ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၆

ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း၏ ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ရုရှားရေတပ် ဦးစီးချုပ် Admiral Nikolai A.EVMENOV နှင့် နှစ်နိုင်ငံရေတပ်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့သည် အလေးပြုခံ စင်မြင့်၌ နှစ်နိုင်ငံရေတပ် စစ်ရေးပြတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအလံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အလံတော်တို့အား နိုင်ငံတော်သီချင်းများ တီးမှုတ်၍ အလေးပြုကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့သည် လေ့ကျင့် ခန်းဖွင့်ပွဲ အခမ်းအနား အဖွင့်အမှာစကားများ အသီးသီးပြောကြားခြင်း၊ လေ့ကျင့်ခန်း အထိမ်းအမှတ် အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ခြင်း၊ မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဖွင့်လှစ်ကြောင်း ကြေညာခြင်းနှင့် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။ မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းတွင် တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ်များသည် ရုရှားရေတပ်မှ စစ်ရေယာဉ်များ၊ ရဟတ်ယာဉ် များဖြင့် ပူးပေါင်း၍ ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းများ၊ ရေကြောင်းလုံခြုံ ရေးဆိုင်ရာလေ့ကျင့်ခန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ လေ့ကျင့်ခန်းအတွင်း နှစ်နိုင်ငံရေတပ်မှ အရာရှိ၊စစ်သည်များ ပါဝင်လေ့ကျင့်ဆောင်ရွက် ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။