လက်ဖက်ခြောက်လုပ်ငန်း အံ့မခန်း
ကျွန်တော်၏သူငယ်ချင်းဖြစ်သူ သတင်းထောက် ကိုငွေထွန်းက အတင်းခေါ်သဖြင့် ရှမ်းပြည်နယ်သို့ အလည်အပတ်လိုက်လာ ခဲ့သည်။ ပင်းတယဘက်သို့ ဘုရားဖူးသွား ရင်း ကိုငွေထွန်းက ဓနုတိုင်းရင်းသားတို့၏ လက်ဖက်ခြံသို့ခေါ်လာခဲ့သည်။ ကျွန်တော့် တစ်သက်နှင့်တစ်ကိုယ် လက်ဖက်ပင်နှင့် လက်ဖက်ခင်းကို ထိုဒေသသို့ရောက်မှ မြင်ဖူးသည်။ လက်ဖက်ပင်များကို ဧကများစွာစိုက်ပျိုးထားသဖြင့် မြင်တွေ့ရသည် မှာ တစ်မျှော်တစ်ခေါ်ရှိလှသည်။
လက်ဖက်ခြံတွင် လက်ဖက်ခြောက်ပြုလုပ်နေကြသည်ကို လေ့လာခွင့်ရခဲ့သည်။ လက်ဖက်ခြံထဲတွင် လွယ်ပလိုင်းကိုယ်စီဖြင့် လက်ဖက်ခူးနေကြသော ဓနုလှပျိုဖြူလေးများကို မြင်တွေ့ရသည်။
ဓနုလှပျိုဖြူလေးများသည် တောင်ပေါ် လက်ဖက်ခြံရှိရာသို့ မနက်စောစောသွား၍ လက်ဖက်ရွက်နုများကို ခူးကြသည်။ နေ့လယ်စာကို မနက်ကတည်းကယူလာကြပြီး သစ်ပင်ရိပ်တွင်ဝိုင်းဖွဲ့ကာ တပျော်တပါး စားသောက်နေကြသည်မှာ မြင်တွေ့ရသူ၏ စိတ်ကို ကြည်နူးစေသည်။ ဓနုလှပျိုဖြူလေး များသည် နေ့လယ်စာစားပြီး တစ်ခဏသာနားကြကာ လက်ဖက်ရွက်နုများကို ဆက်ခူးကြသည်။ လက်ဖက်ခူးသူ တစ်ယောက်လျှင် လက်ဖက်ရွက်နု ၁၅ ပိဿာခန့်ရရှိကြသည်။
ညနေအိမ်ပြန်ရောက်သည်နှင့် ဖျာကြမ်းပေါ်တွင် လက်ဖက်ရွက်နုများကို ဖြန့်ခင်းပြီး လေသလပ်ခံပေးကြသည်။ လက်ဖက်ရွက်နုများကို အိတ်ထဲ၊ ပလိုင်းထဲတွင် စုပုံထားလျှင် အပူလောင်ပြီး အရွက်များ ညိုသွားတတ်ကာ လက်ဖက်ခြောက်အရောင်မလှတော့ပေ။
ထိုလက်ဖက်ရွက်နုများကို ဖျာကြမ်းပေါ်တွင် လေသလပ်အောင် တစ်နာရီခန့်ဖြန့်ခင်းထားပြီးသောအခါ မိုးပြဲဒယ်ကြီးများထဲတွင်ထည့်ကာ မီးအေးအေးဖြင့် လက်ဖက်ကိုပေါင်းရသည်။ အခြောက် ပေါင်းရခြင်း ဖြစ်သည်။ ရေလုံးဝမထည့်ရပေ။ ထိုသို့လက်ဖက်ပေါင်းနေသည့် အချိန်တွင် ဝါးလက် (ဝါးယောက်မ)ဖြင့် အဆက် မပြတ်မွှေပေးနေရသည်။ လက်နှေးနေလျှင် လက်ဖက်ရွက်များပူးကပ်ပြီး ဆက်၍နယ်မရတော့ပေ။ ဤသည်ကို လက်ဖက်ပေါင်းသည်ဟုခေါ်သည်။ လက်ဖက်ပေါင်းရာတွင် နူးရုံ ၁၅ မိနစ်ခန့်သာကြာရသည်။
