ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေနှင့် ထောက်ပံ့ငွေများ ပေးအပ်
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိ နေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေ ဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့တွင် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်းကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၇ ဦးသည် ၎င်းတို့ နှင့်အတူ ပါလာသည့် ကာဘိုင် ၁ လက်၊ ၎င်းကျည် ၁၀ တောင့်၊ M-22 ၁ လက်နှင့် ၎င်းကျည် ၅ တောင့်တို့ကို အပ်နှံရာ တိုင်းမှူးက လက်ခံရယူခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်ပါရှိသူ ၂ ဦးအတွက် သေနတ် ၁ လက်လျှင် ဆုကြေးငွေကျပ်သိန်း ၅၀ နှုန်းဖြင့် သေနတ် ၂ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၁၀၀ နှင့် တစ်ဦးလျှင် ထောက်ပံ့ငွေ ၅ သိန်းကျပ်စီ ထောက်ပံ့ ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများက လက်ခံရယူပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက် လာသူများအား ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်း ပေးအပ်သည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေး ငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက် ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိ နေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။