ဒေါင်းလန်းကြီးနှင့် ဇာတိနွယ်မကွယ်ရစေဖို့
လက်ရည်တစ်ပြင်တည်း...
နှီးဒေါင်းလန်းတွေနဲ့
ဝိုင်းဖွဲ့ကာ သိုင်းချဲ့ကာ စားကြပြန်သည်..
မကြည်အောင် ခပ်ငယ်ငယ်တုန်းက
တေးဆိုကြ မြူးပျော်ကြ
ဟေ့သူငယ်ချင်းရေ... တို့နယ်ပယ်တွင်
မိုးသက်ကယ်ဆင်
ရှစ်ခွင်ကမည်း မိုးရွာမလိုလိုနဲ့ပင် ညီညွတ်ရေးနဲ့
အသက်ရှည်ရှည်ခင်ခင်မင်မင်
လက်ရည်တစ်ပြင်တည်း ရှေးကတော့
ပိုချစ်ကြတယ်...
မိုးလယ်ကာလရောက်လာပြီဖြစ်၍ ရှစ်ခွင်တိုင်းတွင် အုံ့မှိုင်းပြာရီနေပါသည်။ နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့၏ ရပ်ကွက်လေးတစ်ခုအရှေ့တွင် ရှမ်းရိုးမ၊ အနောက်ဘက်တွင်တော့ ပဲခူးရိုးမတောင်စွယ် တစ်ခုဖြစ်သော ဖိုးဇောင်းတောင်က ကာရံထားသည်မို့ လွမ်းစရာရှုခင်းက ရင်တွင်းကိုအေးချမ်းသွားစေပါသည်။ မိခင်အရင်းပမာချစ်ခင်ရပါသော အမေနန်း (ရဿဝတီမေနန်း)၏ အိမ်ဧည့်ခန်းလေးတွင် နန်းတော်ရှေ့ဆရာတင် ရေးသားသော လက်ရည်တစ်ပြင်တည်း သီချင်းလေးအကြောင်း ဆွေးနွေးနေကြခြင်းဖြစ်ပါသည်။
အတော်ကောင်းတဲ့သီချင်းလေးပဲနော် အမေ့စိတ်ထဲမှာ အတိတ်ကိုလွမ်းမိသလိုလို၊ ဇာတိသွေးဇာတိမာန်စိတ်တွေ ထက်သန်လာသလိုလို ခံစားမိလာတယ်သားရယ်
ဟုတ်တယ်အမေ စောစောက အမေ့အိမ်မီးဖိုဆောင်မှာချိတ်ထားတဲ့ နှီးဒေါင်းလန်းလေးကိုမြင်တော့ ဒီသီချင်းလေးကိုသတိရတာနဲ့ဆိုမိတာ
ဟုတ်တယ်သား အဲဒါ ရှမ်းပြည်က တပည့်လေးက လက်ဆောင်ဝယ်ပေးလာတာ..ခုခေတ်ကာလမှာတော့ သိပ်မသုံးတော့ပါဘူး ဟုတ်တယ်အမေရေ သားတောင် ပြတိုက်ထဲမှာပဲ မြင်ဖူးတော့တာ
ငါ့သားတို့လိုလူငယ်လေးတွေက မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်လေးတွေကို အခုလိုချစ်မြတ်နိုးတာ အမေဖြင့် အရမ်းဝမ်းသာတာပဲ
ထိုအခါ စာရေးသူက ဟုတ်တယ်အမေ သားတော့လေ မြန်မာဂန္ထဝင်ခေတ်ဟောင်းတေးသီချင်းတွေကို အရမ်းနှစ်သက်တာပဲ။ အရမ်းလည်းလေးနက်တယ်။ တချို့အသုံးအနှုန်းလေးတွေဆို သားတို့နဲ့ စိမ်းသွားတယ်..အဲဒါကြောင့် အမေတို့ဆီမှာ ပြန်မေးနေကြရတာပေါ့
ကဲ ..အမေကလည်း သိသလောက်ဖြေပေးပါမယ်။ သားဘာသိချင်တာလဲပြော
ဒေါင်းလန်းအကြောင်း အမေ...သားနားလည်
အောင် အမေဘယ်ကစပြောရမလဲ .. ရပြီသားရေ..
