မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင် လူပြည်သူအပေါင်းသည် မိမိနိုင်ငံအရေးနှင့် ပတ်သက်လာလျှင် အထိမခံ ပြန်လည်တုံ့ပြန်သော ခေါင်းဆောင်မျိုးကို လွန်စွာသဘောကျကြသည်။ ကုန်းဘောင်ခေတ်သာယာဝတီမင်းမှာ မျိုးချစ်စိတ်ဓာတ်ပြင်းထန်သော ဘုရင်ဖြစ်သည်။ ရန္တပိုစာချုပ်အရ အင်္ဂလိပ်သံမှူးတို့ကို အမြဲတမ်းအနေဖြင့် မြန်မာနေပြည်တော်၌ ခွင့်မပြုလိုချေ။ ထိုစာချုပ်မှာလည်း သူ၏နောင်တော်ဘုရင်လက်ထက်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်၍ သူနှင့်မဆိုင်ဟု ယူဆလေသည်။ ၁၈၃၇ ခုနှစ် မေလ ၁၇ ရက်နေ့ ညီလာခံတွင် “နောင်တော် စစ်ကိုင်းမင်းလက်ထက် အင်္ဂလိပ်တို့နှင့်ချုပ်ဆိုခဲ့သော စာချုပ်များနှင့်ပတ်သက်၍ ဘာမျှပြောမနေပါနှင့်။ ထုတ်ဖော်ရည်ညွှန်းခြင်းကိုလည်း အလိုမရှိပါ။ ယင်းစာချုပ်များသည် မြန်မာအမျိုးသားတို့အတွက် ရှက်ဖွယ် ကောင်းသည်။ အစော်ကားခံရသော ကိစ္စဖြစ်သည်။ အင်္ဂလိပ်တို့အလိုရှိသမျှကို မြန်မာတို့က လိုက်လျောစေရန် အကြောင်းကိစ္စပေါ်လာတိုင်း ထိုစာချုပ်များကို လက်ညှိုးထိုးပြကာ မြန်မာများကို သိက္ခာချလျက်ရှိနေသည်။ ဤသဘောအတိုင်း ငါကမြန်မာဘုရင်အနေဖြင့် ခံနေရမည်လော” ဟူ၍ မိန့်ကြားခဲ့သည်။
ဤကားသာယာဝတီမင်း၏ အာဘော်တည်း။ ရှင်ဘုရင်အနေဖြင့်လည်းကောင်း၊ မြန်မာခေါင်းဆောင် တစ်ဦး အနေဖြင့်လည်းကောင်း ပြောသင့်ပြောထိုက်သမျှကို မခြွင်းမချန်မိန့်ဆိုခြင်းပေတည်း။ ဇွန်လ ၆ ရက်နေ့ ညီလာခံ၌လည်း “ရန္တပိုစာချုပ်ကို မြန်မာအရာရှိတို့ကကြောက်ရွံ့၍ လက်မှတ်ရေးထိုးရခြင်း ဖြစ်သည်။ ထိုစာချုပ်မှာ အင်္ဂလိပ်တို့အတွက် အဘက်ဘက်မှပြည့်စုံပြီး မြန်မာတို့အဖို့မူ အကျိုးမဲ့လှသည်။ စာချုပ်ပါ အချက်အလက်တို့မှာ တင်းမာခက်ထန်လှသည်။ အပြည့်အစုံကိုပြသဖူးခြင်းမရှိပေ။ မကြာသေးမီကမူ စာချုပ် တစ်ခုလုံး သူတို့တွေ့မြင်ရသည်။ အင်္ဂလိပ်တို့အနေဖြင့် သူ့အားတိုက်ခိုက်အောင်မြင်ပြီး သူနှင့်ချုပ်ဆိုခဲ့ခြင်း မဟုတ်ချေ။ ထို့ကြောင့် ဤစာချုပ်နှင့် ပတ်သက်၍ တစ်ခွန်းတစ်စမျှ ထုတ်ဖော်မပြောရန် ဆုံးဖြတ်ထားပြီးဖြစ် ကြောင်း” ဟု မြွက်ကြားပြန်သည်။
သံမှူးမေဂျာဘာနေက “စာချုပ်ပါအချက်အလက်များကိုပြင်ဆင်လိုပါက ဘင်္ဂလားသို့ သံအဖွဲ့စေလွှတ် အရေး ဆိုသင့်ကြောင်း” တင်ပြရာ သာယာဝတီမင်းက “ငါတို့အနေဖြင့် ဘင်္ဂလားသို့ သံအဖွဲ့စေလွှတ်မည်မဟုတ်။ ကုမ္ပဏီဘုရင်ခံချုပ်နှင့် ပတ်သက်၍ ငါနားမလည်။ အသိအမှတ်မပြု။ သူသည် လခစားအရာရှိတစ်ယောက် သာဖြစ်၍ ဘုရင်တစ်ပါးမဟုတ်။ ဘုရင်ခံချုပ်က ဆက်သွယ်လိုလျှင် သူနှင့်တန်းတူရည်တူ ရန်ကုန်မြို့ဝန်နှင့် ဆက်သွယ်ပါစေ” ဟု ပြတ်သားစွာမိန့်ဆိုသည်။
