ခေါင်းမူးဝေဒနာအဖြေရှာ
ခေါင်းမူး၊ ခေါင်းနောက်ဝေဒနာကို လူတိုင်းခံစားဖူးကြသလို ခေါင်းမူးဝေဒနာကို ဆေးရုံ၊ ဆေးခန်းတွေမှာ လာရောက်ပြသနေတဲ့ လူနာတွေလည်းတွေ့ဖူးပါတယ်။ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းက ခေါင်းမူးဝေဒနာကို ခံစားနေကြရပြီး ၇ ဒသမ ၈ ရာခိုင်နှုန်းက မိမိသက်တမ်းတစ်လျှောက် ခေါင်းမူးဖူးကြသူတွေ ဖြစ်ပါတယ်။
အမျိုးသမီးတွေမှာအဖြစ်များပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ ခေါင်းမူးဝေဒနာခံစားကြရပါတယ်။
မိမိကိုယ်တိုင် ဒါမှမဟုတ် မိမိနေတဲ့အခန်း၊ ဘေးပတ်ဝန်းကျင်လည်သွားပြီး ယိမ်းထိုးနေတာမျိုး တွေ့ကြုံကြရပါတယ်။ ရုတ်တရက်ခေါင်းမူးဝေဒနာခံစားရသူတွေမှာ ပျို့ချင်၊ အန်ချင်ဖြစ်နေတတ်ပြီး နာတာရှည်
ခေါင်းမူးဝေဒနာခံစားရသူတွေကတော့ ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်တာ၊ လမ်းလျှောက်ရခက်တာတွေ ဖြစ်လာကြပါတယ်။ ခေါင်းမူးဝေဒနာဆိုးတဲ့ သူတွေက အလုပ်အကိုင်ပျက်ပြီးတော့ ပုံမှန် နေ့စဉ်လုပ်ငန်း ဆောင်တာတွေကိုတောင် မဆောင်ရွက်နိုင်ဖြစ်လာစေပါတယ်။
ခေါင်းမူးရခြင်း အကြောင်းရင်းကတော့ နားအတွင်းနဲ့ ဦးနှောက်မှာရှိတဲ့ ဟန်ချက်ထိန်းညှိစနစ်တွေ ပျက်စီးလာတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ နားအတွင်းမှာရှိတဲ့ ဦးခေါင်းလှုပ်ရှားမှုကို အာရုံခံတဲ့စနစ်တွေနဲ့ အာရုံကြောတွေက ဦးနှောက်နောက်ပိုင်း ဦးနှောက်ညှာမှာရှိတဲ့ အာရုံကြောအစုတွေကနေတစ်ဆင့် ဦးနှောက်ငယ်၊ ဦးနှောက်ကြီး၊ ကျောရိုး၊ အာရုံကြောစနစ်တွေကိုသွားပြီး အဆင့်ဆင့်ထိန်းညှိ ဆောင်ရွက်ကြပါတယ်။
နားတွင်းရောဂါတွေကြောင့် ခေါင်းမူးဝေဒနာခံစားရတာက ၄၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ နားတွင်းမှာရှိတဲ့ အာရုံခံကွင်းငယ် လေးတွေထဲမှာ ထုံးကျောက်မှုန်လေးတွေပြုတ်ကျလည်ပတ်နေတာ၊ ဟန်ချက်ထိန်းတဲ့ အာရုံကြောက ဗိုင်းရပ်စ်ပိုးမွှားတွေ၊ နားတွင်းပိုးဝင်မှုတွေကြောင့် ရောင်ရမ်းတာ၊ နားတွင်းအာရုံခံကွင်းငယ်လေး အတွင်းမှာ အရည်ထုတ်လုပ်မှုများပြီးတော့ တင်းပြည့်နေတာ၊ ထိခိုက်ဒဏ်ရာရပြီး အာရုံကြောစနစ်ထိခိုက်တာ၊ သွေးကြောပိတ်ဆို့တာတွေက ခေါင်းမူးစေနိုင်တဲ့အကြောင်းတွေပါပဲ။ ဦးနှောက်ငယ်နဲ့ ဦးနှောက်ညှာမှာ လေဖြတ်တာ၊ ရောင်ရမ်းတာ၊ အလုံးအကျိတ်ရှိတာ၊ မွေးရာပါဦးနှောက်ပုံမမှန်တာနဲ့ အသက်ကြီးလာလို့ ပျက်စီးတာတွေက ဦးနှောက်ကြောင့် ခေါင်းမူးဝေဒနာခံစားရနိုင်တဲ့အကြောင်းတွေ ဖြစ်ပါတယ်။
