တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးမှသည် စီးပွားဖြစ်ငါးမွေးမြူရေးဆီသို့ ဦးတည်ဆောင်ရွက်နေသော မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာမှ ငါးမွေးမြူရေးလုပ်ငန်းများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်မှ စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး ဟူသောအချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံစားကုန်များ၊ သားငါးများဒေသအလိုက်ဖူလုံပြီး ဒေသဖွံ့ဖြိုးတိုးတက်လာစေရန် ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၏ အနီးကပ်ကြီးကြပ် ကူညီပံ့ပိုးမှုဖြင့် ဒေသခံပြည်သူ ငါးမွေးမြူရေးစိတ်ဝင်စားသူများ၏ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေမှုများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းမှုကို ရေးသားတင်ပြလိုက်ရပါသည်။
မချမ်းဘော့မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများတစ်နိုင်တစ်ပိုင်ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်တားဆီးရန်၊ ရေချိုငါးလုပ်ငန်းရေပြင်များ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်စောင့်ရှောက်ရန် ၊ သဘာဝငါးသယံဇာတကို အပြည့်အဝ အသုံးချတတ်လာစေရန် နှင့်တစ်နိုင်တစ်ပိုင် ငါးမွေးမြူရေးလုပ်ငန်းမှသည် စီးပွားဖြစ်ငါးမွေးမြူရေးလုပ်ငန်း များအဖြစ် ဖွံ့ဖြိုးတိုးတက် လာစေရန်တို့ကို ရည်ရွယ်၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ပူတာအိုခရိုင်တစ်ခုလုံး၏ တစ်နှစ်လျှင် လက်ရှိငါးစားသုံးမှုအခြေအနေမှာ ငါးပိဿာချိန်ထောင်ပေါင်း ၂ ဒသမ ၁၁၉ ပိဿာဖြစ်ပြီး ငါးလိုအပ်မှုအခြေအနေမှာ ငါးပိဿာချိန်ထောင်ပေါင်း ၁၄ ဒသမ ၄ ပိဿာ လိုအပ်ကြောင်းနှင့် လိုအပ်သောငါးရိက္ခာများကို အခြားဒေသမှ တင်သွင်းရကြောင်း သိရသည်။
၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် မချမ်းဘော့မြို့နယ်၌ ငါးမွေးမြူရေးလုပ်ကိုင်ဆောင်ရွက်သူ ၄၂ ဦးရှိပြီး ငါးမွေးကန် ၄၄ ကန်၊ ငါးမွေးကန်ဧကပေါင်း ၅ ဒသမ ၆၅၈ ဧကရှိပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ၎င်းဘဏ္ဍာနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေမှ ဒေသခံငါးမွေးတောင်သူများကို ငွေကျပ် သိန်းပေါင်း ၄၈၀ ကိုကူညီပံ့ပိုးထုတ်ချေးထားပြီး ငါးမျိုးစိုက်ဆောင်ရွက်မှုအနေဖြင့် ငါးကောင်ရေ ၁၁၆၅၀၀ ကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးထားကြောင်းနှင့် ၎င်းပံ့ပိုးမှုများအပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဒေသခံငါးမွေးတောင်သူ ၁၀ ဦးကိုလည်း ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းစခန်းတွင် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်နည်း သင်တန်းများ တက်ရောက်နိုင်ရေး ကူညီဆောင်ရွက်ခြင်းနှင့် မိမိဒေသတွင်ဆင့်ပွား သင်တန်းများ ပို့ချနိုင်ရေး စသည့် နည်းပညာအကူအညီများကိုလည်းကောင်း၊ ငါးသားပေါက်နှင့်ငါးစာများကို လည်းကောင်း ပံ့ပိုးပေးအပ်ခြင်းတို့အပြင် ဒေသခံငါးမွေးတောင်သူများ ငါးဖမ်းယူသည့်အခါ ငါးလေလွင့်ပျက်စီး ဆုံးရှုံးမှု ကာကွယ်ရန်နှင့် ငါးဖမ်းယူမှု လွယ်ကူစေရန်အတွက် ပိုက်ကွန်တစ်လက်လျှင် ငွေကျပ်၂၅ သိန်းတန်ဖိုးရှိ ငါးဖမ်းဖော့ဇာဆွဲပိုက်နှစ်လက် တန်ဖိုးအားဖြင့် ငွေကျပ်သိန်း ၅၀ ကိုလည်းကောင်း ပံ့ပိုး ပေးအပ်ခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးကျော်ကိုကိုကျော်က ပြောသည်။ မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာရှိ တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးကန်များသည် အများအားဖြင့် ၂၀၂၂ ခုနှစ်မှစတင်တူးဖော်ခဲ့ကြပြီး အဆိုပါငါးကန်များတွင် ငါးခုံးမ၊ငါးကြင်းဖြူ၊ ငါးကြင်းနီ စသည့်ငါးမျိုးများကို မွေးမြူကြရာ ငါးကန်တစ်ကန်လျှင် ငါးကောင်ရေ ၂၀၀၀ ခန့်ထည့်သွင်းမွေးမြူထားကြောင်း သိရသည်။
ငါးများကို ငါးမျိုးစတင်စိုက်ထည့်ပြီးသည့်အချိန်မှစ၍ ငါးအရွယ်အစားအလိုက် သတ်မှတ်ငါးစာများကို အဆင့်အလိုက်ကျွေးမွေးရကာ ငါးစတင်မွေးမြူချိန်မှ ထုတ်ယူစားသုံးလို့ ရသည့်အချိန်ထိ ငါးကန်တစ်ကန်ကို အစာ ၅ အိတ် တန်ဖိုးအားဖြင့် ငွေကျပ်နှစ်သိန်းကုန်ကျကြောင်းနှင့် ငါးများကိုစတင်မွေးမြူချိန်မှ ၈ လခန့်အကြာတွင် ထုတ်ယူစားသုံး၍ရကြောင်း သိရသည်။
ငါးများထုတ်ယူရောင်းချရာတွင် ဒေသပေါက်ဈေးနှုန်း တစ်ပိဿာလျှင် ငွေကျပ်၁၄၀၀၀ ရှိသော်လည်း ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၀ ဖြင့်သာ ရောင်းချသွားမည် ဖြစ်ကြောင်းနှင့် တစ်နှစ်ဝင်ငွေအားဖြင့် ငါးကန်တစ်ကန်လျှင်ငွေကျပ် ကိုးသိန်းထိ ရရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း ဒေသခံငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူ ဦးခေါင်လန်ဒဂုံက ပြောသည်။ ငါးမွေးမြူရေးဆောင်ရွက်နေသူဒေသခံများအနေဖြင့် ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင် ဆောင်ရွက်သွားရန် အစီအစဉ်များရှိပြီး သက်ဆိုင်ရာဌာနများက အကူအညီများကို ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်ပေးစေလိုကြောင်း သိရသည်။
မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့်လည်း ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ငါးရိက္ခာဖူလုံရေး တို့အတွက် ယခုကဲ့သို့ တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးမှသည် စီးပွားဖြစ်ငါးမွေးမြူရေး လုပ်ငန်းများ ဖြစ်မြောက် လာသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သော နည်းပညာအကူအညီများ၊ ငွေကြေးအကူအညီများ ရရှိစေရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြတောင်းခံကာ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာရှိ ငါးကန်ဧကပေါင်း ၅ ဒသမ ၆၅၈ ဧကမှ ငါးကန်ပေါင်း ၄၄ ကန်တွင် တစ်နှစ်လျှင် ငါးထုတ်လုပ်မှုအနေဖြင့် ပိဿာချိန် ၃၉၆၀ ကိုထုတ်ယူရရှိနိုင်မည်ဖြစ်ပြီး ပူတာအိုတစ်ခရိုင်လုံး ငါးလိုအပ်မှု၏ ၃ ဒသမ ၆ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်သည့်အတွက် ၎င်းကျေးရွာရှိ ငါးမွေးမြူရေးလုပ်ငန်းသည် မိသားစုအပိုဝင်ငွေရရှိရုံသာမက ပူတာအိုဒေသ ငါးစားရေရိက္ခာဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု လျက်ရှိကာ တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးမှသည် စီးပွားဖြစ်ငါးမွေးမြူရေးဆီသို့ ဦးတည်နေသည့် လုပ်ငန်းတစ်ခုပင် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
ယောရွှေနီ(မချမ်းဘော့)