အစိမ်းရောင်ရင်ခွင် ဗန်းမော်ရင်ခွင်(၂)
ယောယုံ
စိန်လုံနှင့်ယောယုံသည် ၁၀ မိုင်ဝေးပါသည်။
စိန်လုံမှ အရှေ့ဘက်သို့လာလျှင် ယောယုံတောင်အထိ တောင်ကြောတစ်ဆက်တည်းဖြစ်၏။ ယောယုံစခန်းပတ်လည်တွင် ဖလန်တောင်ကြောရှိသည်။ ယောယုံမှကြည့်လျှင် တရုတ်ပြည်ဘက်သို့ လှမ်းမြင်ရသည်။ ယောယုံသည် လွယ်ဂျယ်ကွင်းအား စိုးမိုးထား၏။ စာရေးသူသည် ယောယုံတောင်ကြောပေါ်မှ လှမ်းမြင်ရသည့် လွယ်ဂျယ်မြင်ကွင်းများအား ငေးကြည့်နေမိသည်။ တောင်အောက်မှ ပင့်တိုက်လာသော လေနုအေးအေးအားခံစားရင်း စာရေးသူ လွယ်ဂျယ်မြို့သို့ ခရီးဆက်ခဲ့ပါသည်။ ယောယုံတောင်တန်းကြီးများကား ယနေ့တိုင် ခံ့ထည်စွာ မားမားမတ်မတ် ရပ်တည်နေဆဲဖြစ်၏။
လွယ်ဂျယ်
ယောယုံမှလွယ်ဂျယ်သို့ တောင်အဆင်းလမ်းဖြစ်ပြီး ၁၅ မိုင်ခန့် ဝေးပါသည်။
လွယ်ဂျယ်သည် စိန်လုံတောင်၊ မော်ဂွန်း၊ ဖန်စပ်၊ မန်ဒိန်နှင့်တိုင်ရာတောင်တန်းကြီးများ၏ အခြေတွင် တည်ရှိသည်။
လွယ်ဂျယ်ဒေသ၏ အလှဆုံးအချိန်မှာ ဆောင်းအကုန် နွေအကူးကာလဖြစ်၏။ စပ်ကူးမပ်ကူး ကာလဖြစ်သည့်အတွက် ဆောင်း၏အငွေ့အသက်များ ကျန်ရှိနေသကဲ့သို့ နွေ၏ရာသီသဘာဝကိုလည်း ခံစားရသည့်ရာသီပင် ဖြစ်သည်။ ထိုရာသီတွင် စိန်လုံတောင်တန်းများနှင့် လွယ်ဂျယ်မြို့အဝင် တောင်စွယ်၊ တောင်တန်းများတစ်လျှောက်တွင် ရောင်စုံချယ်ရီပန်းများက မြိုင်မြိုင်ဆိုင်ဆိုင်လှပစွာ ပွင့်ဖူးကြလေ့ရှိသည်။
လွယ်ဂျယ်သည် တရုတ်- မြန်မာ နယ်စပ်ရှိ မြို့လေးတစ်မြို့ဖြစ်သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံးချွန်းကောင်တီနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ နယ်ခြားမျဉ်းသည် မြို့အလယ်မှ ဖြတ်ပိုင်းထားသဖြင့် မြို့လေးက နှစ်ခြမ်းကွဲနေသည်။ မြန်မာနိုင်ငံဘက် အပိုင်းသည် လွယ်ဂျယ်ဖြစ်ပြီး တရုတ်နိုင်ငံဘက်အပိုင်းကို လားရင်း ဟု ခေါ်ကြသည်။
အခြားနယ်စပ်မျဉ်း သတ်မှတ်ချက်များကဲ့သို့ ချောင်းများ၊ မြစ်များဖြင့် သတ်မှတ်ထားခြင်းမရှိ၊ မြို့နှစ်မြို့ကြားမှ ဖြတ်သန်းသွားသော နှစ်နိုင်ငံနယ်နိမိတ်မျဉ်းမှာ အပင်တန်းများက ခြံစည်းရိုးများသာဖြစ်သည်။