ကန်တော့ပွဲလို့ပြောလိုက်ရင် ကျေးလက်ဒေသတွေက အလှူပွဲတွေ၊ မင်္ဂလာပွဲတွေမှာသုံးတဲ့ ကန်တော့ပွဲထည့်တဲ့ ကလပ်လိုခွက်အကြီးကြီးကို သားမျက်စိထဲမြင်မှာပေါ့။ မင်္ဂလာပွဲမှာ သတို့သားဘက်က မိဘဆွေမျိုးတွေက သတို့သမီးရဲ့မိဘဆွေမျိုးများထံကနေ သတို့သမီးကို တောင်းရမ်းဖို့သွားတဲ့အခါမှာ ကန်တော့အုပ်တင်တယ်လို့ခေါ်တာကြားဖူးတယ်...
အဲလိုအခါမျိုးမှာသုံးတဲ့ ကန်တော့အုပ်က ဒေါင်းလန်းနဲ့အနီးစပ်ဆုံးတူတယ်။ ဒေါင်းလန်းကနေ ပြောင်းလဲလာတာလို့လည်း ဆိုကြတယ်။ ဒေါင်းလန်းအပြင် စပျစ်ဆိုတာလည်းရှိသေးတယ်သား
ဟုတ်တယ်အမေ သားကြားဖူးတဲ့ ကဗျာလေးတစ်ပုဒ်ရှိတယ် ..ကုန်းဘောင်ခေတ်စာဆို ဖိုးသူတော်ဦးမင်းရေးတဲ့ ဒုံးချင်းလေးတစ်ပုဒ်မှာ ပြောင်းပဲရောရာ ဆန်တစ်ဝက်နှင့်စပျစ်ကျင်းလျက် ပြည့်အနှက် လူပျိုချက်တဲ့ဟင်းလျာကို ရောရာစုံချိုလှဘိ လို့တွေ့ရတယ် အမေ..
]]ဟုတ်တာပေါ့သားရယ် အဲဒီစပျစ်ပေါ့။ စပျစ်ကို တချို့က မြေဇလုံ၊ တချို့က ဗျပ်လို့ အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ အနီးစပ်ဆုံး သားနားလည်အောင်ပြောရရင် ရှေးက တို့မြန်မာမိသားစုတွေဟာ မိသားစုထမင်းစားကြရင် အဲဒီစပျစ်ကိုအလယ်မှာထားပြီး ထမင်းဟင်းတွေကို စပျစ်ထဲမှာထည့်၊ ဟင်းရည်ကိုတော့ မြေဇလုံမှာထည့်၊ အခြားဟင်းကတော့ ပုံပြီးတော့စားကြတာပေါ့။ ထမင်းစားသူတွေဟာ ထမင်းကိုယက်ယူပြီးတော့ ပုံထားတဲ့ဟင်းနဲ့ စားကြတယ်။ အရည်ဆမ်းချင်ရင်လည်းဆမ်းပေါ့။ အဲဒီအခါမှာ သူ့ဘက်က ဟင်းရည်က ကိုယ့်ဘက်ကိုရောက်၊ ကိုယ့်ဘက်ကဟင်းရည်က သူ့ဘက်ကိုရောက် အဲဒါကို ထောက်ချင့်ကြည့်ရင် စပျစ်ဆိုတာဟာ မြေဇလုံဆိုတာထက် ဗျပ်ဆိုတာက ပိုနီးစပ်မယ်သား...အဲဒီဗျပ်ကနေ အဆင့်မြင့်စားပြီးတော့ ခုခေတ်စားပွဲခုံအဝိုင်းလေးတွေနဲ့တူတဲ့ ဒေါင်းလန်းဆိုတာဖြစ်လာတာပဲ..
