တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ငပုတောမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၈
ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၂၉၇ ဦး၊ ခွဲစိတ်ရောဂါ ၆၁ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၉ ဦး၊ ကလေးရောဂါ ၆၀ ဦး၊ အရိုးရောဂါ ၁၁၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၅၃ ဦး၊ မျက်စိရောဂါ ၂၀၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၅ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၄ ဦး၊ ဓာတ်မှန် ရိုက်လူနာ ၅၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၇ ဦး စုစုပေါင်း ၉၂၁ ဦး တို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူ ၁၁ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ မျက်စိခွဲစိတ်လူနာ များအား ဆေးမျက်မှန်များ တပ်ဆင်ပေးပြီး အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယခုကဲ့သို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-
ဒုတိယဗိုလ်မှူးကြီးထွန်းသူရ၊ ဒုတိယဌာနချုပ်မှူး၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်
အခမဲ့ဆေးကုသမှုရရှိရန် ပမ္မဝတီရေတပ်စခန်းဌာနချုပ်အနေနဲ့ ပင်လယ် သွားဆေးရုံရေယာဉ်(သံလွင်) လာရောက်မယ်ဆိုတာ သိရှိရတဲ့အချိန်မှာ ကျွန်တော်တို့ ဒီဟိုင်းကြီးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများကိုကြိုတင်အကြောင်းကြားမှုတွေဆောင်ရွက်ခဲ့ပါတယ်။ အလားတူ ဆေးကုသမယ့်အဖွဲ့တွေလာရောက်ချိန်မှာ သက်သက်သာသာနဲ့နေထိုင်နိုင်ဖို့ နေရာထိုင်ခင်းတွေပြင်ဆင်ခြင်းနဲ့ နေ့စဉ်လာရောက်ဆေးကုသတဲ့သူတွေကို လည်း ဌာနချုပ်အနေနဲ့ လူ ၅၀၀ စာလောက်ကိုအခမဲ့ကျွေးမွေးဆောင်ရွက် လျှက်ပါတယ်။ ဒါတင်မကပါဘူး ဆေးလာကုသတဲ့သူတွေ သွားရေးလာရေး အဆင်ပြေစေရေးအတွက် ဌာနချုပ်အနေနဲ့ ကားများစီစဉ်ပြီးတော့ သယ်ယူပို့ ဆောင် ရေးစီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ဒါ့အပြင် ဆေးရုံဆင်းလူနာများ ပြန်ဖို့အတွက် အခက်အခဲရှိတယ်ဆိုရင်လည်း မိမိတို့ဌာနချုပ်အနေနဲ့ သင်္ဘော၊ လှေ များစီစဉ်ပြီး ရပ်ရွာအရောက်ပြန်လည်ပို့ဆောင်စီစဉ်ပေးလျှက်ရှိပါတယ်။ ကျွန်တော်တို့ ဟိုင်းကြီးကျွန်းဒေသဟာ လမ်းပန်းဆက်သွယ်ရေးအရခက်ခဲတဲ့ အတွက် ဒေသခံပြည်သူများအနေနဲ့ ရောဂါတစ်ခုခုဖြစ်ပြီဆိုလို့ရှိရင် ဆေးရုံတက် ရောက်ကုသဖို့အတွက် သွားရေးလာရေးမှာများစွာအခက်အခဲရှိပါတယ်။ အခုလို တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့(သံလွင်)နဲ့ကျွန်တော်တို့ ဟိုင်းကြီး ကျွန်းဒေသကို လာရောက်ဆေးကုသပေးတဲ့အတွက် ဒေသခံပြည်သူများ ကိုယ်စား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တကွ တာဝန်ရှိသူများအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်။