ထိုလွယ်ဂျယ်ဒေသတွင် မြို့တွင်းပတ်လမ်း ၂ မိုင် ၁ ဖာလုံကတ္တရာခင်းခြင်း၊ မြို့ဓမ္မာရုံနှင့်ရုပ်သံလွှင့်စက်ရုံ တည်ဆောက်ပေးခြင်းတို့အား နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၆ ဒသမ ၁၇၅ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
လွယ်ဂျယ်မြို့တွင် ၂၀၀၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ ဂိတ်လည်းရှိပါသည်။
နယ်ခြားနယ်နိမိတ်ကျောက်တိုင်များ
လွယ်ဂျယ်မှ မိုင်ဂျာယန်သွားသည့် ကားလမ်းပေါ်တွင် ကောင်းခါးရွာရှိသည်။ ထိုကောင်းခါးရွာမှဖြတ်ပြီး ဂျာလီယန်ရွာအနီး လယ်ကွင်းပြင်၌ နယ်ခြားမှတ်တိုင်အမှတ် (BP- 49)နှင့် လွယ်ဂျယ်ဂိတ်(၁)အနီးတွင် (BP- 50)စိုက်ထူတည်ရှိသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ် ၁၈ ရပ်တွင် နယ်ခြားနယ်နိမိတ် ကျောက်တိုင်များ၊ အထိမ်းအမှတ် များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဟူသည့် လုပ်ငန်းစဉ်ပါရှိပါသည်။ ထို့ကြောင့် လိုအပ်သော အချိန်များတွင် မြို့နယ်တာဝန်ခံများ၊ ဒေသအဖွဲ့အစည်းများနှင့်အတူ ထိုနယ်နိမိတ်မှတ်တိုင်များသို့ သွားရောက် စစ်ဆေးရလေ့ ရှိပါသည်။
BP- 50 သို့သွားရောက်တိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အထိမ်းအမှတ်အဝင်ဂိတ်ကြီးအနီးမှ ဖြတ်သန်းသွားရသည်။ အမိမြေတွင် ခံ့ညားစွာ တည်ဆောက်ထားသည့် အဝင်ဂိတ်ကြီးအား ဂုဏ်ယူစွာ ကြည့်ဖြစ်သည်။ စိတ်အစဉ်၌လည်းတွေးမိသည်။ မိမိမျက်နှာမူရာအရပ် ဂိတ်ကြီး၏အလွန်သည် တစ်ဖက်နိုင်ငံဖြစ်၏။ မိမိခြေချရပ်တည်နေသည့်မြေနှင့်အရပ်သည် အမိမြေဖြစ်၏။ ကျေးဇူးကြီးလှသည့် မိမိဇာတိအရပ်ဖြစ်၏။
ဤမြေကို ချစ်သည်၊ မိမိနိုင်ငံ၏ ရေမြေသဘာဝကို မြတ်နိုးချစ်ခင်သည်။ တန်ဖိုးထားရသည်။ ထို့ကြောင့် နိုင်ငံအနှံ့ အေးချမ်းစေလိုသည်။ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်စေလိုပါသည်။ တစ်ဖက်နိုင်ငံသို့ တစ်ခါတစ်ရံ ရောက်ဖြစ်ရာ အခြေခံ အဆောက်အဦများ၊ လမ်းကွန်ရက်များ အလွန်ကောင်းမွန်နေပြီဖြစ်၏။
နိုင်ငံတော်နှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် နယ်စပ်ပတ်လမ်းကွန်ရက်များကို ယခုလက်ရှိ ဆောင်ရွက်နေသည်ထက် ပိုမိုဆောင်ရွက်ရပေဦးမည်ဟုလည်း တွေးမိပါသည်။
ဒေါ့ဖုန်းယန်
