ထူးခြားဂုဏ်အင်များနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်

ထူးခြားဂုဏ်အင်များနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်

ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ မိသားစုများနှင့်အတူ ဘုရားဖူးသွားမည်ဆိုလျှင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း  တည်ထားကိုးကွယ်လျက်ရှိသည့်   ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား သွားရောက်လေ့လာဖူးမြော်ဖို့ ညွှန်းဆိုချင်ပါသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏အကြောင်းကို ဘုရားကြီးစတင်တည်ထားသည့် အချိန်မှစ၍   ဖွင့်လှစ်တည်ထားကိုးကွယ်တဲ့အထိ  ရုပ်မြင်သံကြား အစီအစဉ်များနှင့် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တခမ်းတနားထုတ်လွှင့်တင်ဆက်ခြင်း၊ ရေးသားတင်ပြခြင်းမှတစ်ဆင့် ဖူးမြော်ခဲ့ရပါသည်။  ယခုတစ်ခေါက်တော့ စာရေးသူအနေနဲ့  သီတင်းကျွတ်ရုံးပိတ်ရက်ရှည် ကာလအတွင်း   မိသားစုများနှင့်အတူ ဘုရားကြီးရှိရာ နေပြည်တော်သို့ သွားရောက်ဖူးမြော်ခွင့်ရခဲ့ပါသည်။   စာရေးသူတို့ကဲ့သို့ပင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် ကြက်ပျံမကျ စည်ကားများပြားသည်ကို တွေ့ခဲ့ရပါသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ကြည်ညိုဖွယ်ရာအကြောင်းများကို ပြောပြရမည်ဆိုလျှင်   ကုန်မည်တော့မထင်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ထူးခြားသည့်အချက်များစွာထဲမှ စာရေးသူဘုရားသွားဖူးရင်း တွေ့မြင်လေ့လာဖူးမြော်ခဲ့သည့် အတွေ့အကြုံနှင့်ဖတ်ရှုလေ့လာခဲ့ရသည့် သတင်းများထဲမှ ထူးခြားလေးနက် သော အကြောင်းအရာများကို ထုတ်နုတ်ဖော်ပြပါမည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး    စတင်တည်ထား ဖြစ်ခဲ့ပုံမှာ ကျောက်တုံးတော်ကြီးစတင်ရရှိသည့်အချိန်ကို ချန်လှပ်ထား၍မရပေ။

မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  တည်ထားကိုးကွယ်ရန်ဆောင်ရွက်ခဲ့မှုနှင့်  ပတ်သက်၍   ကျောက်တုံး တော်ကြီးကို  တူးဖော်ရရှိရေး ကျွမ်းကျင်ပညာရှင်များဖြင့် အသေးစိတ် စစ်ဆေးတွက်ချက် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစတင်တူးဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ၌ အမြင့် ၆၅ ပေ၊ ရှေ့အလျား ၅၄ ပေ၊ ထု ပေ၂၀ ရှိ အရည်အသွေး A အဆင့်ရှိသည့် ကျောက်တော်ကြီးကို  အကြမ်းထည်ပုံဖော်နိုင်ခဲ့သည်။ ဆင်းတုတော် ထုဆစ်ရန်အတွက် တွက်ချက်ဆောင်ရွက်ရာတွင် အချို့ကျောက်သားနေရာများတွင် လိုအပ်ချက်များ ရှိခြင်းကြောင့် ကျောက်သားများထပ်မံထည့်သွင်းရန် စီစဉ်ဆောင်ရွက်ခဲ့ရသည်။ ဆင်းတုတော်ကြီး တည်ထား ကိုးကွယ်ရန် ဆောင်ရွက်ရာ၌   ခေတ်အလိုက်တည်ထားဆောင်ရွက်ခဲ့သည့်  ရုပ်ပွားတော်များထဲမှ အကောင်းဆုံးဖြစ်သည့် ရတနာပုံခေတ်ဟန် ဘူမိဖဿပုံစံဖြင့် တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့်   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်တည်ဆောက်ရန်နှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း  လိုအပ်သည်များ တည်ဆောက်ရန် ထုထည်ကြီးမားအပြစ်အနာအဆာကင်းစင်သော စကျင်ကျောက် တုံးတော်ကြီး ရရှိခြင်းမှာ ထူးခြားပါသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက်တွင် ကျောက်တုံးတော်ကြီးများကို  စတင်ပင့်ဆောင်ခြင်း အခမ်းအနားကို ဆောင်ရွက်၍ ပင့်ဆောင်ခဲ့သည်။ ကျောက်တုံးတော်ကြီးများ ထိခိုက်မှုမရှိစေရေး စနစ်တကျဖြင့် ပင့်ဆောင်ခဲ့ရပြီး စုစုပေါင်းအနေဖြင့် ၉ ကြိမ်ပင့်ဆောင်ခဲ့ရကာ တန်ချိန်အားဖြင့် ၈၁၅၈ တန်သယ်ဆောင်ခဲ့ရသည်။ ရေလမ်းခရီးဖြင့်   စကျင်ကျောက်တုံးကြီးကို သယ်ဆောင်ခြင်းသည်  ကမ္ဘာပေါ်တွင် မှတ်တမ်းဝင်ခဲ့သည်။ စက်တင်ဘာလ ၁၈ ရက်တွင် ကျောက်တုံးတော်ကြီးများအားလုံး ဆီမီးခုံဆိပ်ကမ်းသို့ရောက်ရှိသည်။ ဆီမီးခုံဆိပ်ကမ်းမှ  စကားအင်းအဝိုင်းအကြား ကျောက်တုံးတော်ကြီးများ ချောမွေ့စွာ သယ်ယူပင့်ဆောင်နိုင်ရေး   ၂၂ မိုင် ၅ ဖာလုံအရှည်လမ်းအား အသစ်ဖောက်လုပ်ဆောင်ရွက်ခဲ့ပြီး နေပြည်တော်သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် စတင်ပင့်ဆောင်ခဲ့သည်။ ထိုသို့ပင့်ဆောင်ရာတွင်လည်း တန်ချိန် ၁၅၀၀ နှင့် ၂၀၀၀ ကြား သယ်ဆောင်နိုင်သည့်ကားများ သွားလာနိုင်ရေး ရှောင်ကွင်းလမ်းများ ဖောက်လုပ်ခြင်း နှင့် လမ်းများအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ ထိုသို့ဆောင်ရွက်ရာတွင် အချိန်အားဖြင့် ၄ လကြာမြင့်ခဲ့သည်။

