သိန်းနီ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ယမန်နေ့နံနက် ၁၀ နာရီတွင် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တရားမဝင် ကျွဲ၊ နွားများတင်ဆောင်မှုရှိ၊ မရှိ ယာဉ်တစ်စီးအား စစ်ဆေးနေစဉ်ယာဉ်ကိုမရပ်ဘဲ ထွက်ပြေးမောင်းနှင်သဖြင့် လိုက်လံဖမ်းဆီးစစ်ဆေးရာ ယာဉ်ပေါ်တွင် ငွေကျပ် သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိကြောင်း ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး ရုံး(လားရှိုး)မှ သိရသည်။
ဖြစ်စဉ်မှာ သိန်းနီမြို့မရဲစခန်းမှ ဒုတိယရဲအုပ်အေးသန်းဦးစီးသော ပူးပေါင်းအဖွဲ့သည် သိန်းနီမြို့ အိုရီယမ် တယ်တိုးဂိတ်၌တရားမဝင် ကျွဲ၊ နွားများ တင်ဆောင်မှုမရှိစေရေး စစ်ဆေးဆောင်ရွက်နေစဉ် လားရှိုးမှ ကွတ်ခိုင်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် MDY-CC/---- Mark 2 အဖြူရောင်ယာဉ်အား စစ်ဆေးရန် ရပ်ခိုင်းစဉ်မောင်းနှင်ထွက်ပြေးခဲ့သည်။ ၎င်းနောက်ရဲတပ်ဖွဲ့ဝင်များက ထွက်ပြေးသည့်ယာဉ် နောက်သို့ လိုက်လံဖမ်းဆီးရာ ယာဉ်နှင့်အတူယာဉ်မောင်းအား သိန်းနီမြို့ မီးသင်္ဂြိုဟ်လမ်းထောင့် မူဆယ်-မန္တလေးပြည် ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၀၇/၄)နှင့်(၂၀၇/၅)ကြား အရောက်၌ ဖမ်းဆီးရမိသည်။
ထို့နောက်ယာဉ်ကို စစ်ဆေးစဉ် ယာဉ်ရှေ့ခန်းအတွင်း ဆာလာအိတ်အဖြူရောင်ဖြင့် ထုပ်ထားသော ကျောက်စိမ်းတုံး ၄၈ ကီလိုဂရမ်ပါ တစ်အိတ် တန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၊ ပလတ်စတစ်အိတ်အဖြူရောင် ဖြင့်ထုပ်လျက် ကျောက်စိမ်းအညိုရောင်ပုတီးအရွယ်အစားမျိုးစုံ စုစုပေါင်း ၇၉ ကီလိုဂရမ် တန်ဖိုးငွေကျပ် ၁၅၈၀၀၀၀၊ ပလတ်စတစ်အဖြူရောင်ဖြင့် ထုပ်လျက် ကျောက်စိမ်းအစိမ်းရောင် ပုတီးအရွယ် အစားမျိုးစုံ စုစုပေါင်း ၄၅၄ ကီလိုဂရမ် တန်ဖိုးငွေကျပ် ၉၀၈၀၀၀၀ တို့ကို ဖမ်းဆီးရမိသည်။
၎င်းနောက် ယာဉ်နောက်ခန်းနှင့် နောက်ဖုံးအတွင်း စစ်ဆေးရာ ကျောက်စိမ်းတုံး အရွယ်အစားဆိုဒ်စုံ စုစု ပေါင်းကျောက်တုံး ၁၉ တုံး (၁၀၄၄ ဂရမ်) တန်ဖိုးငွေကျပ် ၅၂၂၀၀၀၀၀ ခန့် စုစုပေါင်းတန်ဖိုးငွေကျပ် ၆၅၂၆၀၀၀၀ ခန့်တို့အား ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်ကျောက်စိမ်းတုံးများ သယ်ဆောင်လာသူခိုင်ကို ၂၉ နှစ် တံခွန်တိုင်ရပ်ကွက် ပြည်ကြီးတံခွန်မြို့နယ်နေသူအား သိန်းနီမြို့မရဲစခန်းက(ပ)၉၀/၂၀၂၀၊ ကျောက်မျက်ဥပဒေ ပုဒ်မ-၅၁(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
(၄၀၄)