၂၀၁၀ ပြည့်နှစ် စက်တင်ဘာလတွင် ဒေါ့ဖုန်းယန်သို့ သွားရောက်တာဝန်ထမ်းဆောင်ရန် အခွင့်ကြုံသည်။
လွယ်ဂျယ်မှဒေါ့ဖုန်းယန်သို့ မိုးမောက်လမ်းခွဲမှ တစ်ဆင့်သွားရသည်။
ဒေါ့ဖုန်းယန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြို့နယ်ခွဲနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်း ဖွင့်လှစ် ထားပါသည်။
ဒေါ့ဖုန်းယန်ကား မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ဗန်းမော်နှင့် ဒေါ့ဖုန်းယန်သည်
မိုင် ၄၀ ကွာဝေးပါသည်။ ထိုအချိန်က ဗန်းမော်-မြစ်ကြီးနားလမ်းမကြီးသည် တောက်လျှောက် ကတ္တရာလမ်းမဖြစ်သေး၊ အချို့နေရာများတွင် ကျောက်ခင်းလမ်း၊ ပြောင်းဖူးစေ့လမ်းပေါ် ဖြတ်သန်းသွားရသည်။ လက်ရှိကာလတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်နေပြီဖြစ်သည်။
လမ်းခရီးတွင် ၀၀မ်၊ ဂျခန်းဒပ်၊ ဂွယ်ဂတောင် ကချင်ရွာလေးများတည်ရှိသည်။ ဂွယ်ဂတောင်အနီးမှ နမ့်တဘက်ချောင်းက ပတ်ခွေစီးနေသည်။ တာဆိုင်းရွာကိုဖြတ်ပြီး မြို့သစ်ကို ရောက်သည်။ မြို့သစ်သည် ဗန်းမော်မြို့သမိုင်းနှင့် ဆက်စပ်နေသောမြို့ဖြစ်သည်။ ၎င်းမြို့အနီးတွင် တာပိန်မြစ်က လှပအေးချမ်းစွာ ဖြတ်သန်းစီးဆင်းနေလေသည်။
မြို့သစ်မှဆက်ထွက်လျှင် ကုန်းလော၊ နမ့်တိန်၊ တောပေ၊ တာလီ၊ နမ့်လန်း၊ ပန်ဆပ်ကွင်း၊ အူတန်ယန် စသည့်ရွာလေးများကိုဖြတ်ပြီးနောက် ဒေါ့ဖုန်းယန် ကိုရောက်သည်။ ဒေါ့ဖုန်းယန်သို့ ရောက်ခါနီးတွင် ရင်ကွဲတောင်ကိုဖြတ်ရသည်။ ရင်ကွဲတောင်ဆိုသည့်အတိုင်း တောင်အလယ်မှ ကားလမ်းက ဖြတ်သန်းသွားခြင်းဖြစ်သည်။ ထိုရင်ကွဲတောင်ပေါ်မှကြည့်လျှင် ဒေါ့ဖုန်းယန်မြို့အလှကို လှမ်းမြင်ရပါသည်။ စိမ်းညို့အုံ့မှိုင်းနေသောတောင်တန်းကြီးများနှင့် သစ်တောဝါးတောကြီးများကို နောက်ခံထား၍ စိမ်းလန်းနေသည့် စိုက်ခင်းများ၊ ရွှေဝါရောင်စပါးခင်းများ၊ တသွင်သွင်စီးဆင်းနေသည့် ချောင်းများ၊ နေရောင်အောက်တွင် ရွှေရောင်တောက်နေသည့် အောင်မင်္ဂလာမြို့ဦးစေတီ ဘုရားကျောင်းကန်များနှင့်အတူ ဒေါ့ဖုန်းယန်မြို့လေး လှပလွန်းပေစွ။ ကျွမ်းကျင်သော ပန်းချီဆရာ၏လက်ရာပမာ လှလှပပ သဟဇာတဖြစ်နေကြသည်။
