မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာပွဲစဉ်များကြောင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ရပ်နားထားမည် ဖြစ်ပြီး ပြန်လည်ကျင်းပမည့်ရက်ကို ထပ်မံထုတ်ပြန်ပေးမည်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် ၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာပွဲစဉ်များကြောင့် ရပ်နားထား မည်ဖြစ်ပြီး ပြန်လည်ကျင်းပမည့်ရက်ကို မြန်မာနေရှင် နယ်လိဂ်ကော်မတီမှ ထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းများအနေ ဖြင့် မြန်မာ့လက်ရွေးစင်အသင်းထံ ကစားသမားများ စေလွှတ်ပေးရမည်ဖြစ်သည့်အတွက် မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာ ပွဲစဉ်များကစားပြီးမှသာ ပြန်လည်ကျင်းပမည်ဖြစ် သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုလအတွင်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ(အာရှဇုန်) ဒုတိယ အဆင့်အုပ်စုပွဲစဉ်များအဖြစ် နိုဝင်ဘာလ ၁၆ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၌ ကစားရမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၁ ရက်တွင် အိမ်ကွင်းပွဲစဉ်အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ မြောက်ကိုရီးယား အသင်းနှင့်ကစားရမည်ဖြစ်သည်။
နိုင်ငံတကာပွဲစဉ်များကြောင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ရပ်နားထားမည်ဖြစ်သော်လည်း ရှမ်းယူနိုက် တက်အသင်းကစားမည့် အေအက်ဖ်စီဖလားပြိုင်ပွဲကို ရွှေ့ဆိုင်းမည်မဟုတ်ဘဲ နိုဝင်ဘာလ ၉ ရက်တွင် ပုံမှန် အတိုင်း ဆက်လက်ကစားမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ၁၈ ပွဲကစားပြီးချိန်တွင် ရှမ်းယူနိုက်တက်အသင်းက ၁၆ ပွဲနိုင်၊ နှစ်ပွဲသရေ၊ ရှုံးပွဲမရှိသေးဘဲ ရမှတ် ၅၀ ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးမှဆက်လက်ဦးဆောင်လျက်ရှိပြီး ရန်ကုန် ယူနိုက်တက်အသင်းက ၁၄ ပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ် ၄၄ မှတ်ဖြင့် ဒုတိယနေရာမှ ဆက်လက် ဖိအားပေးလျက်ရှိကြောင်း သိရသည်။
စည်သူအောင်