နားကြောင့်ဖြစ်ရတဲ့ခေါင်းမူးဝေဒနာက ဝေဒနာပြင်းထန်ပေမယ့် အသက်အန္တရာယ်ထိခိုက်မှုနည်းပါတယ်။ ဦးနှောက်ညှာနဲ့ ဦးနှောက်ငယ်မှာ လေဖြတ်တာ၊ ဦးနှောက်ထိခိုက်တဲ့အတွက်ဖြစ်ရတဲ့ ခေါင်းမူးဝေဒနာ တွေကတော့ အရေးကြီးတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ စနစ်တကျရှာဖွေကုသကြရပါမယ်။ တချို့အတက်ရောဂါ၊ Migraine ခေါင်းကိုက်ရောဂါတွေက ခေါင်းမူးဝေဒနာ ခံစားရစေပါတယ်။
နားနဲ့ ဦးနှောက်တွေအပြင် အထိုင်အထမှာ သွေးပေါင်ကျတာ၊ သွေးတွင်းအချိုဓာတ်နဲ့ သွေးနီဥအားနည်းတာ၊ နှလုံးညှစ်အားနည်းတာ၊ နှလုံးခုန်မမှန်တာ၊ နှလုံးအဆို့ရှင်ပိတ်ဆို့နေတာ၊ ဦးနှောက်ကိုသွားတဲ့ လည်ပင်းမှာရှိတဲ့ သွေးကြောတွေပိတ်ဆို့တာ၊ ဆေးဝါးတွေ၊ ဗိုင်းရပ်စ်ပိုးဝင် နေမကောင်းဖြစ်တာတွေကလည်း ခေါင်းမူးဝေဒနာ ခံစားရနိုင်ပါတယ်။ စိတ်ကျန်းမာရေးအားနည်းပြီး စိတ်ပူစိတ်ကျရောဂါခံစားရတဲ့ သူတွေကလည်း နာတာရှည်ခေါင်းမူး ဝေဒနာ ခံစားရနိုင်ပါတယ်။ တချို့ခေါင်းမူးဝေဒနာတွေက မိနစ်ပိုင်း၊ နာရီပိုင်းလောက်သာ ခံစားရပြီး ဟန်ချက်ထိန်းအာရုံကြောရောင်ရမ်းတာ၊ စိတ်ပူပန်ရတဲ့ရောဂါတွေ၊ ဦးနှောက်မှာ ဖြစ်တဲ့ရောဂါတွေ ရက်၊ လနဲ့ချီပြီး ခံစားရနိုင်ပါတယ်။ အများစုကတော့ ခေါင်းအလှည့်အပြောင်း၊ အိပ်ရာအထ၊ အိပ်ရာအဝင်မှာ ခေါင်းမူးဝေဒနာခံစားကြရပြီး ဓာတ်လှေကားအတွင်း အမြင့်ကို ရုတ်တရက်အမြန်တက်တာ၊ လေယာဉ်အဆင်း၊ အတက်တွေမှာ ခံစားကြရပါတယ်။
မိသားစုအတွင်း Migraine ခေါင်းကိုက်ရောဂါ၊အတက်ရောဂါ၊ နားအူနားမကြားရောဂါရှိသူတွေလည်း ဒီဝေဒနာတွေ ခံစားရတတ်ပါတယ်။ ဦးနှောက်အာရုံကြော၊ နားခွဲစိတ်ခံထားရသူတွေ၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါရှိသူ၊ သွေးတွင်းအဆီများသူ၊ ဆေးလိပ်သောက်သူတွေက ဦးနှောက်ညှာနဲ့ ဦးနှောက်ငယ် အပိုင်းတွေမှာ သွေးကြောပိတ်ဆို့လေဖြတ်ပြီး မူးတဲ့ဝေဒနာခံစားရတတ်ပါတယ်။ နားမှာဖြစ်တဲ့ တချို့ရောဂါတွေကတော့ ခေါင်းမူးရောဂါ၊ နားအကြားအာရုံလျော့နည်းတာ၊ နားအူတာ၊ နားထဲပြည့်တင်းတင်း ဖြစ်နေတာ၊ နားကိုက်တာတွေခံစားရပြီး နားရောင်ရမ်းကိုက်ခဲတာ၊ ပြည်ယိုတာ ရှိ၊ မရှိ၊ အကြားအာရုံကြောလျော့၊ မလျော့ စစ်ဆေးကြည့်သင့်ပါတယ်။
ဦးနှောက်နဲ့ဆိုင်တဲ့ ရောဂါတွေကတော့ မျိုရခက်တာ၊ စကားလေးတာ၊ ခြေလက်အားနည်းတာ၊ ပုံရိပ်နှစ်ထပ်မြင်တာ၊ ဟန်ချက်မထိန်းနိုင်တာတွေဖြစ်နိုင်ပါတယ်။
နားကြောင့်ဖြစ်တဲ့ခေါင်းမူးဝေဒနာက ရက်ပိုင်းအတွင်း သက်သာတတ်ပြီး ပြန်လည်ဖြစ်တတ်ပါတယ်။ ဦးနှောက်ကြောင့်ဖြစ်တဲ့ ခေါင်းမူးဝေဒနာက သိပ်မခံစားရသလိုနဲ့ မသက်သာဘဲ လနဲ့ချီ ဆက်တိုက်ဖြစ်နေတတ်ပါတယ်။
နားကြောင့်ဖြစ်ရတာလို့ယူဆရင် နား၊ နှာခေါင်းဆရာဝန်၊ သမားတော်တို့နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
