လူငယ်မာန်ဝင့်ချိန်

 

လူငယ်မာန်ဝင့်ချိန်

ယနေ့မြန်မာနိုင်ငံသတင်းများတွင် မြန်မာတိုင်းရင်းသားလူငယ်များတွေ့ဆုံပွဲ၊ နှီးနှောဖလှယ်ပွဲသတင်းများ၊ အားကစားထူးချွန်သော လူငယ်သတင်းများ၊ မြန်မာတို့၏သက်တမ်းရှည်လှပြီဖြစ်သော မြန်မာ့ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေကြသော အနုပညာရှင်လူငယ်သတင်းများက သတင်းမီဒီယာများ၌ နေရာများစွာယူထားနေသည်ကို တွေ့ရသည်။

လူငယ်ဘဝပြန်လိုချင်မိသေးသော်လည်း မည်သို့မှပြန်၍မယူနိုင်၊ မရနိုင်တော့သည့်  အသက် ၉၀ ကျော်(၉၃ နှစ်) ဤစာရေးသူအနေဖြင့်  ယနေ့မြန်မာလူငယ်မျိုးချစ်၊ ပြည်ချစ်တို့၏  သတင်းများကို ပီတိအပြည့်ဖြင့် ခံစားနေမိရာမှ ဤဆောင်းပါးရေးသားဖြစ်သွားခြင်းဖြစ်ပါသည်။

အများသိ၊ အားလုံးသိ၊ မြန်မာသိ၊ ကမ္ဘာသိ လူငယ်တို့၏ထူးခြားသော အရည်အသွေးများကို ထပ်၍တင်ပြပါရစေဦး။

လူငယ်တို့သည် ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးသောအရွယ်၊ ရုပ်ဝတ္ထုအစုစုတို့ တိုးတက်ကြံ့ခိုင်ဖွံ့ဖြိုးမှု အရှိန်ကောင်းနေသည့် အရွယ်များဖြစ်၍ တက်လူများဟု စာများ၌ဆိုကြသည်။  ကျန်းမာတော့  ကြံ့ခိုင်ကြ၏။

သန်စွမ်းကြ၏။ ထိုသို့ကျန်းမာကြံ့ခိုင်နုပျိုလန်းဆန်းသော အရွယ်များဖြစ်၍ ဖျတ်လတ်ကြသည်။  သွက်လက်ကြသည်။

ထက်မြက်ကြသည်။

အသက်အရွယ်အားဖြင့် ဒုတိယအရွယ်(လူလတ်ပိုင်းလွန်မြောက်၍)၊  တတိယအရွယ် ဇရာပိုင်း စတင်ဝင်ရောက်နေရပြီ ဖြစ်သော လူကြီးများကား ဘဝအတွေ့အကြုံ၊   စာပေဖတ်ရှုရရှိသော သုတအတွေ့အကြုံ၊ လုပ်ကိုင်ခဲ့ရသော လုပ်ငန်းအတွေ့အကြုံ၊ မိမိတို့ဖြတ်သန်းခဲ့ရသော ခေတ်ကာလအနေအထား၊ အတွေ့အကြုံတို့အရ  အမှားအမှန်ခွဲခြားတတ်ကြပြီ။ အတွေ့အကြုံ ဗဟုသုတကြွယ်ဝနေကြပေပြီ။ သို့သော်လည်း သဘာဝတရားအရ စိတ်သွားတိုင်း ကိုယ်ပါသောအရွယ်များမဟုတ်တော့ပါချေ။ သို့သော် မိမိတို့၏အတွေ့အကြုံ၊ အကျိုးအကြောင်း၊ အဆိုးအကောင်းများကို မိမိတို့၏သား၊ မြေး၊ မြစ်တို့အား  ဝေမျှအသိပေးနိုင်ကြသည်။