မစန်းစန်းအေး၊ ကျုံကူးကျေးရွာ၊ ဟိုင်းကြီးကျွန်းမြို့
တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ဟာ ဟိုင်းကြီးကျွန်းမြို့ကို လာရောက်ဆေးကုသတယ်ဆိုတဲ့သတင်းကြားလို့ လာရောက်ဆေးကုသခြင်းဖြစ် ပါတယ်။ သမီးရဲ့ရောဂါက နှစ်နှစ်လောက်ရှိပါပြီ။ သမီးရဲ့ ရောဂါကအသားလုံး ရှိတဲ့အတွက်ဆရာဝန်ကြီးတွေနဲ့ပြကြည့်တဲ့အခါမှာ ဆရာဝန်ကြီးတွေက ခွဲစိတ်ဖို့ ပြောပါတယ်။ အဲဒီအချိန်မှာ သမီးအနေနဲ့ ရုတ်တရက်သိလိုက်ရတဲ့အချိန်မှာ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဆရာဝန်ကြီးတွေက နွေးထွေးစွာကြိုဆိုပြီး ဘာမှ မဖြစ်ဘူး။ ခွဲစိတ်မှုအောင်မြင်မှာပါ။ မစိုးရိမ်ပါနဲ့ဆိုပြီးနွေးနွေးထွေးထွေးပြောဆို ခဲ့တဲ့အတွက် သမီးအနေနဲ့ အရမ်းအားရှိသွားပါတယ်။ သမီးကြောက်နေမှန်း သိတော့ ဆရာဝန်ကြီးတွေက မကြောက်ဖို့အားပေးစကားပြောတယ်။ တစ်ကယ် တမ်းခွဲ စိတ်လိုက်တဲ့အခါမှာ ဆရာဝန်ကြီးတွေရဲ့အပြုံးမျက်နှာ၊ နွေးနွေးထွေး ထွေးနဲ့ဆက်ဆံမှုကိုမြင်လိုက် တဲ့အခါ သမီးရဲ့ရောဂါဟာ ယူပစ်သလိုပျောက် ကင်းသွားတယ်လို့ခံစားရ ပါတယ်။ အဲဒီအတွက်လည်း ဆရာဝန်ကြီးအားလုံးကို ကျေးဇူးတင်မိပါတယ်။ ဟိုးအရင်တုန်းကဆိုရင် သမီးတို့ရွာမှာ ငွေရေးကြေးရေး အခက်အခဲကြောင့် မသေသင့်ဘဲသေသွားတဲ့သူလည်းရှိပါတယ်။ အဲဒီအတွက် လည်းသမီးစိတ်ထဲမှာ အရမ်းကိုခံစားရပါတယ်။ စိတ်မကောင်းလည်းအရမ်းဖြစ် မိပါတယ်။ အခုလိုတပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က သမီးတင်မဟုတ် ဘူး ဒေသခံပြည်သူအားလုံးကို လူမျိုးမရွေး၊ ဘာသာမရွေး တစ်စိတ်တည်း၊ တစ် ဝမ်းတည်းနွေးနွေးထွေးထွေးနဲ့ကုသပေးတဲ့အတွက် သမီးအနေနဲ့အရမ်းကျေးဇူး တင် ဝမ်းသာ ပီတိဖြစ်ရပါတယ်။ သမီးတို့ရွာက ဆေးလာကုဖို့အခက်အခဲဖြစ် နေတဲ့ ဒေသခံ ပြည်သူတွေကို သွားရေး လာရေးကို အကြိုအပို့လုပ်ပေးတဲ့အပြင် ထမင်းလည်း ကျွေးတယ်။ ဆေးလည်းအလကားပေးတယ်။ ခွဲစိတ်တဲ့လူနာတွေအတွက်လည်း မေတ္တာ စေတနာနဲ့ကုသပေးတဲ့အတွက် သမီးအနေနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်။ သမီးရဲ့ရောဂါက အပြင်မှာကုမယ်ဆိုရင် ပိုက်ဆံအများကြီးကုန်မှာ သမီးအနေနဲ့ လည်းမတတ်နိုင်ဘူး။ အခုလိုနယ်လှည့်ဆေးကုသရေးအဖွဲ့နဲ့ အောင်မြင်စွာကုသ ပေးတဲ့အတွက် သမီးအနေနဲ့ဝမ်းမြောက် ဝမ်းသာကြည်နူးဖြစ်မိပါတယ်။ အခုလို သမီးလိုရောဂါတွေပျောက်အောင်စေလွှတ်ပြီးစီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲ နဲ့ တာဝန်ရှိသူတွေကို အရမ်းကျေးဇူးတင်မိပါတယ်။ တပ်မတော်နယ်လှည့်ဆေး ကုသရေးအဖွဲ့ဟာ ဆေးကုသပေးတဲ့အပြင် နောက်ထပ်ဒေသခံပြည်သူတွေအား လုံးကိုလည်း မကြာမကြာလာရောက်ဆေးကုသပေးပါလို့ သမီးအနေနဲ့ပြောချင် ပါတယ်။
.