ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ အဓိကအားဖြင့် စိုက်ပျိုးရေးတွင် စပါး၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများ၊ နှစ်ရှည်ပင်များဖြစ်ကြသည့် ကော်ဖီနှင့်ရော်ဘာစိုက်ပျိုးခြင်းများ၊ မွေးမြူရေးတွင် အဓိကစားသုံးကြသည့် ကြက်၊ ဝက်၊ အမဲ၊ ဆိတ်နှင့်ငါးများကို နိုင်ငံအတွင်းစိုက်ပျိုးမွေးမြူနိုင်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်တွင်နေထိုင်ကြပြီး တစ်နိုင်ငံလုံးလူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများကိုဆောင်ရွက်နေခြင်းဖြစ်၍ နိုင်ငံ၏ စီးပွားရေးကို အဓိကမောင်းနှင်နေသူများဖြစ်ကြသည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များဖြင့် စက်မှုထုတ်ကုန်များကို ထုတ်လုပ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်သည်။ ထုတ်ကုန်ပစ္စည်းများရှိမှသာ ကုန်ပစ္စည်း ရောင်းဝယ်မှုများ ဖြစ်ပေါ်လာပေမည်။ သို့မှသာ ဆက်စပ်နှီးနွှယ်နေသော ဝန်ဆောင်မှုလုပ်ငန်းများ၊ ငွေရေးကြေးရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဖြစ်သည်။ ထို့ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်စေရေး နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်ခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ပေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာလ ၂ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြားစဉ် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိမှု ရှိ/မရှိ၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်မှု ရှိ/မရှိ ချိန်ထိုးသုံးသပ် ဆောင်ရွက်ကြည့်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ရှေ့သို့ချီမည်ပန်းတိုင်ဆီ “Keep Moving Forward To Achieve Our Goal" ဆိုသည့်အတိုင်း နိုင်ငံစီးပွားတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်စေရန်အတွက် မရရအောင်လုပ်မည် ဆိုသည့် စိတ်မွေး၍ ဆောင်ရွက်သွားမည်ဆိုပါက မျှော်မှန်းသည်ထက် ပိုမိုတိုးတက် အောင်မြင်နိုင်မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးတွင်းကာလတွင် တစ်နိုင်ငံလုံး လယ်စပါးစိုက်ပျိုးမှုအနေဖြင့် စိုက်ပျိုးဧက ၁၃ ဒသမ ၁၇ သန်းစိုက်ပျိုးခဲ့ပြီး ပျမ်းမျှအထွက်နှုန်းအနေဖြင့်၇၄ ဒသမ ၈၃ ရာခိုင်နှုန်းသာရှိခဲ့သည်။ မိုးစပါးစိုက်ပျိုးမှုပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၁၀၀ ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း(၄)မျိုးကို စနစ်တကျဖြင့် ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးအထွက်နှုန်းများကောင်းမွန်မည်ဖြစ်သည်။ အထွက်နှုန်းကောင်းမွန်သည့်မျိုးများ စိုက်ပျိုးကြရန် လိုအပ်သလို မြေပြုပြင်ရာတွင်လည်း စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုအပ်သည်။ ထို့ပြင် လိုအပ်သည့် မြေသြဇာများ ရရှိရေးအတွက်လည်း ဓာတ်မြေသြဇာနှင့်သဘာဝမြေသြဇာများကို စနစ်တကျအသုံးပြုရန် လိုအပ်ပေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူဆောင်ရွက်နေသည့်နှစ်များအတွင်း မိုးတွင်းကာလများ၌ စိုက်ပျိုးရေးကို ထိခိုက်စေနိုင်သည့် ရေပြတ်လပ်မှုများမရှိခဲ့ပေ။ ထို့အတူ မြေအနေဖြင့်လည်းပြောစရာမရှိပေ။ သို့သော်စိုက်နည်းစနစ်များ မှန်ကန်စွာ ကောက်ကွက်များပြည့်မီအောင် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက် သူများက စိုက်ပျိုးကြရန်လိုအပ်သည်။ ကြဲပက်၍စိုက်ပျိုးမည့် အစားအနည်းဆုံး တိုက်ရိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြရန်ဖြစ်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စိုက်ပျိုးမှုများ အောင်မြင်တိုးတက်အောင် ဆောင်ရွက်နိုင်မှသာ GDP များတိုးတက်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများထက် GDP တိုးတက်ရေးကိုကြိုးစားလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ယင်းကိုအခြေခံသည့် MSME လုပ်ငန်းများအောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်ကိုလည်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပြုထားသည်။ လုပ်ငန်းများ အောင်မြင်တိုးတက်မှုရှိစေရေး အမှန်တကယ်အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်ရေး ဖန်တီးဆောင်ရွက်ပေးရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိသည်။ ဥပမာအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်လျက်ရှိသည်။ သီးထပ်စွမ်းအားများတိုးတက်လာမည်ဆိုပါက ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ပြီး ဝင်ငွေများပိုမိုတိုးတက်လာမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် GDP တိုးတက်ရေးအတွက် အားလုံးကတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။ ။