ဦးနှောက်ညှာ၊ ဦးနှောက်ငယ်ရောဂါတွေလို့ သံသယဖြစ်ရင်တော့ ဦးနှောက်၊ အာရုံကြောကုသမှု ဆရာဝန် တွေနဲ့ပြသ၊ ဦးနှောက်သံလိုက်ဓာတ်မှန်ရိုက်ပြီး ရောဂါရှာဖွေသင့်ပါတယ်။ တွေ့ရှိတဲ့ရောဂါ အလိုက်စနစ်တကျ ကုသမှုခံယူသင့်ပါတယ်။ လည်ပင်းရိုးကျီးပေါင်းနဲ့ထိခိုက်ဒဏ်ရာရတာ၊ ရောင်ရမ်းတာ၊ အသက်ရ လာတာကြောင့် အရိုးအဆစ်တွေပျက်ယွင်းလာတာတွေကလည်း လည်ပင်းအလှည့်အပြောင်းမှာ လည်ပင်းနာတဲ့ဝေဒနာ၊ မူးတဲ့ဝေဒနာကို ခံစားရစေနိုင်ပါတယ်။
နားကိုစနစ်တကျစစ်ဆေးတာ၊ နားအကြားအာရုံစမ်းသပ်တာ၊ ဦးနှောက်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေသာမက လိုအပ်ပါက နှလုံးကျန်းမာရေးနဲ့ခန္ဓာကိုယ်အတွင်း ဇီဝကမ္မစနစ်တွေကို စစ်ဆေးရပါမယ်။ ခေါင်းမူးဝေဒနာ သက်သာတဲ့ဆေးတွေသောက်ရင် ဝေဒနာက ရက်ပိုင်းအတွင်းသာ သက်သာနိုင်ပြီး ဆေးအာနိသင်ကြောင့် အိပ်ချင်နေတဲ့အတွက် အလုပ်အကိုင်တွေလုပ်ဖို့အတွက် အမြဲသတိရှိနေဖို့ လိုအပ်ပါတယ်။
အရေးကြီးတဲ့အချက်က ဦးနှောက်နဲ့ နားအတွင်းမှာရှိတဲ့ ဟန်ချက်ထိန်းညှိတဲ့စနစ်တွေ ကောင်းမွန်မှန်ကန်စွာလုပ်နိုင်ဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို စောစောက စလုပ်နိုင်ရင်တော့ ဝေဒနာအဖြစ်နည်းနိုင်သလို အမြန်ဆုံးသက်သာပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။
ကျွမ်းကျင်တဲ့ပညာရှင်တွေထံက သင်ယူလေ့ကျင့်ဖို့ လိုပါတယ်။
ဦးနှောက်ညှာ၊ ဦးနှောက်ငယ်မှာ လေဖြတ်တာ၊ ဦးနှောက်အကျိတ်ဖြစ်တာ၊ နားအာရုံကြောအကျိတ် ဖြစ်တာတွေကိုလည်း သေသေချာချာရှာဖွေကုသရမှာ ဖြစ်ပါတယ်။ ခေါင်းမူးဝေဒနာတွေကတော့ အမူးသက်သာစေတဲ့ ဆေးတွေနဲ့ ပျောက်ကင်းသက်သာနိုင်ပါတယ်။ တချို့အာရုံကြောရောင်ရမ်းမှုတွေမှာတော့ စတီးရွိုက်အရောင်ကျဆေး၊ ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေသောက်ကြရပါတယ်။ နားတွင်းအာရုံခံ အရိုးကွင်းတွေအတွင်း ဖိအားများတာကို ဆီးဆေးလိုမျိုး ဖိအားချဆေးတွေနဲ့ ကုသရပါတယ်။ လေဖြတ်တာအတွက် သက်ဆိုင်ရာသွေးကျဲဆေး၊ သွေးကျဆေး၊ အဆီချဆေးပေးပြီး ကုသကြပါတယ်။ တစ်ခါတစ်ရံ စိတ်နဲ့ယှဉ်တဲ့ ခေါင်းမူးဝေဒနာက စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူမှသာ သက်သာသွားကြပါတယ်။ နှလုံးရောဂါ၊ သွေးအားနည်းရောဂါတွေကိုလည်း စနစ်တကျကုသမှုခံယူမှသာ ခေါင်းမူးတာသက်သာနိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ခေါင်းမူးဝေဒနာကိုလူတိုင်း မကြာခဏခံစားရတတ်တာကြောင့် အလွန်အကဲ စိတ်မပူသင့်ပါဘူး။ ဒါကြောင့် ဝေဒနာခံစားရမှုအကြိမ်ရေ အနည်းအများအရ ဆေးမြီးတိုနဲ့ မကုသသင့်ဘဲ ကျွမ်းကျင်ဆရာဝန်တွေနဲ့သာ တိုင်ပင်ကုသရင်း ဆေးပညာ၊ အသိပညာဗဟုသုတတွေရှိကြပါစေကြောင်း အကြံပြုရေးသား တင်ပြလိုက်ရပါတယ်။ ။
ဒေါက်တာဥမ္မာစော