ကျောက်တုံးတော်ကြီးများကို ကုန်းလမ်း ခရီးဖြင့်သယ်ယူရာတွင် စုစုပေါင်း ၇ ခေါက်သယ်ယူခဲ့ရပြီး   အလေးချိန်အနေဖြင့် ၇၆၃၂ တန်ဖြစ်သည်။ ထိုသို့သယ်ယူရာတွင်လည်း  ကျောက်တုံးတော်ကြီးများကို ပင့်ဆောင်သည့် Modular Trailer များ ထုတ်လုပ်သောဂျာမနီနိုင်ငံမှ Goldhofer Company အနေဖြင့်  ကမ္ဘာပေါ်တွင် အလေးချိန်အများဆုံး အရာဝတ္ထုများကို ခရီးအကွာအဝေးအရှည်ဆုံး ရွှေ့ပြောင်း သယ်ယူနိုင်ခဲ့သည့် အသိအမှတ်ပြု Certificateကိုပေးအပ်ခဲ့သည်။ အလေးချိန်အများဆုံး စကျင်ကျောက်အား အဝေးဆုံးသော   ရေလမ်းခရီးသယ်ဆောင်မှုနှင့်  အဝေးဆုံးသောကုန်းလမ်းခရီး သယ်ဆောင်မှုကို   ဆောင်ရွက် နိုင်ခဲ့ခြင်းမှာ ထူးခြားချက်ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ အချို့သောလုပ်ငန်းများတွင် နိုင်ငံခြားသားကိုခေါ်ယူပြီး အကြံပေးအဖြစ်အသုံးပြုခဲ့ကြသည်။  အမှန်တော့ ထိုပုဂ္ဂိုလ်မျိုး မြန်မာပညာရှင်များစွာရှိပါသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုတဲ့အချက်ကို သတိပြုရန်သာ လိုပါသည်။ ယခု မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထုဆစ်ခြင်းနှင့်အကျယ် ၂၅၅ ဧကပေါ်တွင် သာသနိကအဆောက်အအုံ ၁၄ ခု ပါဝင်သော ဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ခြင်းတို့မှာ အလွန်ကြီးမားကျယ်ပြန့်ပြီး ခက်ခဲသောလုပ်ငန်းစဉ်ဖြစ်ပါသည်။  သို့သော်  နိုင်ငံခြားပညာရှင်များမပါ။ ဆရာတော်ကြီးများ၊ တပ်မတော်အင်ဂျင်နီယာများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ    အတတ်ပညာရှင်များ၊ ဗိသုကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များနှင့်  တာဝန်ရှိသူများဖြင့်သာ ပြီးပြည့်စုံစွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ဤသို့ကြီးမားခက်ခဲသော တည်ဆောက်မှုကို ပြည်တွင်းပညာရှင်များ၏ စုပေါင်းအားနှင့်သာ ဆောင်ရွက်နိုင်ခြင်းသည် မြန်မာ့သမိုင်းအတွက် ဂုဏ်ယူစရာမှတ်တိုင်တစ်ခုပင်ဖြစ်သည်။