ရှောင်ရန်၊ ဆောင်ရန်တို့ကို မယုံမရှိနဲ့ ကိုယ်တွေ့ဟုပြောကာ  ညွှန်ပြနိုင်ကြပေသည်။

ဤကမ္ဘာလောက၌ လူတို့သည်တစ်ဦးတစ်ယောက်တည်း  အထီးကျန်နေ၍မရပေ။ လူ့အသိုင်းအဝိုင်း၊ လူ့ပတ်ဝန်းကျင်၊ မိသားစု၊ ရပ်နှင့်ရွာနှင့် မြို့နှင့်နိုင်ငံနှင့်ချီပြီး ပူးပေါင်းဆက်ဆံကြကာ မိမိ၏အကျိုးစီးပွား၊ မိမိမိသားစု၏အကျိုးစီးပွား၊ မိမိတို့ဆွေမျိုးမိတ်သင်္ဂဟများ၏ အကျိုးစီးပွား၊ မိမိနှင့်တစ်လမ်းတည်း၊ တစ်ရွာတည်း၊ တစ်ရပ်ကွက်တည်း၊    တစ်မြို့တည်းအတူနေ ရပ်သူရွာသားများနှင့် စုစည်းကြကာ ကာကွယ်ကြရမည်။   လူအများပူးပေါင်းဆောင်ရွက်မှ အောင်မြင်ကြမည်။ ထို့ကြောင့် မိမိတစ်ကိုယ်ကောင်း အကျိုးကို ဆက်လက်ရရှိစေရန် အများနှင့်ပူးပေါင်းဆောင်ရွက်မှသာ  ဖြစ်နိုင်မည်ဟူသော အသိ (ဝါ) မိမိ၏အတ္တအကျိုးအတွက် အများ၏  ပရနှင့်ပူးပေါင်းဆောင်ရွက်မှ ဖြစ်မည်ဟူသောအသိကို နိုင်ငံသားကြီးကြီး၊ လတ်လတ်၊ ငယ်ငယ်အားလုံးတွင်ရှိနေရပေသည်။ ဤသည်ကို  အတ္တဟိတနှင့် ပရဟိတလုပ်ငန်းများဟု ဆိုနိုင်ပေသည်။

အသက်အရွယ်ကြီးရင့်   အိုမင်းလာသည်နှင့်   ရုပ်ဝတ္ထု(ခန္ဓာကိုယ်)က ချို့ယွင်းချည့်နဲ့လာပေပြီ။  ငယ်စဉ်ကကဲ့သို့ မသန်စွမ်းတော့ချေ။  ထို့ကြောင့် မိမိကိုယ်တိုင်အတွက်၊ မိမိမိသားစုအတွက်၊ မိမိလူမျိုး၊ မိမိနိုင်ငံအတွက် စွန့်စွန့်စားစားစွမ်းအားပြည့်ဝစွာ မဆောင်ရွက်မစွန့်စားနိုင်တော့ချေ။ စိတ်သွားတိုင်း ကိုယ်မပါတော့ချေ။သို့သော် ယနေ့သက်ကြီးရွယ်အိုများသည် တစ်ချိန်က မိမိလူမျိုး၊ မိမိနိုင်ငံတိုင်းတစ်ပါးသား နယ်ချဲ့များလက်အောက်မှ လွတ်မြောက်ရန် လူငယ်အရွယ်၊ လူလတ်ပိုင်းအရွယ်၌ စွန့်လွှတ်စွန့်စား သယ်ပိုးဆောင်ရွက်ခဲ့ကြသူများ ဖြစ်ပေသည်။

ယနေ့ကာလ   မျက်မှောက်ခေတ် ပစ္စုပ္ပန်အချိန်တွင် အားအင်ပြည့်စုံ၊ ကြံ့ခိုင်၊ နုပျိုတက်ကြွ၊ ဖျတ်လတ်စွာ စွန့်စွန့်စားစား လုပ်ဆောင်နိုင်သောလူငယ်တို့က နိုင်ငံ့တာဝန်၊ လူမျိုးတာဝန်၊ အားလုံး၏ အကျိုးစီးပွားဖော် ဆောင်ရမည့်   တာဝန်သည် တို့လူငယ်များ၏  တာဝန်ပါတကားဟူသော   တာဝန်အမွေခံစိတ်ထား ရပေတော့မည်။  ယနေ့လူငယ်များ  ပညာတတ်မြောက်ပြီး ကိုယ်ပိုင်ဉာဏ်ထက်မြက်ကာ ရင့်ကျက်လာသော တစ်နေ့၊ ယနေ့လူငယ်များ(နောင်တစ်ချိန်   ရင့်ကျက်လာချိန်၊   ပညာဉာဏ်မြင့်မားလာချိန်) ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးနှင့် တိုင်းရင်းသားသွေးချင်းသားချင်း မြန်မာလူမျိုးအားလုံး၏ကောင်းကျိုးကို ဧကန်မုချတာဝန်ယူကြရတော့မည်မှာမလွဲပေ။

