သာယာချမ်းမြေ့ ကရင်ပြည်နယ်နေ့
နှစ်စဉ် နိုဝင်ဘာလ ၇ ရက်နေ့သည် ကရင်ပြည်နယ်နေ့ဖြစ်ပေရာ ယခုနှစ်နိုဝင်ဘာလ ၇ ရက်နေ့မှာ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့သို့ရောက်ရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြားတွင် ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည်။ လူမျိုးတစ်မျိုး၏အမည်ကို အစွဲပြုကာ ပြည်နယ်များအား နာမည်ပေးထားသော်လည်း ထိုပြည်နယ်တိုင်းတွင် အဆိုပါလူမျိုးတစ်မျိုးတည်း နေထိုင်ခြင်းမျိုး မဟုတ်ပေ။ ကရင်ပြည်နယ်ဟုဆိုသော်လည်း ကရင်လူမျိုးများသာမက အခြားသောလူမျိုးများ လည်းနေထိုင်သည်။ သို့သော် ကရင်လူမျိုးများမှာ အများဆုံးဖြစ်သည်။
ခရစ်နှစ် ၁၇၃၈ ခုနှစ်တွင် ဦးနန္ဒမာလာဘွဲ့ခံ ဖူးတာမိုက်ဘုန်းတော်ကြီးသည် အင်းဝသို့သွားရောက်၍ ပိဋကတ်တော်များကို သင်ကြားခဲ့သည်။ အင်းဝရှိသာသနာပိုင်ထံမှ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့သည်။ ကရင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိသည့်အခါ ဗုဒ္ဓဘာသာစာပေများကို ကရင်ဘာသာဖြင့် သင်ကြား ပို့ချပေးသည်။
ကရင်လူမျိုးများက အဆိုပါဆရာတော်အား ခမ်းခမ်းနားနားကြိုဆိုခဲ့ကြသည်။ ဆရာတော်အားကြိုဆိုရာတွင် အသုံးပြုခဲ့သော ဆင်၏အစွယ်(စွယ်စုံ)သည် ယခုအခါ ကရင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်တွင် လေ့လာစရာ ရှေးဟောင်းပစ္စည်းတစ်ရပ်အနေဖြင့် ယနေ့တိုင်တည်ရှိနေသည်။
ကရင်ပြည်နယ်တွင် ကော့ဂွန်းဂူဘုရားသည် ရှေးဟောင်းသမိုင်းဝင်ဖြစ်သည်။ ရှေးကျသောဘုရားများအနက် ကျောက်စာများ တည်ရှိသည်။ ကရင်တိုင်းရင်းသားများဟု ဆိုလိုက်သည်နှင့် လူတိုင်း၏အမြင်တွင် ဒုံးယိမ်းအကကို ချက်ချင်းမြင်မိကြပေမည်။ ကရင်ဒုံးအကသည် ကရင်လူမျိုးတို့၏ ထင်ရှားသောအကဖြစ်သည်။
မြန်မာနိုင်ငံ၌သာမက ကမ္ဘာ၌လူကြိုက်များသောအကဖြစ်သည်။ လှပခြင်း၊ ညီညာခြင်း၊ တက်ကြွခြင်း၊ စိတ်ကို လန်းဆန်းစေခြင်း တို့အပြင် ဒုံးယိမ်းအကသည် ကိုယ်လက်လှုပ်ရှားမှု အချိန်ပြည့် လုပ်ဆောင်နေရသည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သောအကဖြစ်သည်။
ယနေ့အချိန်အခါတွင် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရောင်ခြည်များရရှိနေပြီး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများလည်း ရှိနေပြီဖြစ်သည်။ ရရှိထားပြီးသော ငြိမ်းချမ်းရေး ရလဒ်ကောင်းကို ပိုမိုတိုးတက်ဖြစ်ထွန်း
အောင်ဖော်ဆောင်ပြီး ပြည်နယ်တစ်ဝန်းလုံးတွင် ငြိမ်းချမ်းရေးတေးသံများ လွှမ်းမိုးနေရမည်ဖြစ်သည်။ ငြိမ်းချမ်းရေး အမွေကောင်းကို ကရင်လူငယ်မောင်မယ် မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း ပေးကြရမည် ဖြစ်သည်။
ကရင်တိုင်းရင်းသားတို့မှာ ပင်ကိုအားဖြင့် ရိုးသားတည်ကြည်ခြင်း၊ သစ္စာရှိခြင်း၊ မေတ္တာတရား အစဉ်လက်ကိုင် ထားရှိခြင်း၊ ရိုင်းပင်းကူညီတတ်သည့် စိတ်ဓာတ်ရှိခြင်း စသည့် မွန်မြတ်သော ဗြဟ္မစိုရ်တရားပြည့်ဝသောလူမျိုး ဖြစ်သည်။
ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအနေဖြင့် ဒေသအတွင်းတည်ငြိမ်အေးချမ်းမှု၊ ငြိမ်းချမ်းသာယာမှု၊ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုများကိုလိုလားသူများသာဖြစ်ကြသည်။
ပြည်ပကသွေးထိုးမြှောက်ပင့်ပေးထားသည့် အကြမ်းဖက်လက်နက်ကိုင်လူတစ်စုကြောင့်သာ ကရင်ပြည်နယ်မှာ အကျည်းတန်အရုပ်ဆိုးနေသော်လည်း နေလာလျှင်နှင်းပျောက်သည့်ပမာ မကြာမီအချိန်တွင် ထိုအကြမ်းဖက်တို့ ကွယ်ပျောက်သွားမည်သာဖြစ်သည်။ အကြမ်းဖက်တို့ရှိနေသမျှ ထိုနေရာ ထိုဒေသတို့ အေးချမ်းမှု၊ လုံခြုံမှုကင်းမဲ့နေမည် ဖြစ်သည်။ ထို့ကြောင့် ဓမ္မကိုမြတ်နိုးသူတိုင်းက အဓမ္မသမားများကို တိုက်ဖျက်ကြရမည် ဖြစ်သည်။
သို့မှသာ ကရင်ပြည်နယ်၏ အလှများ ပိုမိုပေါ်လွင်လာမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၆၈)နှစ်မြောက် ကရင်ပြည်နယ် နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ယခုကဲ့သို့ ထူးမြတ်သည့် ကရင်ပြည်နယ်နေ့ အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူညီအစ်ကိုမောင်နှမများကလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် မိမိတို့ပြည်နယ်အတွင်း ကဏ္ဍအားလုံး၌ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အလွန်လှပသောမြို့တော်များရှိကြပေရာ ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သော ဘားအံမြို့သည်လည်းပါဝင်သည်။ ဘားအံမြို့သည် သံလွင်မြစ်ကမ်းနံဘေးကို မေးတင်ထားသော လှပထူးဆန်းသည့် မြို့တော်ဖြစ်သည်။ မြို့ပြတိုက်တာ၊ ယဉ်ကျေးမှု၊ သဘာဝအလှတရား ဖြစ်သည့် ဘုရားစေတီ၊ ဂူပုထိုးများ၊ ရေတံခွန်များ၊ ရိုးရာဓလေ့ထုံးတမ်းများအစုံအလင်ရှိသည်။ ဤမျှသာယာ လှပသော ကရင်ပြည်နယ်ကို ပို၍ပို၍လှပစေချင်ပါသည်။ ဒေသခံပြည်သူတို့စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိစေချင်သည်။ ထို့ကြောင့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့မှစ၍ ကရင်ပြည်နယ် ပြည်သူလူထုကြီး ချမ်းမြေ့သာယာပါစေကြောင်း ရေးသားလိုက်ရပေသည်။ ။