ကြီးမား၍ အပြစ်အနာအဆာကင်းစင်သော စကျင်ကျောက်တုံးတော်ကြီးပေါ်ထွန်းလာသောအခါ ထေရဝါဒ ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာ ယုံံကြည်သက်ဝင်ကြသော တာဝန်ရှိသူပုဂ္ဂိုလ်တို့သည်  ကမ္ဘာပေါ်တွင် စကျင်ကျောက်ဖြင့် ထုဆစ်သော ဉာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ရန် စေတနာဆန္ဒဖြစ်ပေါ်လာကြသည်။ သို့ရာတွင်  ကျောက်တုံးတော်ကြီးမှာ ကြီးမားလေးလံလွန်းသောကြောင့် ဖော်ယူရေး၊ဖြတ်တောက်ရေး၊ သယ်ယူရေးနှင့် ထုဆစ်ပုံဖော်ရေးတို့မှာ ခက်ခဲနိုင်ပါသည်။ စိတ်ဆန္ဒပြင်းပြစွာ ဖြစ်ပေါ်လာသည်ဖြစ်၍ ဦးဆောင်ဘုရားဒါယကာသည် ဆရာတော်ကြီးများအား လျှောက်ထားတိုင်ပင်ခြင်း၊ တပ်မတော်အင်ဂျင်နီယာများ၊ မြန်မာအင်ဂျင်နီယာအတတ်ပညာရှင်များ၊ ဗိသုကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ကာ စတင်အကောင်အထည်ဖော်နိုင်ခဲ့သည်။ ဆန္ဒဝတောကိ နာမကမ္မံ နသိဇ္ဇတိ  စိတ်ဆန္ဒပြင်းပြစွာဆောင်ရွက်လိုသူမှာ   မပြီးစီးနိုင်သော အရာမရှိဟူသောစကားအတိုင်း နောက်ဆုံးစုပေါင်းအားဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာ ထုထည်ကြီးမားသဖြင့် ဖူးမြော်ရသူများ၏ စိတ်အတွင်းတွင် ကြီးကျယ်ခမ်းနားလှပါသည်။ ဆင်းတုတော်၏ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ဉာဏ်တော်အမြင့် ၈၁ ပေမြင့်သည်။ ဆင်းတုတော်အလေးချိန် ၁၇၈၂ တန်၊ ပလ္လင်တော်အလေးချိန် ၃၅၁၀ တန်စုစုပေါင်းအလေးချိန် ၅၂၉၂ တန်ရှိကြောင်း မှတ်သားမိပါသည်။ ထို့ကြောင့်  ကမ္ဘာပေါ်ရှိ ထိုင်တော်မူ စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်နေခြင်းသည် ထူးခြားပါသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ကျောက်စာရုံစေတီအဆူ ၇၂၀၊ ကျောက်စာချပ်ပေါင်း ၁၄၄၀ ချပ်တို့တွင် ပါဠိဘာသာအပြင်   ရိုမန်ဘာသာများဖြင့်  မှတ်တမ်းတင်ထားသည်ကိုတွေ့ရှိရပါသည်။ 

ယခုနေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တွင် သံဃာအပါး ၉၀၀ နှင့် လူပုဂ္ဂိုလ် ၁၂၀၀ ဆံ့ အဂ္ဂါဓိပတိ    သာသနာ့ဗိမာန်တော်ကို အလျား ၂၉၆ ပေ၊  အနံ ၂၁၃ ပေ၊  အမြင့် ၉၄ ပေ၊ ခမ်းနားထည်ဝါစွာ တည်ဆောက်ခဲ့သည်။  ၎င်းဗိမာန်တော်ကြီးတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွက် နမူနာအဖြစ် ဦးစွာထုဆစ်ခဲ့သောရုပ်ပွားတော်ဖြစ်သည့် နောင်တော်ကြီးဘုရားအား  တည်ထားကိုးကွယ်ခဲ့ပါသည်။