ထို့ကြောင့်  လူငယ်ဘဝ၏တန်ဖိုးကို လူငယ်တို့ကိုယ်တိုင် တိတိကျကျ၊ ဂဃနဏ ပြည့်ပြည့်၀၀ သိနေအပ်ပေသည်။ အနာဂတ်နိုင်ငံတော်ကို ရွှေကွပ်၍စိန်စီနိုင်အောင် လူငယ်တို့မျိုးချစ်စိတ်၊   ပြည်ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကိုယ်စီဖြင့် လေ့ကျင့်အားယူ၊ အနာဂတ်ကောင်းကို မျက်နှာမူနေကြပေတော့ဟုသာ မြန်မာအကျိုးလို၍ ဇရာအဘိုးအိုက  နှိုးဆော်တိုက်တွန်းလိုက်ရပေသည်။

လူငယ်တို့၏အရွယ်တန်ဖိုး လူငယ်ဘဝအရည်အသွေးကောင်းများကိုသိကြပြီး ထိုအရည်အသွေးကောင်း၊ အနာဂတ်နိုင်ငံခေါင်းဆောင်လောင်းလျာများကို မိမိတို့ကိုယ်ကျိုးအလို့ငှာ တလွဲသုံးပြီး ကိုယ်ကျိုးရမ္မက်၊ ငမ်းငမ်းတက်ကာ၊ အတ္တလွန်ကဲ၊ လောဘ၊ ဒေါသ၊ မောဟကဲသောသူများ(မသမာသော နိုင်ငံရေးလုပ်စားသူများ၊ ပြည်ပမှနယ်ချဲ့သွေးစုပ်ဖုတ်ကောင်များ)က ဖြားယောင်းသိမ်းသွင်းအသုံးချခြင်းကို ခံခဲ့ကြရသည်။ ယခင်က လူငယ်များစွာလူငယ့်တန်ဖိုးလျော့ကျ ယိုယွင်းခဲ့ဖူးပေါင်းများပေပြီ။

မြန်မာတို့သည်  ဇာတိပုည၊ ဂုဏ်မာနဟူသောဆောင်ပုဒ်ကို စွဲမြဲခံယူခဲ့ကြသည်။ မြန်မာအားလုံး၏ဇာတိမြေသည် ဤပြည်ထောင်စုမြန်မာ့ပိုင်နက်နယ်မြေဖြစ်သည်။ မြန်မာ့မြေ၊ မြန်မာ့ရေတို့သည် ရေကောင်း၊မြေကောင်း၊ သဘာဝသယံဇာတ၊ တွင်းထွက်ဓာတ်သတ္တုမျိုးစုံ၊ ရွှေ၊ ငွေ၊ စိန်ကျောက်ထိန်တောက်ပွားများ၊ ပတ္တမြား၊ နီလာ၊ ပယင်းကျောက်စိမ်းရတနာတို့ဖြင့် လည်းကောင်း၊ အဖိုးတန်သစ်တောကြီးများ၊ သဘာဝဓာတ်ငွေ့ တွင်းကြီးများဖြင့် လည်းကောင်း ရှေးယခင်ကတည်းက ရှိသည်ကို မြန်မာတိုင်းသိကြပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင်  ထွန်းကားခဲ့သော မြန်မာ့အစောဆုံးယဉ်ကျေးမှုဟုဆိုရမည့် ပျူခေတ်ယဉ်ကျေးမှုသည် အဆင့်အတန်းမြင့်သည်။ တရုတ်တို့၏သမိုင်းမှတ်တမ်းများ၌   ပျူတို့ကို တရုတ်သံဖြင့်ပျော်(ပျောင်)ဟု သုံးနှုန်းသည်။ တရုတ်ပြည်သို့သွားရောက်ဖျော်ဖြေသော ပျူယဉ်ကျေးမှုအဖွဲ့တွင် အနုပညာရှင် ၃၀ ကျော်ပါသည်။  တူရိယာပစ္စည်း ၂၂  မျိုးပါဝင်ခဲ့သည်။ 

