ကျန်းမာရေးစောင့်ရှောက်မှုများ အောင်မြင်လျက်ရှိ

 

ကျန်းမာရေးစောင့်ရှောက်မှုများ အောင်မြင်လျက်ရှိ

အာရောဂျံ ပရမံ လာဘံ ဆိုသည့်အတိုင်း လူတိုင်းအတွက် ကျန်းမာရေးသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ ကျန်းမာရေးကောင်းမွန်နေမှသာ စိတ်သွားတိုင်းကိုယ်ပါ အရာရာကိုလုပ်ဆောင်အောင်မြင်နိုင်ကြမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကိုဦးဆောင်လျက်ရှိရာတွင် တိုင်းသူပြည်သားများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့ကို အလေးအနက်ထားဆောင်ရွက်လျက်ရှိသည်။ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေးကို ဦးတည်ချက်တစ်ရပ်အဖြစ် ချမှတ်ထားသည်။

ထိုသို့ချမှတ်ထားသည့်အတိုင်း တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာပညာရှင်များ ပါဝင်သောအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ဖြင့် အောက်တိုဘာလ ၃၁ ရက်တွင် ရန်ကုန်မြို့မှစတင် ထွက်ခွာသွားခဲ့သည်။ အဆိုပါနယ်လှည့် အထူးကုဆေး အဖွဲ့သည် ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်သည်။ X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်းနှင့် ရောဂါဗေဒပါရဂူများဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။ လိုအပ်ပါက ဆေးရုံတင်ကုသမှုများဆောင်ရွက်ပေးရန်အတွက် ဆေးရုံရေယာဉ်ပေါ်တွင် လူနာ ၃၀ ဦးအထိ တင်ဆောင် ကုသနိုင်သည့်ခွဲစိတ်ခန်း၊ သားဖွား/မီးယပ်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင်များလည်း ပါရှိသည်။

ထို့အတူ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကုဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး  ဟိုင်းကြီးကျွန်းပတ်ဝန်းကျင် ကျေးရွာများနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် အောက်တိုဘာလ ၃၁ ရက်တွင် ရန်ကုန်မြို့မှထွက်ခွာသွားခဲ့သည်။ ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကုသပေးမည်ဖြစ်သည်။ ECG စက်၊ X-Ray စက်၊ ဓာတ်မှန်ရိုက်စက်များဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများကို ဆောင်ရွက်မည်ဖြစ်သည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့၏ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြပေးလျက်ရှိသကဲ့သို့ ရုပ်မြင်သံကြားများကလည်း ထုတ်လွှင့်ပေးလျက်ရှိသည်။ မြဝတီရုပ်မြင်သံကြားလျှပ်တစ်ပြက်ရိုက်ချက်ကဏ္ဍတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသောပြည်သူတို့၏ ရင်တွင်းခံစားချက်များကို ထုတ်လွှင့်ပေးလျက်ရှိမှုအား ကြည်နူးဝမ်းမြောက်ဖွယ် ကြားသိမြင်တွေ့ရပါသည်။ ယခုခရီးစဉ်တွင် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့် အထူးကုဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ပေါ်၌ ငပုတောမြို့နယ် ကျေးရွာများမှ မီးဖွားလူနာများအား မိခင်ရောကလေးပါ ကျန်းမာစွာ မွေးဖွားပေးနိုင်ခဲ့သည်ကို ကြည်နူးဖွယ်တွေ့မြင်ရသည်။ ထိုသို့မွေးဖွားပေးရာ၌ နိုဝင်ဘာလ ၄ ရက် ည ၁၁ နာရီ ၃၇ မိနစ်တွင် ကျုံကူးကျေးရွာနေ မီးဖွားလူနာ ဒေါ်တင်တင်မြင့်၏ ကိုယ်အလေးချိန် ၆ ပေါင် ၈ အောင်စရှိသော သားရတနာကိုလည်းကောင်း၊ နိုဝင်ဘာလ ၆ ရက် ည ၁၂ နာရီ ၇ မိနစ်တွင် ကန်မလာကျေးရွာနေ ဒေါ်အိရွှေစင်၏ ကိုယ်အလေးချိန် ၇ ပေါင်ရှိသော  တတိယမြောက် သမီးရတနာကိုလည်းကောင်း မိခင်ရောကလေးပါကျန်းမာစွာ မွေးဖွားပေးနိုင်ခဲ့သည်။ အလားတူ နိုဝင်ဘာလ ၇ ရက် မွန်းလွဲပိုင်းတွင် ညောင်ဝိုင်းကျေးရွာနေ ဒေါ်နန်းမိုးထွေး၏ကိုယ်အလေးချိန် ၆ ပေါင် ၈ အောင်စရှိသော ဒုတိယမြောက် သမီးရတနာကိုလည်း ကျန်းမာစွာ  ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့သည့်အတွက် တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၏ ဆေးကုသမှုသမိုင်းမှတ်တမ်းတွင် ယနေ့အချိန်အထိ မိခင်ရော ကလေးပါကျန်းမာစွာ မွေးဖွားပေးနိုင်ခဲ့သည်မှာ ၂၁ ဦး ရှိပြီဖြစ်ကြောင်း  ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့မြင်သိရှိရပါသည်။

ယခုကဲ့သို့   တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ၏ကျန်းမာရေးစောင့်ရှောက်မှုကြောင့် ဒေသခံပြည်သူများအနေဖြင့် ခံစားနေရသော ရောဂါများ ပျောက်ကင်းသွားကြပြီး မျက်စိကွယ်သူများ မျက်စိအလင်းရောင်ရလာကြသည့်အတွက် ၎င်းတို့၏ ရင်တွင်းခံစားချက် ကျေးဇူးတင်စကားသံများမှာ ဝမ်းသာကြည်နူးဖွယ်ဖြစ်ရသည်။ အနှစ်ချုပ်ဆိုရသော်  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အောင်မြင်ပါကြောင်း ရေးသားဂုဏ်ပြုလိုက်ရပေသည်။   ။