ထိုအခါ စာရေးသူက သြော် အဲဒါကြောင့် လက်ရည်တစ်ပြင်တည်းလို့ ဆိုကြတာထင်တယ်နော်
အမေ... လက်ရည်တစ်ပြင်တည်းဆိုမှ အဲ့သီချင်းလေးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးကို သားလေ့လာတွေ့ရှိသလောက် အမေ့ကိုပြန်ပြောပြရဦးမယ်...လက်ရည်တစ်ပြင်တည်းသီချင်းရဲ့ တေးပြုစာဆိုက နန်းတော်ရှေ့ဆရာတင်ပဲအမေ...မူရင်းတေးသံရှင်ကတော့ ခေတ်ဟောင်းတေးသံရှင်ကြီး ဒေါ်ကြည်အောင်ပဲ။ မူရင်းဓာတ်ပြားတေးသီချင်းရဲ့ ခြေဆင်းဒုတိယပိုဒ်မှာ ဒေါင်းလန်းကြီးနဲ့ ထမင်းတွေပုံဟင်းဇလုံ အလယ်မှာမြှုပ်ပါလို့ တစ်လုတ်စီမောင်နှမတွေရှင်စား... စားကြပျော်ရွှင်ရယ် လို့ ထည့်သွင်းစပ်ဆိုထားတာကို တွေ့ရတယ်။ အခု နောက်ပိုင်းတေးသံရှင်တွေက အဲဒီအပိုဒ်ကိုဖြုတ်ပြီးတော့ သီဆိုနေတာကိုတွေ့ရတယ်။ ဘာအကြောင်းကြောင့်ရယ်တော့ မသိဘူးအမေ။ မြန်မာဂန္ထဝင်တေးသံရှင် ဒေါ်မာမာအေးကတော့ ဒီအပိုဒ်ကို ထည့်သွင်းသီဆိုထားတာတွေ့ရတယ်...သြော် . . .ဒါနဲ့စကားမစပ် ဒီသီချင်းလေးရဲ့မူရင်းခေါင်းစဉ်အမည်က လက်ရည်တစ်ပြင်တည်း မဟုတ်ဘူး။ ဇာတိနွယ်တဲ့ အမေ
ဟုတ်လား.. သား အမေက အဲဒီသီချင်းလေးကို ကြိုက်ပေမယ့် အဲလောက်ထိတော့ နှိုက်နှိုက်ချွတ်ချွတ် မလေ့လာခဲ့မိဘူး။ ကျေးလက်တောရွာတွေအပြင် မြို့ကြီးပြကြီးတွေက ရှင်ပြုအလှူတော်မင်္ဂလာပွဲတွေမှာ ဆိုင်းဝိုင်းကြီးနဲ့ ခံ့ခံ့ညားညား သီဆိုလေ့သီဆိုထ ရှိကြတာကိုတွေ့ရတယ်။ ဒါပေမဲ့ သားပြောတဲ့ ခြေဆင်းဒုတိယအပိုဒ်လေးကိုတော့ သီဆိုတာမကြားဖူးခဲ့ဘူး။ အဲဒီအပိုဒ်လေးကို နားထောင်ကြည့်လိုက်တော့ မိသားစုမောင်နှမတစ်တွေ ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးနဲ့ ညီတူညီမျှ မေတ္တာပေါင်းကူးနေတဲ့ ပုံရိပ်လေး ဟာဆိုရင် တကယ်ကိုကြည်နူးစရာကောင်းတာပဲ သားရယ်
ဟုတ်တာပေါ့အမေရယ် ဒေါင်းလန်းကြီးရဲ့အလယ်မှာ ထမင်းတွေပုံပြီး အဲဒီထမင်းရဲ့အလယ်မှာ ဟင်းရည်ဇလုံကို အလယ်မှာထားပြီးတော့ မောင်နှမတစ်တွေ၊ မိသားစုတစ်တွေ ဟင်းရည်ကိုခပ်၊ အသီးသီးစားဖို့ ရှေ့မှာပုံထားတဲ့ ထမင်းပုံလေးတွေပေါ်မှာ ဟင်းရည်လေးတွေကိုဆမ်း၊ အခြားဟင်းတွေကိုတော့ တစ်နိုင်တစ်ပိုင်ပုံစားကြပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကြည်နူးပျော်ရွှင်ရတဲ့ မိသားစုထမင်းဝိုင်းလေးဟာ ရှေးမြန်မာတို့ရဲ့ မိသားစုအတွင်းစည်းလုံးညီညွတ်မှုနဲ့ မေတ္တာတရားတွေကိုဖော်ညွှန်းနေသလို သားနားလည်မိတယ်။ ပြီးတော့ မိသားစုစည်းလုံးမှုရဲ့နိမိတ်ပုံ သင်္ကေတတစ်ခုကိုပြပါဆိုရင် ဒေါင်းလန်းကြီးကို လက်ညှိုးညွှန်ပြရမှာပဲ အမေ
အမေ့အမြင်အနေနဲ့ကတော့ မြန်မာမှု၊ မြန်မာ့ဟန်၊ ဇာတိမာန်ဖြစ်ပေါ်စေတဲ့ အခုလို တေးသီချင်းလေးတွေကို သီဆိုကြတဲ့အခါမှာ မူရင်းရသနဲ့အနှစ်သာရမပျောက်ပျက်အောင် သီဆိုသင့်တယ်။ ပြီးတော့ တေးရေးဆရာတွေပဲဖြစ်ဖြစ်၊ သားတို့၊ အမေတို့လို စာတွေ၊ ကဗျာတွေရေးသူတွေပဲဖြစ်ဖြစ် တေးသီချင်းတစ်ပုဒ်၊ စာကဗျာတစ်ပုဒ်ကိုရေးတဲ့အခါမှာ စာဆိုရဲ့ စေတနာ၊ ရည်ရွယ်ချက် စတဲ့အကြောင်းအချက်အလက်တွေ ပေါ်လွင်အောင် ရေးလေ့ရေးထရှိကြတယ်။ မူရင်းစာဆိုရဲ့စေတနာကို လေးစားကြရမယ် သားရေ
ဟုတ်ကဲ့ပါ မှတ်သားရပါတယ် အမေရေ၊ အမေ့ဆီက အခုလိုအတွေးအမြင်လေးတွေကြားရတာ သားတော့ အရမ်းအသိအမြင်တွေရတယ်အမေ၊ ဒေါင်းလန်းအကြောင်းလည်း ပိုပြီးသိချင်လာတယ်
ထိုအခါ အမေနန်းက သိရမှာပေါ့ သားရယ် ဒေါင်းလန်းကို အစားအသောက်များထည့်၍ စားရန်သစ်သား၊ ဝါးစသည်တို့ဖြင့်ပြုလုပ်၍ ယွန်းဖြင့်သရိုးကိုင်ထားသော ခြေထောက်တပ်ထားသည့် ဗန်းပြားကြီးများကို ဒေါင်းလန်းဟုခေါ်သည်။ အကြီးအငယ်အရွယ်မျိုးစုံရှိသည်။ ဒေါင်းလန်းဟူသောစကားမှာ မွန်စကား ဒုင်လေင်မှလာသည်ဟုယူဆကြသည်။ ဒုင်ဟူသောမွန်စကားသည် မြန်မာလို တင်ဆောင်သည်၊ သယ်ပိုးသည်ဟု အဓိပ္ပာယ်ရသည်။ လေင်ဟူသော မွန်စကားသည် စားသောက်သည်၊ အာဟာရဖြည့်တင်းသည်ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဒုင်လေင်ဟူသောမွန်စကားသည် စားသောက်စရာ တင်ဆောင်သော ပစ္စည်းဟုအဓိပ္ပာယ်ရသည်။
ဒုင်လေင်မှဒေါင်းလန်းဟူ၍ စကားပျက်လာသည်ဟု ယူဆကြသည်လို့ မြန်မာ့စွယ်စုံကျမ်းမှာဖော်ပြထားတာကို လေ့လာမှတ်သားရတယ်သား ဟုတ်ကဲ့အမေသားလေ သက်ကြီးအဘွားတစ်ဦးကို မေးကြည့်တော့လေ ဒေါင်းလန်း ဗျပ်လို့တွဲခေါ်တာတွေ့ရတယ်။ ပြီးတော့လေ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်မျိုးဆိုပြီးတော့ ကြားဖူးပြန်တယ်အမေ