ပျူ(မြန်မာ)တို့၏ သာယာညွတ်ပျောင်းသော တေးဂီတသံ၊ သွဲ့ပျောင်းနွဲ့နှောင်းသောကဟန်တို့ကို   တရုတ်ဧကရာဇ်ကအစ တရုတ်အားလုံးနှစ်သက်ချီးကျူးကြောင်း မှတ်တမ်းများအခိုင်အမာရှိပေသည်။

ဟန်လင်း၊ မိုင်းမော၊ ဗိဿနိုး၊ သရေခေတ္တရာ   စသည့်ရှေးခေတ်ပျူမြို့ပြနိုင်ငံများ၏  သမိုင်းလည်း  မြန်မာ၌အထင်အရှားရှိနေသည်။ ပုဂံခေတ်သည် ပျူ-မြန်မာယဉ်ကျေးမှု  အခြေပြုသော နိုင်ငံအဖြစ် သိမှတ်ကြသည်။ ပုဂံခေတ်တွင် တကောင်းကစသော ထီးနန်းအုပ်ချုပ်ရေးများ၊ ဓမ္မသတ်ဥပဒေပြုစနစ်သာမက လက်ညှိုးထိုးမလွဲ ပုဂံသားတို့ တည်ထားကိုးကွယ်သော ပုဂံဘုရားပုထိုးဆင်းတုတော်များပင် ထွန်းကားနေပေပြီ။ မြန်မာတို့၏ ပုဂံခေတ်ဗိသုကာပညာကို  ယနေ့မြန်မာ၊  ကမ္ဘာက  လက်ဖျားခါချီးကျူးကြရ၏။ ပန်းချီ၊ ပန်းပု၊ ပန်းထိမ်၊ ပန်းပဲ၊ ပန်းရန်၊ ပန်းတမော့၊ ပန်းတော့၊ ပန်းယွန်း၊ ပန်းပွတ်၊ ပန်းတဉ်းကဲ့သို့သော ပန်း ၁၀ မျိုးအနုပညာထွန်းကားနေပေပြီ။

ပုဂံခေတ်မှာပင် မြကန်သာ၊ တောင်ကျ ချောင်းတေး ရေဝင်ပြေးလှည့် အစချီကဗျာ၊  သိုးကလေ-ပုပ္ပားနတ်တောင်၊ အခေါင်မြင့်ဖျား၊ စုံတောပြား၌၊   နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှားပန်းစကား အစချီကဗျာများ၊ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူအစရှိ အနန္တသူရိယအမတ်ကြီး၏ မျက်ဖြေလင်္ကာစသည့် ကဗျာများ၊ အဆို၊ အတီး၊ အက၊ အငြိမ့်သဘင်၊ စည်ဝိုင်း၊ ဆိုင်းဝိုင်းများထွန်းကားနေပေပြီ။ အားလုံးသိနေကြသည့်အတိုင်း ပုဂံခေတ်အလွန် ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ မြင်စိုင်း၊ ညောင်ရမ်း၊ တောင်ငူ၊ ကုန်းဘောင်၊ ရတနာပုံ၊ မြန်မာ့ထီးနန်းခေတ်တွင်  မြန်မာတို့၏ဂန္ထဝင်စာပေ၊ ဂန္ထဝင်တေးသီချင်း၊  တေးဂီတ၊ ကဗျာလင်္ကာဖွဲ့ပုံအစုံစုံ ထွန်းကားခဲ့ပေသည်။ မြန်မာတို့သည်  ကမ္ဘာ့လူသားများ ယဉ်ကျေးမှုခေတ်ဦးမှာပင်   တက်ကြွပြောင်မြောက်စွာ ပါဝင်ခဲ့ပေသည်။

