တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၈
၂၀၂၂- ၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စားတိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး ကိုယ်စားပြု အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။
အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘော်လီဘောပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂၀ သင်းဖြင့် နိုဝင်ဘာလ ၂၃ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။