ဤအဆင့်တွင်လည်း လက်ဖက်ကို ပူရုံသာမွှေပေးပြီး ချက်ချင်းနယ်၍လှန်းလျှင် လက်ဖက်ခြောက်က အရောင်မလှတော့ဘဲ အညိုရောင်သာထွက်ကြောင်း သိရပြန်သည်။ တစ်ဖန် အချိန်ကြာမြင့်စွာ မွှေပေးနေ၍ လက်ဖက်နူး သွားပြန်လျှင်လည်း လက်ဖက်နယ်သည့်အခါ အလုံးအထွေးပမာဖြစ်သွားပြီး လက်ဖက်ခြောက် အမြင်မကောင်း၍ ရောင်းပန်းမလှတော့ချေ။ သို့သော် လက်ဖက်ရည်ကြမ်းသောက်၍ တော့ကောင်းသည်ဟု ဆိုသည်။ အနံ့က မွှေးကြိုင်နေပြီး အရသာက အချိုလေးသည်။ အရောင်ကလည်း မည်းနက်နေသည်။ သို့သော် ဝယ်သူက မနှစ်သက်ကြချေ။
လက်ဖက်ရွက်နုလေးများ အတော်နူးနေ ပြီထင်လျှင် လက်ဖက်ရွက်များကို ဖျာကြမ်း ပေါ်သို့ဖြန့်ခင်းပြီး နယ်ပေးရသည်။ အနယ် ကောင်းမှ လက်ဖက်ခြောက်အရည်အသွေး လှပသည်။
ထိုသို့ လက်ဖက်ရွက်များကို ကျစ်လျစ် အောင်နယ်ပေးနိုင်ပါမှ လက်ဖက်ခြောက်ြစ်လာသည့်အခါ အလိပ်အလိပ်လေးများဖြစ်လာသည်။ ဤသည်ကို စော်ဘွားနှုတ်ခမ်းမွေးဟု ခေါ်ဆိုကြသည်။
ဤသို့ လက်ဖက်ခြောက်သေးကျစ်နေမှ ရေနွေးကြမ်းသောက်သည့်အခါ တာရှည်ခံ သည်။ တော်ရုံနှင့် လက်ဖက်ရည်၏ ခါးသက်သက်အရသာကမကုန်ပေ။
စိတ်ကြိုက်နယ်ပြီးသား လက်ဖက်ရွက်များကို ဖျာကြမ်းပေါ်တွင် ဖြန့်ခင်းပြီး တစ်ည လုံးလေသလပ် ခံထားရသည်။ စုပုံထား၍ လက်ဖက်ခြောက်အညိုရောင်ဖြစ်သွားလျှင် ဈေးမရတော့ပေ။ နံနက်နေရောင် ထွက်လာသည့်အခါ လက်ဖက်များကို ဖျာကြမ်းပေါ် တွင် ဖြန့်ခင်းကာ လှန်းရသည်။ နေပူပြင်း လျှင် နေမွန်းတည့်ချိန်တွင် လက်ဖက်ခြောက် ဖြစ်သွားသည်။ လက်ဖက်ခြောက်၊ မခြောက် ကို အသေအချာကြည့်ရသည်။ လက်ဖက်မခြောက်ဘဲ စုပုံထားမိလျှင်လည်း လက်ဖက် ပုပ်စော်နံတတ်သည်။ လက်ဖက်ရွက်နုမှ လက်ဖက်ခြောက် ဖြစ်လာသည်အထိ လုပ်ဆောင်ရသော လုပ်ငန်းအဆင့်ဆင့်တို့သည် သတိထားရသည်။ ပေါ့ဆမှုမရှိရ။ ပေါ့ဆ သည်နှင့် ဈေးကောင်းမရတော့ပေ။
ခြောက်သွေ့သွားသော လက်ဖက်ခြောက် များကို အကြမ်း၊ အချော ပြန်ရွေးယူရသည်။ အရွက်လိပ်ကို အချော၊ အရွက်ပြန့်ကို အကြမ်းအမျိုးအစားအဖြစ် သတ်မှတ်သည်။
လက်ဖက်ခြံတစ်ဧကလျှင် အပင်များကြီးပါက တစ်နှစ်ကို လက်ဖက်ခြောက် ပိဿာချိန် ၈၀၀ ခန့်၊ အပင်သေးလျှင် တစ်နှစ်ကို လက်ဖက်ခြောက်ပိဿာချိန် ၂၀၀ ခန့်ရရှိသည်ဟု သိရသည်။
လက်ဖက်ခြံတစ်ခြံတည်း၌ပင် လက်ဖက်ပင်တစ်ပင်ကို လက်ဖက်ခူးသည့်အချိန် ကာလအလိုက် အမျိုးအစား လေးမျိုးကွဲပြားသည်ဟု သိရသည်။
