိနစ်အနည်းငယ်လောက် လမ်းထလျှောက်ပေးသင့်ပါတယ်။

အထိုင်များပြီး   လေ့ကျင့်ခန်း မလုပ်တာကြောင့်လည်း    အဆစ်နာကျင်မှုဖြစ်နိုင်ပါတယ်။     လူတိုင်း နေ့စဉ်အားကစားတစ်ခုခု အပြေး၊ ရွရွပြေး၊  လမ်းလျှောက်၊  စက်ဘီးစီး၊  ရေကူးပြုလုပ်သင့်ပါတယ်။အသက်   ၄၀  ကျော်လာတဲ့အခါ  အရိုးပါးလာပြီး အလွယ်တကူ ကျိုးနိုင်တယ်။   ခွန်အားအသုံးပြုပြီး လုပ်ရတဲ့လေ့ကျင့်ခန်းနဲ့  အရိုးသန်မာစေတဲ့ လေ့ကျင့်ခန်းပြုလုပ်တာက အရိုးသိပ်သည်းဆ ၁ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့်     အရိုးဆဲလ်အသစ် ထွက်ပေါ်လာစေပါတယ်။ ဒါ့ပြင် ကြွက်သားသန်မာပြီး အရိုးသိပ်သည်းဆ များလာတာကြောင့် အဆစ်တွေ သန်မာလာစေပါတယ်။

ခြေဆစ်၊ လက်ဆစ်ချိုးတာ မပြုလုပ်သင့်ပါဘူး။တချို့လူတွေက ခြေဆစ်၊ လက်ဆစ်ချိုးတတ်တဲ့ အကျင့် ရှိတယ်။ အဆစ်ချိုးလိုက်တဲ့အခါ အဆစ်ထဲမှာ အရည် ပူဖောင်းလေးတွေ ပေါက်ထွက်သွားလို့ အသံမြည်လာပါတယ်။ အဆစ်ချိုးတာကြောင့် အဆစ်ရောင်ရောဂါ ရနိုင်တယ်ဆိုတဲ့ အယူအဆတွေရှိပါတယ်။ လက်ဆစ် ချိုးတာကြောင့် လက်မှာရောင်ရမ်းမှုတွေဖြစ်နိုင်ပြီး ပစ္စည်းတွေဆုပ်ကိုင်ရာမှာ    မမြဲတာမျိုးတွေဖြစ်နိုင် ပါတယ်။

လူအများစုအတွက်  ဆောင်းရာသီ အအေးဓာတ်က အဆစ်အမျက် နာကျင်တာကို ခံစားရစေပြီး  အရိုးကျန်းမာရေး အတွက် ဂရုစိုက်ရပါတယ်။ ဆောင်းရာသီမှာ  အရိုးအဆစ်နာကျင်တာနဲ့ပတ်သက်ပြီး အသက်အရွယ်ကြီးရင့်တဲ့သူ အများစုနဲ့ ကျန်းမာရေးမကောင်းသူတွေက  ညည်းတွားမိကြပါတယ်။  လေးဖက်နာ ရောဂါ၊ အဆစ်အမျက် နာကျင်ကိုက်ခဲတဲ့ရောဂါရှိသူတွေကလည်း ဆောင်းရာသီမှာ အဆစ်အမျက်နာကျင်ရတာတွေကို ပိုပြီးတွေ့ကြုံရပါတယ်။