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ထုဆစ်တည်ဆောက်ခြင်းနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ရေး လုပ်ငန်းများသည် ထုထည်ကြီးမားကျယ်ပြန့်များပြားသဖြင့် ခက်ခဲစွာဆောင်ရွက်ခဲ့ကြရသည်။

ရုပ်ပွားတော်ကြီးထုဆစ်ရာတွင် နမူနာဆင်းတုတော်နှင့် ကွဲလွဲမှုမရှိစေရန် လိုလျှင်ကြံဆနည်းလမ်းရ ဆိုသည့်အတိုင်း ခေတ်မီနည်းပညာတို့ကို အသုံးပြုခဲ့သည်။ ကျောက်တုံးတော်ကြီးများ ရွှေ့ပြောင်းခြင်း၊  ဗုဒ္ဓရုပ်ပွားတော်ကြီးအား ပလ္လင်တော်ပေါ်သို့ ပင့်ဆောင်ခြင်းလုပ်ငန်းတို့သည် ခက်ခဲပြီး အန္တရာယ်လည်း များလှပါသည်။ သို့ရာတွင် ဘုရားတန်ခိုးတော်ကြောင့်သော်လည်းကောင်း၊  ပြည်တွင်းပြည်ပအလှူရှင်များ၏ စေတနာ၊ မေတ္တာတို့ကြောင့်သော်လည်းကောင်း၊ ကျွမ်းကျင်ပညာရှင်တို့၏ တိကျသေချာသော ဆောင်ရွက်မှုကြောင့် သော်လည်းကောင်း ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်တွင်   ချောမောအောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး ရေစက်သွန်းချအမျှဝေ၍ လှူဒါန်းခဲ့ပါသည်။

 မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရင်ပြင်တော်တို့မှာ လွန်စွာပနံသင့်လှပါသည်။ ရုပ်ပွားတော်မြတ်ကြီးက ဉာဏ်တော်မြင့်မားလှသဖြင့်     ဖူးမြော်ရသည်မှာ ကောင်းကင်ယံတိမ်တိုက်တွင် ထက်ဝယ်ဖွဲ့ခွေထိုင် နေတော်မူ သကဲ့သို့ အလွန်ပင် သပ္ပာယ်လှပါသည်။    ရုပ်ပွားတော်၏ရှေ့တူရူရှိ   ကျောက်စာရုံစေတီများမှာ စီတန်းညီညာလှပသဖြင့် စက္ခုပသာဒဖြစ်ရသည်။ အလားတူပင် မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊ ဂန္ဓကုဋိတိုက်များ၊  သုဓမ္မာဇရပ်များ၊  ရေပန်းများ၊  မုစလိန္ဒအိုင်၊  ဗောဓိပင်၊  အောင်မြေနေရာ၊ သဒ္ဓါဓိပတိခေါင်းလောင်းတော်၊   ကြာပန်းများပွင့်လန်းနေသောရေကန်၊ မင်္ဂလာတံတား၊ ပြန့်ပြူးကျယ်ဝန်း ချောမွေ့သောလမ်းများ၊ အင်ကြင်းတောနှင့် ပန်းများ၊    ခမ်းနားထည်ဝါသောမုခ်ဦးတို့သည် ဘုရားဖူးလာသူတို့၏ စိတ်နှလုံးကို ကြည်နူးချမ်းမြေ့စေပါသည်။

ဘုရားကြီးနှင့် သာသနိကအဆောက်အအုံများ ကြီးမားများပြားသကဲ့သို့ အလှူရှင်ဘုရားဒါယကာ၊ ဒါယိကာမများကလည်း များပြားလှပါသည်။ ဦးဆောင်ဘုရားဒါယကာ အမှူးပြုသော စေတနာရှင်၊ အလှူရှင်၊ ပြည်သူပြည်သားများက လုပ်အားဒါနအလှူ၊ တန်ဖိုးမဖြတ်နိုင်သော စိန်၊  ရွှေ၊ အဖိုးတန်ကျောက်မျက်ရတနာများ၊   အဖိုးတန်လက်ဝတ် ရတနာများနှင့် ဘီလီယံပေါင်း များစွာသောငွေကြေးတို့ကို လှူဒါန်းခဲ့ကြပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်၊ အလှူရှင်အပေါင်းတု့ိ၏   လှူဖွယ်ဝတ္ထုအစုစုတို့မှာ များပြားလှသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  စတင်ဖူးမြော်ခွင့်ပေးသည့်အချိန်မှစ၍ ယနေ့အထိ အလှူငွေပေါင်းများစွာရရှိခဲ့ပါသည်။

