ရော်ဘာကဏ္ဍ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေး

ရော်ဘာကဏ္ဍ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေး

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ နိုဝင်ဘာလ ၉ ရက်က ကျင်းပခဲ့သည့် မြန်မာရော်ဘာဖိုရမ်-၂၀၂၃ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားရာတွင် “ပြည်တွင်း၌ရော်ဘာ အခြေခံစက်မှုလုပ်ငန်းများ တိုးတက်အောင် ပံ့ပိုးဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်း ရော်ဘာဈေးကွက် ရရှိခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည့်အတွက် စက်ဘီးနှင့် မော်တော်ဆိုင်ကယ် တာယာများ၊ ကျွတ်များကို ပြည်တွင်း၌မဖြစ်မနေ ထုတ်လုပ်ရန် အလေးအနက်ထား တိုက်တွန်းရခြင်း ဖြစ်ပါကြောင်း”ထည့်သွင်း ပြောကြားခဲ့သည်။

“မြန်မာရော်ဘာဖိုရမ်-၂၀၂၃”ကို ရော်ဘာထုတ်လုပ်မှုနှင့် အရည်အသွေး တိုးတက်မြင့်မားရေး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ရော်ဘာအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရေးနှင့် ရော်ဘာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော အဖွဲ့အစည်းများ၊ မူဝါဒ၊ ဥပဒေနှင့်လုပ်ထုံး လုပ်နည်းများ ထွက်ပေါ်လာစေရန်ဟူသော ရည်ရွယ်ချက်(၃)ရပ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး  ဆောင်ပုဒ်မှာ “ရော်ဘာကဏ္ဍ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေး၊ ထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန် မြှင့်တင်ပေး” ဟူ၍ သတ်မှတ်ထားသည်။ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ ရည်မှန်းချက်၏ ဦးစား ပေးပို့ကုန်အမယ်များတွင် ရော်ဘာလုပ်ငန်းကဏ္ဍသည် ဦးစားပေးကဏ္ဍတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ရှည်လျားသည့်ရော်ဘာ စိုက်ပျိုးမှုသမိုင်းကြောင်း ရှိခဲ့သော်လည်း လက်ရှိ အခြေအနေတွင် ရော်ဘာအထွက်နှုန်းနှင့် အရည်အသွေးသည် အောင်မြင်တိုးတက်မှု အပိုင်းတွင် အားနည်းနေသေးကြောင်း တွေ့ရှိရသည်။ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေးကို မဟာဗျူဟာ အစီအစဉ်များရေးဆွဲပြီး ကာလတို၊ ကာလရှည်စီမံကိန်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ MSME နှင့်အကျုံးဝင်သည့် ရော်ဘာစိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရက အားပေးကူညီလျက်ရှိသည်။

ရော်ဘာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးတွင် ရော်ဘာစိုက်ပျိုးရေးသည် အဓိကကျသည်။ ရော်ဘာစတင် စိုက်ပျိုးသည်မှ အစေးထွက်ရှိသည့်အချိန်အထိ အချိန်ကာလအားဖြင့် ၇ နှစ်ခန့် အချိန်ယူရသည်။ ထို့ကြောင့် ရော်ဘာကို နှစ်ရှည်သီးနှံအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ရော်ဘာစိုက်ပျိုးမှုတွင် အစကောင်းမှ အနှောင်း သေချာဆိုသကဲ့သို့ ကြိုတင်ပြင်ဆင်မှု ကောင်းမှသာ ရော်ဘာကဏ္ဍ တိုးတက်စေမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိရော်ဘာထွက်နှုန်းသည် တစ်ဧကပျမ်းမျှ ပေါင် ၇၀၀ ခန့်သာထွက်သည့် အတွက် ပင်အိုပင်ဟောင်း များကို အစားထိုးစိုက်ပျိုးရန် လိုအပ်ပေသည်။ ဒေသအလိုက် ထောက်ခံထားသည့် မျိုးများအနက် တစ်ဧက လျှင် ပေါင် ၁၃၅၀ ခန့်ထွက်ရှိနိုင်သည့် မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးရမည်ဖြစ်သည်။ အဆိုပါမျိုးကောင်း မျိုးသန့်စိုက်ပျိုးပြီးစီးမှုသည် စိုက်ဧကအားလုံး၏ ၂၆ ဒသမ ၈၃ ရာခိုင်နှုန်းခန့်သာ ရှိသေးသည့်အတွက် နောင်စိုက်ခင်းသစ်များ ဆက်လက်ထူထောင်ရာတွင် အထွက်ကောင်းမျိုးများ စိုက်ပျိုးနိုင်ရေးနှင့် ဖူးဆက် ပျိုးပင်များ သုံးစွဲစိုက်ပျိုးရေးကို အလေးထားဆောင်ရွက်ရန် နိုင်ငံတော် အကြီးအကဲက လမ်းညွှန်ထားသည်။

မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးရေးအတွက် သင့်တော်သည့် ရာသီဥတုနှင့် မြေနေရာများစွာရှိသည့် အတွက် စီးပွားရေးအရ တွက်ခြေကိုက်မှုအပေါ်ချိန်ဆပြီး ရော်ဘာမျိုးကောင်းများ ပြောင်းလဲစိုက်ပျိုးရေး၊ ရော်ဘာတိုးချဲ့စိုက်ပျိုးရေးကိုလည်း အားပေးကြရမည်ဖြစ်သည်။မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် ရော်ဘာအထွက်နှုန်း ကောင်းမျိုးများ မွေးမြူထုတ်လုပ်နိုင်ရန် လိုအပ်သည့် သုတေသနများကို နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာနက စဉ်ဆက်မပြတ် သုတေသနပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။

ရော်ဘာတစ်ဧကအထွက်နှုန်း တိုးတက်ရုံသာမက အရည်အသွေး ကောင်းမွန်စေရေးအတွက်လည်း ရော်ဘာအစေးခဲ လုပ်ငန်းစဉ်၌ မှန်ကန်သည့်နည်းစနစ် ကျင့်သုံးရေး၊ မှန်ကန်သည့်ဓာတုပစ္စည်းများ သုံးစွဲရေး ပညာပေးခြင်း၊ အရည်အသွေး အာမခံချက်ရှိသည့်ရော်ဘာများ ထုတ်လုပ်နိုင်ရေး ရော်ဘာတောင်သူ အစုအဖွဲ့များ စုဖွဲ့လုပ်ဆောင်ခြင်းစသည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာရော်ဘာဖိုရမ်-၂၀၂၃ သည် ၂၀၁၈ ခုနှစ်ကကျင်းပခဲ့သည့် ရော်ဘာဖိုရမ်မှ ရရှိခဲ့သည့် ဆွေးနွေးမှု ရလဒ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် တိုးတက်မှု အခြေအနေများကို ဆွေးနွေးကြရန်ဖြစ်သည်။ ရော်ဘာတင်ပို့မှုမှ နိုင်ငံခြားငွေရရှိမှု အနေဖြင့် ၂၀၁၈-၂၀၁၉ မှ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှအမေရိကန် ဒေါ်လာသန်း ၂၅၀ မှ ၄၅၀ ကြားတွင်ရရှိခဲ့ရာ ရော်ဘာသီးနှံသည် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် အရေးပါသည့်စက်မှုသီးနှံတစ်ခုဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် “ရော်ဘာကဏ္ဍ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေး၊ ထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန်မြှင့်တင်ပေး” ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။