မြန်မာဘုရင်ခေတ် မင်းညီမင်းသား  ပညာရှာအရွယ်များသည်   အဋ္ဌာရသ ၁၈ ပါးခေါ် ပညာဘာသာရပ် ၁၈ မျိုးကို သင်ကြားခဲ့ရာ၌ သံတမန်ပညာရပ်ပါဝင်ခဲ့သည်။ သံခင်းတမန်ခင်း အလေးထားအတတ်ပညာသည် ပျူခေတ်ကတည်းက  စတင်ဖြစ်ထွန်းခဲ့သည်။  ပုဂံခေတ်တွင် သံတမန်ဆက်ဆံရေးကို မြန်မာတို့ကျနစွာ အသုံးပြုခဲ့သည်။  သရေခေတ္တရာခေတ်တွင်   နိုင်ငံကာကွယ်ရေးစနစ် စတင်ပေါ်ထွန်းခဲ့သည်။  ရှေးတရုတ် မှတ်တမ်းများတွင် မြန်မာတို့သည် နိုင်ငံခြားတိုင်းပြည်များနှင့်ချစ်ကြည်စွာ တန်းတူဆက်ဆံ ကြသည်ဟု မှတ်တမ်းပြုရေးသားခဲ့ကြသည်။  ဤသို့ဖြင့်  မြန်မာတို့၏ ဇာတိချက်ကြွေမြန်မာမြေသည် ရှေးပုညခေတ်ဟောင်းကာလကတည်းက အဘက်ဘက်မှ ယဉ်ကျေးမှု၊ အသိပညာ၊ အတတ်ပညာများ ထွန်းကားခဲ့သည့် ဂုဏ်ဒြပ်ကို မြန်မာတိုင်း ဂုဏ်ယူနိုင်ကြ၊ မာနတံခွန်ထူနိုင်ကြပေသည်။ ယနေ့ ဇရာထောင်းနေပြီဖြစ်သော   ဤစာရေးသူတို့သည် မြန်မာ့ဇာတိပုည ရှေးအတိတ်ထွန်းကား တောက်ပြောင်မှုများကို  ဂုဏ်ယူဆဲဖြစ်၍ လက်သီးလက်မောင်းတန်းကာ ဂုဏ်ယူ၊ မာနတံခွန်ထူနေသော်လည်း  ပျော့ပြဲ၊ တွဲကျ၊ လက်ပျဉ်းကျနေသော ကြုံကြုံလှီလှီလက်မောင်းကိုသာ ဖြည်းဖြည်းမတင်မြှောက်ကာ ဝင့်ကြွားနိုင်ပေတော့သည်။

ယနေ့လူငယ်တို့၏ လက်ရုံးပြည့်ဝနှလုံးလှနှင့် စိတ်ဓာတ်ခွန်အားသည် ဇာတိမာန်ဖြင့် လက်သီးလက်မောင်းတန်းလျက် ဂုဏ်ယူနိုင်ကြလေသည်။ ကောင်းလေစွတကား အားကျပါဘိတော့။ မြန်မာတို့သည် အိမ်နီးချင်းဒေသတွင်းနိုင်ငံများနှင့်  မိတ်ဝတ်မပျက်  ချစ်ချစ်ကြည်ကြည်ဆက်ဆံခဲ့ကြသည်။ မိမိမြေကိုကျူးကျော်ပါလျှင် ခေါင်းငုံ့မခံ  တွန်းလှန်တိုက်ထုတ်ခဲ့လေသည်။ သို့တိုင် အနောက်မျက်နှာဖြူ အရင်းရှင်  စက်မှုနိုင်ငံများက   ရိုးရိုးသားသားစက်ရုံမှ  ထုတ်ကုန်များ ဖောက်ကားရောင်းဝယ် သင့်တင့်ဖွယ် အမြတ်အစွန်းလောက်နှင့် မတင်းတိမ်နိုင်ကြဘဲ လောဘဇောလွန်ကဲကာ သူတစ်ပါးနိုင်ငံများကို လိမ်လည်လှည့်ဖြား ကျူးကျော်စစ်များ   ဖန်တီးသိမ်းပိုက်ကျွန်ပြုပြီး ထိုနိုင်ငံမှ ရှိရှိသမျှ ရွှေ၊ ငွေ၊ စိန်၊ ပတ္တမြား ရတနာများနှင့် စပါးသီးနှံမချန် လုယက်သွေးစုပ်အမြတ်ထုတ်ကာ  ပင်လယ်ဓားပြလုပ်ရပ်ဖြင့် ကမ္ဘာ့ဘောဂသူဌေးကြီးဘွဲ့ကို အရယူဂုဏ်လုပ်လာခဲ့ကြသည်။