ကချင်ဘာသာစကားဖြင့် ဒေါ့ဖုန်းယန်၏ မြန်မာအဓိပ္ပာယ်မှာ အုပ်စုကွင်းဖြစ်သည်။ ဒေါ့ဖုန်းယန်ဒေသသည် ရင်ကွဲတောင်၊ ခါးလားတောင်၊ ဂရမ်ကွမ်တောင်၊ ဟုန်းကိုင်တောင်၊ လွဲဆည်တောင်၊ ဂျာထူတောင်ကြော စသည့်တောင်ညိုညိုများ ဝိုင်းပတ်၍ တည်ရှိနေသည်။ မြို့ဝန်းကျင်မှ ဒေါ့ဖုန်းယန်ချောင်းနှင့် တာလေချောင်းတို့က အေးချမ်းကြည်လင်စွာ ကွေ့ဝိုက်စီးဆင်းနေသည်။ ရာသီဥတုကလည်း စိမ့်စိမ့်လေးအေးမြနေလေသည်။ ရွှေရောင်စပါးခင်းများရင့်မှည့်ချိန်တွင် မြင်ရသည့်မြင်ကွင်းသည် ဒေါ့ဖုန်းယန်၏အလှဆုံးအချိန်ပင်ဖြစ်မည်ဟုဆိုရပေမည်။
ကဏ္ဍစုံဖွံ့ဖြိုးရေး
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ထိုမြို့လေးနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အများအပြားဆောင်ရွက်ပေးခဲ့ပါသည်။
လမ်းတံတားကဏ္ဍတွင် နောင်ချို-တိန်ငိတ်ကျေးရွာချင်း ဆက်သွယ်ရန် ကြိုးတံတား ၁၁၅ ပေ၊ ခေါင်နန်ခတံတား ပေ ၈၀၊ နားလုံ-လိုင်ဇာလမ်းကျောက်ခင်းလမ်း ၅ မိုင်ဖောက်လုပ်ခြင်း၊ သိန်လုံ- တာဆန်းမြေသားလမ်း ၃ မိုင် ၅ ဖာလုံတို့အားဖောက်လုပ်တည်ဆောက်ပေးခဲ့ပါသည်။
ကျန်းမာရေးကဏ္ဍအတွက် တိုက်နယ်ဆေးရုံ၊ ဆရာဝန်နေအိမ်နှင့် ဝန်ထမ်းအိမ်ရာများအပြင် နွယ်လန်း၊ နမ့်ဆိုင်၊ အောက်တာ၊ သိန်လုံ၊ လွယ်မောက်ယန်၊ နားလုံ စသည့်ကျေးရွာတို့တွင် ကျေးလက် ဆေးပေးခန်းတို့အား ဆောင်ရွက်ပေးနိုင်ခဲ့သည်။ သိန်းငိုက်အမက်၊ ခေါက်ဆင့်၊ နောင်ဆန့်၊ အောက်တာဆိုင်၊ မံသဲ၊ ပန်းကောင်း၊ သိန်းဘုရား၊ မိုင်းမု၊ သိန်းဆင့်၊ နားလုံ၊ လွယ်မောက်၊ သိန်လုံ စသည့် ကျေးရွာများအတွက် အခြေခံပညာမူလတန်းကျောင်းဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ ဒေါ့ဖုန်းယန်နှင့် မခွယ်ကျေးရွာတို့တွင်လည်း အလယ်တန်းကျောင်းဆောင်များအား ပညာရေးကဏ္ဍအတွက် တည်ဆောက်ပေးခဲ့ပါသည်။
စိုက်ပျိုးရေးကဏ္ဍအနေဖြင့် မိုးလဲချောင်းဒေသ လယ်ဧက ၁၀၀ ဖော်ထုတ်ခြင်း၊ သိန်လုံ၊ လိုင်ဇာကျေးရွာတို့တွင် စိုက်ပျိုးရေးစခန်း တည်ဆောက်ပေးခြင်းနှင့် မဒီးယန်ဒေသတွင် ဥယျာဉ်ခြံဧက ၃၀၀ ဖော်ထုတ်ခြင်းတို့ဖြစ်သည်။ သာသနာရေးကဏ္ဍတွင် ဒေါ့ဖုန်းယန်မြို့ဦးဘုန်းတော်ကြီးကျောင်းနှင့် ဒေါ့ဖုန်းယန် ဘုန်းတော်ကြီးသင် စာသင်ကျောင်းတို့ကို တည်ဆောက်လှူဒါန်းခဲ့ပါသည်။
ဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် ဒေသခံများ အသိအမြင်ပွင့်လင်းစေရေးအတွက်လည်း ဒေါ့ဖုန်းယန် စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာနှင့်ကြေးနန်းရုံးတို့အား တည်ဆောက်ပေးနိုင်ခဲ့သည်။
ဒေါ့ဖုန်းယန်ဒေသအတွင်း ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၁၉၉၀-၁၉၉၁ ခုနှစ်မှ ၂၀၂၂- ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အထိ နိုင်ငံတော်မှ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၉၇ ဒသမ ၉၁၈ သန်းသုံးစွဲအကောင်အထည်ဖော်ပေးခဲ့ခြင်း ဖြစ်ပါသည်။
ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်စေရန် ဤဒေသများသည်ကား ဖွံ့ဖြိုးတိုးတက်မှုကို ငံ့လင့်နေသော တိုင်းရင်းသားတို့ နယ်မြေများပင်ဖြစ်၏။ ထိုဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ကောင်းမွန်တိုးတက်သောရလဒ်များကိုမြင်ရ၏။ ကြီးကျယ်ခမ်းနားခြင်းမရှိသည့်တိုင် ဒေသများအတွက်မူ အတိုင်းအဆမရှိသော အကျိုးကျေးဇူးကိုရရှိခဲ့လေပြီ။
တိုင်းပြည်တစ်ပြည် တည်တံ့ခိုင်မြဲ၊ တိုးတက်ဖွံ့ဖြိုးဖို့ ကြိုးစားကြရာတွင် ငါမှ၊ ငါ့လူမျိုးမှ၊ ငါ့ဒေသမှ၊ ငါ့အဖွဲ့အစည်းမှ ဆိုသည့် တူရာတစ်မျိုးတည်းဖြင့် မစွမ်းဆောင်နိုင်ပါ။
မတူညီသော အင်အားစု၊ အတွေးအခေါ်အယူအဆ၊ တီထွင်ကြံဆမှု၊ ကြိုးပမ်းဆောင်ရွက်မှုတို့ဖြင့် ပေါင်းစပ် အားထုတ်ကြရပေမည်။
နိုင်ငံတော်သည် နိုင်ငံသားတို့အတွက် လမ်းများစွာကို ဖောက်ပေးခဲ့သည်။ တံတားများစွာတို့ ရှိကောင်း ရှိကြပေလိမ့်မည်။
အသင့်ခင်းပေးထားသော လမ်းကိုလျှောက်၊ အသင့်ထိုးပေးထားသော တံတားများကို ဖြတ်ကျော်လျက် တည်ငြိမ်အေးချမ်းသောနိုင်ငံ၊ ပို၍ဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ်ရောက်အောင် ဆက်လက်တည်ဆောက်ကြဖို့
လိုအပ်ပါသည်။ ညီညာစွာလျှောက်လှမ်းကြဖို့လိုပါသည်။
မံဝိန်းကြီးသို့
ဤသို့ ဒေါ့ဖုန်းယန်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များ ထမ်းဆောင်နေဆဲအချိန် ၂၀၀၉ ခုနှစ် ဆောင်းနှောင်းကာလတွင် မံဝိန်းကြီးသို့ တာဝန်ဖြင့် ခရီးသွားရောက်ရန် ကြုံခဲ့ပြန်သည်။ ။
ဝထကလသ(နတလ)