အားကစားနှင့် ကာယပညာသိပ္ပံ နည်းပြ ဂျူယန်ရိုမန်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ လမ်းခွဲ

ရန်ကုန် နိုဝင်ဘာ ၂၁

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် အောက်တိုဘာလကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် အားကစားနှင့် ကာယပညာသိပ္ပံ နည်းပြ စပိန်နိုင်ငံသား ဂျူယန်ရိုမန်နှင့် သက်တမ်းတိုးစာချုပ်ချုပ် ဆိုခြင်း မပြုတော့ဘဲ လမ်းခွဲခဲ့ကြောင်း MFF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဂျူယန်ရိုမန်သည် ၂၀၁၉ ခုနှစ် နှစ်ဆန်း ပိုင်းတွင် အားကစားနှင့် ကာယပညာသိပ္ပံ နည်းပြအဖြစ် MFF နှင့် စတင်လက်တွဲခဲ့ပြီး ယခုနှစ် အောက်တိုဘာလကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။ ဂျူယန်ရိုမန်သည် စပိန်ဘောလုံးအဖွဲ့ချုပ်၏ ကြံ့ခိုင်ရေးနည်းပြအဖြစ် လုပ်ဆောင်ဖူးသည့်အပြင် ၂၀၀၀ ပြည့် နှစ်မှ ၂၀၀၄ ခုနှစ်အထိ စပိန်ကလပ် ယူဒီမီလာ၏ ကြံ့ခိုင်ရေးနည်းပြအဖြစ် လုပ်ဆောင်ခဲ့သူဖြစ်သည်။

ရိုမန်သည် မြန်မာ့လက်ရွေးစင်အသင်းများ၏ ကြံ့ခိုင်ရေးလုပ်ငန်းများ၊ ခေတ်မီကာယသိပ္ပံ ထောက်ကူ စက်ပစ္စည်းများဖြင့် ကစားသမားများ ကာယဖွံ့ဖြိုးရန် ဆောင်ရွက်ခဲ့သည်။

“နည်းပြရိုမန်နဲ့က အောက်တိုဘာလကုန်မှာ စာချုပ်သက်တမ်းကုန်သွားပါပြီ။ သူ့ကို သက်တမ်းမတိုးဖို့ ဆုံးဖြတ် ထားတဲ့အတွက်  လမ်းခွဲလိုက်တာဖြစ်ပါတယ်။  တခြားလက်ရွေးစင်အသင်း နည်းပြတွေရဲ့ စာချုပ် သက်တမ်းတိုးဖို့နဲ့ ခန့်အပ်ဖို့တွေကို လာမယ့်လအတွင်း လုပ်ဆောင်နိုင်ဖို့ လျာထားပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နိုင်ငံခြားသား ကြံ့ခိုင်ရေး နည်းပြအဖြစ် ဘရာဇီးနိုင်ငံသား ဖွန်ဆီကာ တစ်ဦးသာကျန်ရှိပြီး   ၎င်းသည်လက်ရှိတွင် မြန်မာ ယူ-၂၂ အသင်းကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် MFF အနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အသင်း အသီးသီး၏ နည်းပြအဖွဲ့ဝင်များကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုခြင်းနှင့် နည်းပြချုပ်ခန့်အပ်ခြင်းတို့ကို ဒီဇင်ဘာလအတွင်း ဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။                       

ကိုရဲ