ဟုတ်တာပေါ့သားရယ် ဗျပ်ဆိုတာကိုကြားရင် ဈေးသည်ကိုပြေးမြင်ကြတာပဲလေ။
ဗျပ်အကြောင်းကို ပြောမယ်ဆိုရင်တော့ အကြောင်းအရာရှည်သွားနိုင်တဲ့အတွက် သီးခြားဆွေးနွေးမှ အဆင်ပြေမယ်သား။
ဒါကြောင့် ဒေါင်းလန်းအကြောင်းကိုပဲ အရှည်တဝင့် ဆွေးနွေးကြတာပေါ့
ဟုတ်ကဲ့ပါ အမေနှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါသမီးနှင့်သား၊ များလို့မဝင်သာဒူးတစ်ဖက်ဟာ၊ တွန်းကာဖယ်လျက်သူ့ထက်ငါလေ၊ စားတော့မည်စေစားပေသာလှ အုန်းခွက်ကယ်နှင့်လေးရယ်လို့ ညောင်ရမ်းခေတ်စာဆို ဝန်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမားမိသားစုလေးအကြောင်းရေးဖွဲ့ထားတဲ့ နွေဦးကာလမြူထသောခါ အစချီတျာချင်းမှာ ရေးဖွဲ့ထားတာတွေ့ရတယ်အမေ
ဟုတ်တာပေါ့သားရယ် ဒါကြောင့် ဒေါင်းလန်းကို ပင်းယခေတ်ကတည်းက စတင်အသုံးပြုလာတယ်လို့ ယူဆနိုင်တာပေါ့။ ဒေါင်းလန်းကို ဒေသအပေါ်မှာမူတည်ပြီး အခေါ်အဝေါ်မျိုးစုံ တွေ့ရတယ်သား ရှမ်းပြည်နယ်မှာ ဖိန်း၊ ပလောင်တွေကတော့ ဂလန့်၊ ကချင်ပြည်နယ်က ကြည်လင်၊ မိုးကုတ်မြို့က ဒေါင်းဘောင်၊ ဘုတလင်မြို့ကတော့ ဘန်းဒယ်၊ မုံရွာမြို့နယ်မှာရှိတဲ့ ကျောက္ကာရွာကတော့ ရက်သာ လို့ခေါ်ပြီး ရေဦးကတော့ လွှားလို့ ခေါ်ကြတယ်လို့ လေ့လာသိရှိရတယ်။ ဒါ့အပြင် ဒေါင်းလန်းမှာ အဲဒါတွေကတော့ လွှား(မျက်နှာခွက်)၊ ဗေဒါခွ(နှီးခွေ)၊ ခွက်ဘီး၊ ခွက်နင်း၊ ပန်းကုန်း၊ ခြေတံ၊ ပြော့ထောင်၊ ပြော့ရစ်၊ ကြာဘလာ၊ ခုံဘီး ရယ်လို့ အစိတ်အပိုင်း ၁၀ ခုပါဝင်တာကို တွေ့ရတယ်။ ဒေါင်းလန်းတစ်ခုဖြစ်ဖို့ လွယ်တော့မလွယ်ဘူးနော်အမေ
ဟုတ်တယ် သား အမေကြားဖူးတာ ဒေါင်းလန်းတစ်ခုအပြည့်အစုံပြီးစီးဖို့အတွက် ၂ လ လောက်တောင် ကြာတတ်တယ်တဲ့ ဟုတ်ကဲ့ပါ အမေ ထမင်းစားချိန်လည်းရောက်နေပြီဆိုတော့ သားတို့ရဲ့ဆွေးနွေးပွဲလေးနားပြီး လက်ရည်တစ်ပြင်တည်း ထမင်းမြိန်မြိန်စားကြတာပေါ့အမေ
ထိုအခါ အမေနန်းက နှီးဒေါင်းလန်းကြီးနဲ့တော့ မဟုတ်ဘူးနော်သား၊ စားပွဲမှာ ထမင်းပြင်ပြီး အုပ်ဆောင်းအုပ်ထားပြီးပြီ။
တော်တော်တောင် အေးနေရောပေါ့။ ထမင်းကတော့ နွှေးထားပြီးသားပါ ဟုဆိုကာ စကားဝိုင်းလေးကို အပြီးသတ်ကာ ထမင်းဝိုင်းလေးဆီသို့သွားရောက်ကာ စားသောက်ပါတော့သည်။ ။
မောင်လေပြေ(တောင်တွင်း)