ဘာနေက ဘုရင်ခံချုပ်ထံပြန်လည်အစီရင်ခံသည်။ အင်္ဂလိပ်ဘုရင်ခံချုပ်က ဘာနေသည် အခြေအနေကိုမသုံး သပ်တတ်ဘဲ အလိုက်မသိတတ်သော သံတမန်မျိုးဖြစ်နေသည်။ နန်းတက်စမင်းတစ်ပါးအနေဖြင့် စစ်ရှုံးသည့် စကားမကြားချင်သည်ကို ဘာနေကပြောဆိုခဲ့သည်။ ထို့ကြောင့် ဘာနေ၏နေရာတွင် သံမှူးအသစ် ကာနယ် ဘင်ဆင်ရောက်ရှိလာသည်။ ရန်ကုန်ဝန်ထောက်မင်းထံသို့ လာရောက်နှုတ်ဆက်သည်။ အပြန်အလှန်အားဖြင့် မြန်မာဝန်ထောက်က အင်္ဂလိပ်သံမှူးထံ သွားရန်ဖြစ်သည်။ နေပြည်တော်မှ အမိန့်တစ်စုံတစ်ရာ မရသည့် အတွက် အင်္ဂလိပ်သံမှူးထံ အဝင်အထွက်မပြုလုပ်ခဲ့ပါ။ သံမှူးဘင်ဆင်သည် ရန်ကုန်မှအင်းဝသို့ သွားရာတွင် အဆင်ပြေပြေမရှိသည့်အတွက် သူ့ရင်ထဲမှာ ခံစားချက်ပြင်းထန်ခဲ့သည်။
ရန်ကုန်ဝန်ထောက်၏ရိုင်းပျမှုကို ဘင်ဆင်ကတိုင်ကြားသော်လည်း ဝန်ကြီးများက အရေးမယူချေ။ ထိုကိစ္စကို သာယာဝတီမင်းကြားသိရာ “ငါ့အရာရှိတွေကို အင်္ဂလိပ်ကပြောတိုင်း ဖြုတ်ပစ်ရမှာလား၊ ငါ့နေပြည်တော်မှာ တိုင်းတစ်ပါးသားအမိန့်ကို နာခံနေရမှာလား” ဟု မိန့်ဆိုလေသည်။ ဘင်ဆင်သည် မြန်မာ ဘုရင်နှင့်တွေ့ခွင့် ရရန် ခုနစ်လမျှကြာမြင့်စွာစောင့်ဆိုင်းရသည်။ ထိုအတောအတွင်း ဘင်ဆင်၏ ကျန်းမာရေး အခြေအနေမှာ တကယ်ပင်ချို့ယွင်းလာခဲ့သည်။ များမကြာမီ ဘင်ဆင်သည် အမရပူရမြို့တော်မှ ထွက်ခွာသွားသည်။ သူ၏ ခရီးအတွက် ဝန်ကြီးများက လှေစီစဉ်ပေးသော်လည်း မြန်မာအရာရှိတစ်ဦးမျှ သူ့အားလိုက်ပို့ခြင်း၊ နှုတ် ဆက်ခြင်းမရှိချေ။ ဘင်ဆင်ပြန်သွားသော်လည်း သံရုံးကို ပိတ်သိမ်းခြင်းမပြုဘဲ မက္ကလောက်ဆိုသူအား လွှဲအပ် ထားခဲ့သည်။
ဘင်ဆင်ပြန်မည့် အကြောင်းကို သာယာဝတီမင်းကြားသိချိန်၌ မိန့်တော်မူလေသည်ကား “သူတို့ပြန်သွား ကြပါစေ၊ ငါ့အနေဖြင့် သူတို့ကို ဂရုစိုက်လိမ့်မည်မဟုတ်။ ငါသည် နန်းကျဘုရင်ကဲ့သို့ အင်္ဂလိပ်တို့လုပ်တိုင်း ခံမည်မဟုတ်။ ငါတို့၏ပြဿနာများကို လက်နက်ကိုင်ဖြေရှင်းရန် သန္နိဋ္ဌာန်ချပြီးဖြစ်သည်။ ဤအချက်ကို အင်္ဂလိပ်များ သဘောပေါက်အောင် ငါကလုပ်ပြပါမည်။ ဤအကြိမ်၌ အင်္ဂလိပ်လာတိုက်လျှင် တိုက်ပါစေ။ မြန်မာတို့ ဘယ်လိုလူမျိုးဖြစ်သည်ကို ငါတို့ပြရန်အသင့်ရှိသည်” ဟူသတည်း။ သာယာဝတီမင်းလက်ထက်တွင် အင်္ဂလိပ်နှင့်မြန်မာတို့ စစ်ပွဲဖြစ်ပွားခြင်းမရှိခဲ့ပေ။ သာယာဝတီမင်းသည် အင်္ဂလိပ်တို့ရန်မှကာကွယ်ရန် တပ်မတော်ကို တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ရေးသားလိုက်ရပေသည်။ ။