ရွှေဖီမိုးလွတ်လက်ဖက် အမျိုးအစား သည် တန်ခူးလနှင့် ကဆုန်လတို့တွင် ရွက်နုထွက်၍ ဆွတ်ခူးကြသည်။
ရွှေဖီလားလက်ဖက် အမျိုးအစားသည် နယုန်လနှင့် ဝါဆိုလတို့တွင် ရွက်နုထွက်၍ဆွတ်ခူးကြသည်။ ယင်းလက်ဖက်အမျိုးအစားသည် ရွက်ဖားမျိုးဖြစ်၍ တတိယတန်းစားလက်ဖက်ခြောက်ဟု သတ်မှတ်ကြသည်။
ခါးကန်လက်ဖက် အမျိုးအစားသည် ဝါခေါင်လနှင့် တော်သလင်းလတို့တွင် ရွက်နုထွက်သည်။ မိုးတွင်းကာလတွင် ထွက်သောလက်ဖက်ဖြစ်၍ နေနှင့်မခြောက်သွေ့သောကြောင့် လျှပ်စစ်မီးဖိုနှင့် အပူကို မျှတအောင် ပေးပြီး ခြောက်သွေ့စေရသည်။ စတုတ္ထတန်းစားဟု သတ်မှတ်ကြသည်။
နှင်းတက်လက်ဖက် အမျိုးအစားသည် သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလတို့တွင် ရွက်နုထွက်သည်။ အရွက်ဖားပြီး မလှပသော်လည်း နှင်းရည်နှင့် ရွက်နုထွက်ရသောကြောင့် လက်ဖက်ရည်ကြမ်းသောက်လျှင် အရသာပိုကောင်းသည်။
ချိုပြီး အနံ့ကမွှေးနေသည်။ အကောင်းဆုံးပထမတန်းစားလက်ဖက်ခြောက်ဟု သတ်မှတ်ကြသည်။
လက်ဖက်ခြောက်ကောင်းကောင်းရစေ ရန် လျှို့ဝှက်ချက်များက ရှိနေသည်။ လက် ဖက်ခြောက်ကို နေ့ချင်းခြောက်အောင် လှန်းရသည်။ သို့မှသာ အနံ့မွှေးသည်။ နောက်တစ်နေ့ဆက်လှန်းရလျှင် အနံ့ မကောင်းတော့ပါ။ နေမရှိ၍ ကျပ်တင်လျှင် ကျပ်ခိုးစော်နံပြီး အနံ့မကောင်းတော့ပါ။ ထို့ကြောင့် လျှပ်စစ်မီးဖြင့်သာ ခြောက်သွေ့ စေသည်။
ယခုအခါ လက်ဖက်ခြောက်အတုများကို ထုတ်လုပ်ရောင်းချနေသည်ဟု သိခဲ့ရ သည်။ သပြေညွန့်၊ သစ်အယ်ညွန့်များသည် လက်ဖက်ခြောက်လုပ်ရန် လွယ်ကူသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ လက်ဖက်ခြောက်သည် အလိပ်လေးများဖြစ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ လက်ဖက်ခြောက်သည် ရွက်ပြန့်များဖြစ်သည်။ တောင်ပိုင်းလက်ဖက်ခြောက်က ဈေးပိုသည်။
လက်ဖက်ခြောက်အစစ်၏အရိုးက လုံးသည်။ လက်ဖက်ခြောက်အစစ်၏အနား ပတ်လည်တွင် ခွေးသွားစိပ်များပါသည်။ အတုမှာ ခွေးသွားစိပ်မပါရှိချေ။ အတု၏ အရိုး၌ ထောင့်များပါသည်။ လက်ဖက်ခြောက်အစစ်၏ အရသာမှာ ဖန်ချိုဖြစ်ပြီး အတု၏အရသာမှာ ချဉ်ခါးဖြစ်ကြောင်း ဗဟုသုတမျိုးစုံ လေ့လာသိရှိမှတ်သားခဲ့ရပါသတည်း။ ။
ဝင်းဇော်(သုံးဆယ်)