ရှေးမြန်မာတို့ကား ဘာသာတရား၌ ကိုင်းညွတ်ကာ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး ရိုးရိုးဖြောင့်ဖြောင့်၊ လူ့သိက္ခာ၊ နိုင်ငံ့သိက္ခာစောင့်ပြီး မတောင့်မတနေခဲ့ကြပေသည်။ ဤသို့သဘောကောင်းမနောကောင်းသော မြန်မာတို့ကို နယ်ချဲ့အင်္ဂလိပ်တို့က အနိုင်ကျင့်ခဲ့ကြကာ ကျူးကျော်စစ်ဖြင့်သိမ်းပိုက်နယ်ချဲ့ခဲ့ကြသည်။ တိုင်းရင်းသား လူမျိုးများ အားလုံးသည်   ဘာမထီဇာနည်စိတ်ထားဇာတိမာန်များဖြင့် အားမတန် အင်မမျှသော်လည်း ရသမျှဓားဆွဲ၊ လှံဆွဲပြီး   နိုင်ငံ့ရန်မူကျူးကျော်သူကို ညီတူလက်တွဲမြဲမြံတွန်းလှန်တိုက်ခဲ့သော သူ့ကျွန်မခံ ခုခံစစ်ပွဲစုံမှတ်တမ်းတင် ထားနိုင်ခဲ့ပေသည်။ နယ်ချဲ့တွန်းလှန်သူ့ကျွန်မခံတိုက်ကြရာဝယ် လူငယ်မှန်သမျှ တိုက်ရဲခဲ့ကြသည်။ နယ်ချဲ့တို့ ကြောက်ဒူးတုန် နှလုံးခုန်ခဲ့ကြရသည်မှာလည်း   သမိုင်းထင်ရှားရှိသည်။

ဆုံးရှုံးသွားသော လွတ်လပ်ရေးပြန်ရရန် တိုင်းရင်းသားမျိုးချစ်လူငယ်လူရွယ်လူလတ်များက ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ရဲဘော်သုံးကျိပ်၊ ဘီအိုင်အေ၊ ဘီဒီအေ၊ ဖက်ဆစ်တော်လှန်ရေး၊ ဖဆပလဦးဆောင်သော လွတ်လပ်ရေးတိုက်ပွဲများ၌  ရှေ့ဆုံးမှရွပ်ရွပ်ချွံချွံပါဝင်တိုက်ခိုက်ကြိုးပမ်းခဲ့ကြသည်။

နယ်ချဲ့တို့ကို သူ့ကျွန်မခံတွန်းလှန်ကြသော ၁၈၈၅-၁၉၉၀ ပြည့်နှစ်များအတွင်း တိုင်းရင်းသားပေါင်းစုံ   လူငယ်များ၏ ဘာမထီမြန်မာပီပီ  မြန်မာ့သတ္တိဖြင့် တိုက်ခိုက်ခဲ့ကြသော မြန်မာတို့၏အစွမ်းကို   အင်္ဂလိပ်များရေးသော စာအုပ်များစွာမှာပင် ဂုဏ်တင်ချီးကျူးအလေးထား  ရေးသားခဲ့ကြရသည်။   ဒုတိယ ကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ထုတ်ရန် မြန်မာကျောင်းသားလူငယ်တို့သည် ဖက်ဆစ်တို့မျက်မှောက်မှာပင်   အာရှလူငယ်များအစည်းအရုံးကို တည်ထောင်ဖွဲ့စည်းအင်အားစုခဲ့သည်။ တော်လှန်ရန်ပြင်ဆင်အားယူခဲ့ကြသည်။ ထိုစဉ်က မြန်မာလူငယ်တို့စွဲကိုင်သော ခံယူချက်စိတ်ဓာတ်သည်လည်း  ချီးကျူးလောက်ပေသည်။