မိုးရာသီနဲ့ဆောင်းရာသီတွေမှာ  အဆစ်အမျက်နဲ့ အရိုးတွေ    ဘာလို့နာကျင်ရတာလဲ ဆိုတာကတော့ အကြောင်းရင်း များစွာရှိပါတယ်။    အဖြစ်နိုင်ဆုံးတစ်ခုက ဆောင်းတွင်းမှာ  အပူချိန်လျော့နည်းသွားတာနဲ့ ဆက်စပ်ပါတယ်။ လေဖိအားအပြောင်းအလဲ ဖြစ်သွားတဲ့အတွက် အဆစ်အမျက်တွေနဲ့ အကြောတွေမှာ ဖိအားများလာပြီး ရှိနေပြီးသားနာကျင်မှုကို ပိုတိုးလာစေတာဖြစ်ပါတယ်။ အပူချိန်လျော့ကျသွားတာကလည်း အရိုးအဆစ်တွင်းက အရည်တွေကို ပျစ်လာစေပြီး ထုံကျဉ်တာတွေဖြစ်စေပါတယ်။ အေးမြတဲ့အပူချိန်က  နာကျင်မှုခုခံအားစနစ်ကို  အထိခိုက်မခံနိုင် အောင်ဖြစ်စေပြီး အရိုးအဆစ်တွေ ပိုပြီးနာကျင်မှုဖြစ် စေပါတယ်။  နောက်တစ်ချက်က  ဆောင်းရာသီမှာလူအများစုက ကိုယ်လက်လှုပ်ရှားမှု အားနည်းကြတယ်။အဲဒီလိုလှုပ်ရှားမှုနည်းတာက   အရိုးအဆစ်တွေကို ထုံကျဉ်မှု၊ နာကျင်မှုဖြစ်လာစေနိုင်ပါတယ်။

ဆောင်းရာသီမှာ အအေးဒဏ်ကြောင့် အရိုးအဆစ် နာကျင်မှုနည်းအောင်၊ ကျန်းမာသန်စွမ်းအောင် ဂရုစိုက်ပေးလို့ရတဲ့ နည်းလမ်းတချို့ရှိပါတယ်။ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းက  အရိုးအဆစ်ကျန်းမာရေး အတွက်  အထောက်အကူဖြစ်စေပြီး  အရိုးအဆစ် ထုံကျဉ်၊ နာကျင်တာကိုလည်း လျှော့ချပေးပါတယ်။

အဆစ်အမျက်အတွက်   အရိုးကိုဖိအားမပေးတဲ့ လေ့ကျင့်ခန်းကို      ရွေးချယ်ပြုလုပ်သင့်ပါတယ်။

အကြောလျှော့ လေ့ကျင့်ခန်းကလည်း အဆစ်အမျက် နာကျင်တာတွေကို သက်သာအောင် ကူညီပေးပါတယ်။လုံလောက်တဲ့ ကယ်လ်စီယမ်ပမာဏနဲ့ ဗီတာမင်ဒီ ဓာတ်တွေကိုထောက်ပံ့ပေးတဲ့ ကျန်းမာရေးနဲ့ညီညွတ် တဲ့အစားအစာကို စားသုံးပေးသင့်ပါတယ်။ နို့ထွက် ပစ္စည်းနဲ့  ပဲပိစပ်တွေက  ကယ်လ်စီယမ်ဓာတ်တွေကို ထောက်ပံ့ပေးပါတယ်။ နို့ထွက်ပစ္စည်းကနေ ဗီတာမင်ဒီ ဓာတ်ကိုလည်း ရရှိနိုင်ပါတယ်။

ကောင်းကောင်းအိပ်စက် အနားယူသင့်ပါတယ်။ဆောင်းရာသီမှာဆိုရင်     လူက   အားနည်းသလို၊ နုံးချည့်နေသလို  ခံစားကြရတယ်။ ညဘက်ကောင်း ကောင်းမအိပ်စက်ရရင်   ဒီထက်ပိုဆိုးနိုင်ပြီး  အရိုးအဆစ်တွေမှာ    နာကျင်မှု ဖြစ်လာတတ်ပါတယ်။အရိုးအဆစ်နာကျင်မှုက တစ်ပတ်လောက်အထိ ပိုပြီး ဆိုးရွားနေတယ်ဆိုရင်၊ အဆစ်အမျက် နာကျင်တတ်တဲ့ သူတွေမှာ အရိုးအဆစ်လက္ခဏာ အသစ်တွေ ခံစား ရရင်  ချက်ချင်းဆရာဝန်နဲ့ပြသပြီး  လိုအပ်တဲ့ကုသမှု ခံယူသင့်ပါတယ်။

