သွားဘက်ဆိုင်ရာဆေးပညာညီလာခံ

 

သွားဘက်ဆိုင်ရာဆေးပညာညီလာခံ

မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံ(၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။ အဆိုပါ ညီလာခံကို အရည်အသွေးပြည့် သွားကျန်းမာရေး ပြည်သူ့ထံသို့ဆောင်ကြဉ်းပေး ဆောင်ပုဒ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနကကြီးမှူး၍ နိုဝင်ဘာလ ၃ ရက်မှ ၄ ရက်အထိကျင်းပခြင်းဖြစ်သည်။ ညီလာခံသို့ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့်  မလေးရှားနိုင်ငံအပါအဝင် နိုင်ငံပေါင်းငါးနိုင်ငံမှ သွားဘက်ဆိုင်ရာ ဆေးပညာရှင်များနှင့် ပြည်တွင်းမှသွားဘက်ဆိုင်ရာဆေးပညာရှင်များက အဆင့်မြင့် အရည်အသွေးမီကုသမှု နည်းစနစ်များကို ဟောပြောပို့ချပြီး ပညာရပ်ဆိုင်ရာစာတမ်း(ပိုစတာ) ၃၂ စောင်နှင့် စာတမ်းဖတ်ပွဲ ၃၀ ပါဝင်ကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့်ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးကို ဦးတည်ချက်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ လူသားတိုင်းအတွက် အရေးအကြီးဆုံးသောအရာမှာ ကျန်းမာရေး ကောင်းမွန်ခြင်းဖြစ်သည်။ ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့၏လူမှုစီးပွားဘ၀ ရှင်သန်တိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကျန်းမာရေးဆိုသည်မှာ လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကောင်းမွန်နေမှသာ ကျန်းမာရေးကောင်းမွန်သည်ဟုယူဆနိုင်သည်။

နိုင်ငံတော်အကြီးအကဲက လူ့အသက်ထက်မည်သည့်အရာမှအရေးမကြီးကြောင်းနှင့် လူ့အသက်ကိုသာ အဓိကထား ကယ်တင်ရမည်ဟု လမ်းညွှန်ထားသည့်အတိုင်း ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးနှင့် ပတ်သက်လာပါက နိုင်ငံတော်ကလိုအပ်ချက်များကို အစွမ်းကုန်တိုးမြှင့်ဖြည့်ဆည်းပေးလျက်ရှိသည်။ ပြည်သူ့ဆေးရုံကြီးများတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို အခမဲ့ခွဲစိတ်ကုသပေးနေပြီး ခံတွင်းကင်ဆာရောဂါများကိုလည်း အထူးကျွမ်းကျင်ပိုင်နိုင်စွာ ကုသပေးနေပြီဖြစ်သည်။ ကျန်းမာရေးကဏ္ဍတွင် တန်ဖိုးအလွန်ကြီးမြင့်သည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုပေးသည့်စက်များကိုလည်း တိုးမြှင့်တပ်ဆင်ပေးထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးပညာညီလာခံကို ကျင်းပပေးသည့်အတွက် သွားဘက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေသည်။ သွားဘက်ဆိုင်ရာ ဆေးပညာရပ် အရည်အသွေးမြင့်မားတိုးတက်မှုကို အထောက်အကူဖြစ်စေသည်။ ခေတ်နှင့်အညီ နိုင်ငံတကာအဆင့်မီ လေ့လာသင်ကြားနိုင်သည့်အခွင့်အလမ်းများရရှိစေသည်။ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်စေသည်။ အငြိမ်းစားသွားဘက်ဆိုင်ရာဆရာဝန်ကြီးများမှ မျိုးဆက်သစ်များအား ပညာအမွေလက်ဆင့်ကမ်း ပေးနိုင်စေသည်။ တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနရှိ သွားဘက်ဆိုင်ရာဆရာဝန်များ ပူးပေါင်း ဆောင်ရွက်နေမှုများ ပိုမိုရင်းနှီးအားကောင်းလာစေသည်။ ပြည်သူလူထု၏ သွားဘက်ဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှုနည်းလမ်းများကို ပိုမိုသိရှိပြီး ပြည်သူ့အကျိုးကို ပိုမိုဆောင်ရွက်စေနိုင်မည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ သွားနှင့်ခံတွင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို တိုးမြှင့်ခန့်အပ်တာဝန်ပေးလျက်ရှိသည်။ ကိုယ်ဝန်ဆောင်မိခင်မှစတင်၍ ကလေးသူငယ်အရွယ်၊ ကျောင်းနေအရွယ်၊ ပျိုရွယ်သူအရွယ် စသည့်အရွယ်ရောက်ပြီးချိန်မှ စတင်၍ သက်ကြီးရွယ်အိုအရွယ်အထိ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက် ရှိသည်။ အနာဂတ်နိုင်ငံတော်တည်ဆောက်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်လာမည့် လူငယ်များအတွက် အသိပညာ၊ အတတ်ပညာ၊ စာရိတ္တနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေမည့် ပညာရေးစနစ်ကို ဖော်ဆောင်ရာတွင် ကျန်းမာကြံ့ခိုင်သည့်ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန် ငယ်ရွယ်နုနယ်စဉ်မှစ၍ ကျန်းမာရေး အသိပညာများ၊ အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုများ ပါဝင်သည့် ကျောင်းကျန်းမာရေး လုပ်ငန်းများကိုလည်း  အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ ငယ်ရွယ်သည့်အချိန်တွင် သွားကိုလိုအပ်သလို ပြုပြင်ပုံသွင်းနိုင်သည်။

အဆိုပါ သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် လိုအပ်သည့်ဆေးနှင့် ဆေးပစ္စည်းများ၊ ခေတ်မီစက်ကိရိယာများကို အလုံအလောက်ဝယ်ယူဖြည့်ဆည်းပေးလျက်ရှိသည်။ ကျန်းမာရေး ဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးလက်အောက်ရှိ ဆေးဝန်ထမ်း များနှင့်ပူးပေါင်း၍ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် အတူတကွကွင်းဆင်းကုသပေးလျက်ရှိရာတွင် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများလည်းပါဝင်ပါသည်။ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ(၂၀၂၃)အကြိုလှုပ်ရှားမှုများအဖြစ် နေပြည်တော်နှင့်ပုသိမ်တို့တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို အခမဲ့ခွဲစိတ်ကုသခြင်း၊ သက်ကြီးဘိုးဘွားများအား  သွားတုအံကပ်အခမဲ့ တပ်ဆင်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။   အနှစ်ချုပ်ဆိုရသော်   အရည်အသွေးပြည့် သွားကျန်းမာရေး ပြည်သူ့ထံသို့ ဆောင်ကြဉ်းပေး ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။