ဂျာစီရောင်းချရမှု အများဆုံး ကစားသမားစာရင်းတွင် ရီးယဲလ်မက်ဒရစ် အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် ထိပ်ဆုံး၌ ရပ်တည်
ဥရောပထိပ်တန်းအသင်းကြီးများ၏ ဂျာစီရောင်းချ ရမှုအများဆုံး ကစားသမားစာရင်းတွင် ရီးယဲလ်မက် ဒရစ်အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် က ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။
ဘယ်လင်ဟမ်သည် ပြီးခဲ့သည့် နွေရာသီကစား သမားအပြောင်းအရွှေ့ကာလက ဒေါ့မွန်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပထမဆုံး ဘောလုံးရာသီတွင်ပင် ခြေစွမ်းပြနေသူဖြစ်သည်။
ဘယ်လင်ဟမ်သည် ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ပြီးနောက် အသင်း၏အဓိက ကစားသမားအဖြစ် ပါဝင်လာကာ တိုက်စစ်ကစားသမားများကို ကျော်ဖြတ်၍ သွင်းဂိုးများ သွင်းယူနိုင်ခဲ့ပြီး အသင်း ပရိသတ်အားပေးမှု အများအပြားရရှိကာ ၎င်း၏အမည်ပါ ဂျာစီများလည်း များစွာရောင်းချခဲ့ရကြောင်း သိရသည်။
ဂျာစီရောင်းချရမှု အများဆုံးကစားသမား ၁၀ ဦး စာရင်းတွင် ဘယ်လင်ဟမ်၏ နောက်၌ မန်စီးတီးအသင်းမှ ဟာလန်းက အဆင့် (၂)၊ ပီအက်စ်ဂျီအသင်း မှ အမ်ဘတ်ပီက အဆင့် (၃)၊ မန်ယူအသင်းမှ ရက်ရှ် ဖို့ဒ်က အဆင့် (၄)၊ စပါးအသင်းမှ ဆွန်ယောင်မင်က အဆင့် (၅)၊ လီဗာပူးအသင်းမှ ဆာလက်ချ်က အဆင့် (၆)၊ မန်စီးတီးအသင်းမှ ဒီဘရိုင်းက အဆင့် (၇)၊ မန်ယူအသင်းမှ ဂါနာချိုက အဆင့် (၈)၊ အာဆင်နယ်အသင်းမှ ဆာကာက အဆင့် (၉) နှင့် ရီးယဲလ်မက် ဒရစ်အသင်းမှ ဗင်နီစီးယက်စ်က အဆင့် (၁၀) နေရာ၌ အသီးသီး ရပ်တည်ခဲ့ကြကြောင်း သိရသည်။