နယ်ချဲ့အစိုးရနှစ်ပေါင်းတစ်ရာကျော် မြန်မာ့အဆီအနှစ်များ ထုတ်ယူချမ်းသာသွားချိန် မြန်မာအများစု ဆင်းရဲမွဲတေငတ်ပြတ်နေခဲ့ကြရ၍  ရေနံမြေအလုပ်သမားသပိတ်၊ မီးရထားအလုပ်သမားသပိတ် စသည့်သပိတ်များ၊ ၁၉၂၀ ကျောင်းသားသပိတ်၊ ၁၉၃၆၊ ၁၉၃၈၊ ၁၉၄၇ ကျောင်းသားသပိတ်များ၊    ကိုယ်တိုင်စိုက်ပျိုးရသောစပါးသီးနှံကို  ကိုယ်တိုင်မစားရဘဲ  အငတ်ခံခဲ့ရသည့်တောင်သူလယ်သမားတို့၏ ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမားအရေးတော်ပုံအကြောင်း၊ နယ်ချဲ့တို့၏သွေးခွဲမှု၊ သပ်လျှိုမှု၊ ဖိနှိပ်ချုပ်ချယ်ညှဉ်းပန်းမှု စသည့်မသမာလုပ်ရပ်များအကြောင်း  ယနေ့လူငယ်အပေါင်း ကျောင်းသင်ခန်းစာပါ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းများအရ သိပြီးဖြစ်ကြပါသည်။ နောက်ထပ် မြန်မာနိုင်ငံတွင် ကျွန်ဇာတ်မခင်း၊ ကျွန်စော်မနံ နယ်ချဲ့တို့ပြန်မလာရန် ကာကွယ်နိုင်သော စွမ်းပကားပိုင်ရှင် လူငယ်များကိုပဲ အားကိုးပါရစေတော့။ လူငယ်တို့သည် ဖူးရာမှငုံ၊ ငုံရာမှပွင့်သော ဖူးငုံပွင့်ပန်းများနှင့်တူသည်။

သွက်သွက်လက်လက်၊    ထက်ထက်မြက်မြက်၊ ဖျတ်ဖျတ်လတ်လတ်ဖြင့် နိုင်ငံ့ရန်စွယ်အန္တရာယ်ကို တိုက်ခိုက် ချေမှုန်းရာ၌ လင်းယုန်ငှက်ကဲ့သို့ သွက်ရမည်။

ထက်ရမည်။ ခြင်္သေ့ကဲ့သို့ ကြံ့ခိုင်ရမည်။

ထို့ကြောင့်   လူငယ်တို့မာန်ဝင့်ချိန်ကို ဂုဏ်ပြုဖွဲ့စပ်ထားသော    အောက်ပါကဗျာဖြင့် အနာဂတ် မြန်မာ့ခေါင်းဆောင်လောင်းလျာလူငယ်များကို ဂုဏ်ပြုလိုက်ပါသည်။

  လူငယ်မာန်ဝင့်ချိန်

          တောသုံးထောင်စိုး၊ လျှံဖြိုးခွန်ကြွယ်

          ညာဘယ်မောင်းရုံး၊ ကိုယ်လုံးကြံ့ခိုင်။

          ကျောက်သားစိုင်မျှ၊ တုပြိုင်လွတ်ကင်း

          ပျိုမျစ်ခြင်းဖြင့်၊ အဆင်းခန့်စွ။

    အားဗလ ကေသရာဇာပါတကား။

 အဟုန်ထန်ပြင်း၊ ဝဠာတွင်းမှာ

          ထိုးဆင်းမြေထက်၊ လျှပ်စီးလက်သို့။

          ပြိုးပြက်ဖျတ်လတ်၊ မြေတွင်ကပ်ရှောင်

          လွတ်နိုးယောင်ဖြင့်၊   သားကောင်

          တုန်လှုပ်။

          ရုတ်ခြည်းကုပ်ကာ၊ ထိုးသုတ်ပျံတက်၊

          တိမ်ဘုံထက်၊  ငှက်မင်းလင်းယုန်ပါ

          တကား။

 မိုးသောက်အရုဏ်၊ ပွင့်ဦးမုံဖွင့်

    လွှာစုံဝင့်ကာ၊ ပျံ့လွင့်သင်းထုံ။

    မြိုင်ရဂုံ၌၊ ဝတ်မှုံပြူလှစ်

    ထူးပုရစ်နှင့်၊ ပျိုမျစ်တင့်တယ်။

    ကြော့ရှင်းထည် နုနယ်ဖူး...ငုံ...                   ပန်းတကား။

          အားကောင်းမောင်းသန်၊ ခြင်္သေ့ဟန်နှင့်

          လျင်မြန်သွက်လက်၊ လင်းယုန်ငှက်နှယ်။

          နုနယ်ပျိုမျစ်၊ ရွှန်းသစ်ပွင့်လန်း

          ဖူး...ငုံ...ပန်းသို့၊ မခန်းအံ့ဖွယ်။

          ကောင်းခြင်းကြွယ်...။

          လူငယ်မာန်ဝင့်ချိန်ပါတကား။    ။

တက္ကသိုလ်မြတ်သူ