ဒါ့ပြင် အအေးဒဏ်ခံနိုင်အောင် အဝတ်အစားကို နွေးနွေးထွေးထွေး ဝတ်ဆင်သင့်တယ်။  အပူကလည်း ကြွက်သားတွေကို ပြေလျော့အောင် ကူညီပေးတယ်။

ဒါကြောင့်  နာကျင်တဲ့အရိုးအဆစ်တွေပေါ်မှာ  အပူအိတ်(ရေနွေးအိတ်) ကပ်သင့်တယ်။

အရိုးအဆစ်ရောင်ရမ်းခြင်း    (Osteoarthritis) ဆိုတာ အဆစ်အမျက် ယိုယွင်းပျက်စီးတဲ့ ရောဂါတစ်မျိုး ပဲဖြစ်တယ်။ သောက်ဆေးတွေက နာကျင်တာသက်သာ စေနိုင်ပေမယ့် လိမ်းဆေးတွေ၊ လူနေမှုပုံစံပြောင်းလဲခြင်းတွေနဲ့ သဘာဝကုထုံးတွေကလည်း အရိုးအဆစ်ရောင်ရမ်းခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှုကို သက်သာစေပါတယ်။

ဂေါက် (Gout) အဆစ်ရောင်ရောဂါက အဆစ်တွေ နာကျင်ကိုက်ခဲပြီး ယူရစ်အက်စစ်ပုံဆောင်ခဲလေးတွေ စုပုံလာပြီးနောက်      အဲဒီအရိုးအဆစ်တွေက  ရောင်ရမ်းလာပြီးတော့ အရိုးအဆစ်တွေ နာကျင်လာတာကို  (Gout) အဆစ်ရောင်ရောဂါလို့ခေါ်တယ်။

ပုံမှန်  ခန္ဓာကိုယ်ကနေ  Purine ခေါ်တဲ့  Protein ဓာတ်တစ်မျိုးကို ကျောက်ကပ်ကနေ တစ်ဆင့် စွန့်ထုတ်ရပါတယ်။ အဲဒီ Purine ac: Protein  ကို အကြောင်းကြောင်းကြောင့် ကျောက်ကပ်ကနေ မစွန့်ထုတ်နိုင်တဲ့အခါ ဒါမှမဟုတ် ကျောက်ကပ်ကနေ စွန့်ထုတ်နိုင်တဲ့ ပမာဏထက်  ခန္ဓာကိုယ်မှာ  များပြားလွန်းတဲ့အခါ အဲဒီ Purine    ကနေ ယူရစ်အက်စစ်  ဖွဲ့စည်းတည်ဆောက်တဲ့ အရာမှာ ဓာတ်ကူပစ္စည်းအနေနဲ့   ကူညီဆောင်ရွက်ပေးလိုက်တဲ့အတွက် ယူရစ်အက်စစ်က များသထက် များလာပါတယ်။ ဂေါက် (Gout)  ရောဂါလက္ခဏာတွေက ပခုံးဆစ်၊ ဒူးဆစ်၊ ခြေဆစ်တွေမှာ ယူရစ်အက်စစ် ပုံဆောင်ခဲလေးတွေ  စုပုံပြီးနောက် မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲလာတာက တခြား

လက္ခဏာမပြဘဲ    ရုတ်တရက်ဖြစ်လာတတ်တယ်။    Colchicine ၊ Allopuriol သောက်ပေးရင်   ယူရစ်အက်စစ် ကျဆင်းပြီး ဂေါက်ရောဂါ သက်သာလာပါတယ်။ ကလီစာ၊ မှို၊ မျှစ်၊ အာလူး စတဲ့ အစားအစာတွေ  ရှောင်ကြဉ်ဖို့ လိုပါတယ်။     ။

ဒေါက်တာလွင်သန့်