ဘုရားဖူးလာပြည်သူများကိုလည်း  အခမဲ့ဖူးမြော်ခွင့်ပါပေးထားရာ အခါကြီးရက်ကြီးများတွင်သာမက ရုံးပိတ်ရက်ရှည်များတွင်လည်း ဘုရားဖူးပြည်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိပါသည်။

ဒါ့အပြင် ထူးခြားတဲ့သတင်းတစ်ခုလည်းရှိပါသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ရဟန်း၊ ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် စတင်ဖွင့်လှစ်ပေးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့မှစ၍  ဘုရားဖူးပြည်သူအများအပြား နေ့စဉ်လာရောက်ဖူးမြော်ကြည်ညိုကြရာ အောက်တိုဘာလ ၃၁ ရက်အထိ ဘုရားဖူးလာသူ ပြည်သူ ၁ သန်းကျော်အနက်မှ ရန်ကုန်တိုင်းဒေသကြီး   အင်းစိန်မြို့နယ်မှ ဦးကျော်ဝဏ္ဏသည် ဦးရေ ၁ သန်းပြည့်မြောက်သည့် ကံထူးသူတစ်ဦးအဖြစ် သိရပါသည်။

ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုအရ ဘုရားဂေါပကအဖွဲ့က ဦးရေ ၁ သန်းမြောက် ဘုရားဖူးပြည်သူ   ဦးကျော်ဝဏ္ဏအား ဉာဏ်တော် ၉ လက်မ အမြင့်ရှိသော စကျင်ကျောက်ဖြင့် ထုဆစ်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံတော်တူဆင်းတုတော်တစ်ဆူ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မှန်ပေါင်သွင်း ဓာတ်ပုံတစ်ပုံ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်သာသနိကအဆောက်အအုံများ ဆိုင်ရာ သမိုင်းကြောင်း ပါဝင်သည့် CD တစ်ချပ်နှင့် ငွေကျပ် ၁၂ သိန်းတန်ဖိုးရှိ Creamy Paper ဖြင့် ရိုက်နှိပ်ထားပြီး ပါဠိ၊ ရိုမန်အက္ခရာ နှစ်မျိုးတို့ဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော် ၅၃ ကျမ်း (၄၀)အုပ် တစ်စုံတို့ကို အမှတ်တရ ဓမ္မလက်ဆောင်အဖြစ် ဂုဏ်ပြုပေးအပ်ပြီး  အဆိုပါပိဋကတ်ပါဠိတော်ကျမ်းကို ဦးကျော်ဝဏ္ဏနှင့်ဇနီး ဒေါ်နွယ်နီဝင်း မိသားစုအမည်ဖြင့်     ကမ္ပည်းရေးထိုးထားကာ  လှူဒါန်းလိုသော ဘုန်းတော်ကြီးကျောင်းသို့ ကိုယ်တိုင် လှူဒါန်းနိုင်ရန် တစ်ပါတည်းစီစဉ်ပေးထားရာ ကံထူးရှင်မိသားစုအတွက် ဝမ်းသာစရာ သတင်းကောင်းပင်ဖြစ်ပါသည်။

ဆိုရလျှင်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား စတင်တည်ထားကိုးကွယ်ချိန်မှစ၍  ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်၊ ကာလတိုအတွင်း သပ်ရပ်လှပတင့်တယ်စွာ ဆောင်ရွက်ခဲ့ပုံ၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ထည့်သွင်း   တည်ဆောက်ထားသော ကျောက်စာရုံစေတီတော်များ၊ မုစလိန္ဒအိုင်၊   နဂါးရုံဘုရား၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊  သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီး၊ သုဓမ္မာဇရပ် တို့ကို တင့်တယ်လှပအောင်တည်ထားသည်ကိုကြည့်ခြင်းအားဖြင့် ထူးခြားအံ့သြချီးမွမ်းဖွယ်ရာပင် ဖြစ်ပါသည်။ ထို့ကြောင့်   နေပြည်တော်သို့  တစ်ခါတစ်ခေါက်လာရောက်လေ့လာ ဖူးမြော်ကြည်ညိုနိုင်ရန် ဖိတ်ခေါ် ရေးသားလိုက်ရပါသည်။    ။

ပြည့်ဝေ