ရီးယဲလ်မက်ဒရစ်အသင်းက အဓိကကွင်းလယ် ကစားသမား ဗယ်လ်ဗာဒီကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆို
ရီးယဲလ်မက်ဒရစ်အသင်းက အသင်းမှ အဓိက ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သည့် ဗယ်လ်ဗာဒီကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။
အသက် ၂၅ နှစ်အရွယ် ဗယ်လ်ဗာဒီသည် ၂၀၁၆ ခုနှစ်က ဥရုဂွေးကလပ် အက်သလက်တီကို ပါနာရိုးအသင်းမှ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အစောပိုင်းနှစ်များက ရီးယဲလ်မက်ဒရစ်အသင်းကြီးတွင် ပါဝင်ကစားခွင့် မရရှိခဲ့ဘဲ လူငယ်အသင်းတွင်သာ ပူးပေါင်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရီးယဲလ်မက်ဒရစ်အသင်းက ဗယ်လ်ဗာဒီကို ၂၀၁၇ ခုနှစ်က ဒီပို့တီဗိုအသင်းထံ တစ်ရာသီ အငှားစာချုပ်ဖြင့်စေလွှတ်ခဲ့ရာ ခြေစွမ်းပြကစားနိုင်ခဲ့သည့်အတွက် ၂၀၁၈ ခုနှစ်တွင် အသင်းထံ ပြန်လည်ခေါ်ယူခဲ့သည်။
ဗယ်လ်ဗာဒီသည် ရီးယဲလ်မက်ဒရစ် အသင်းနှင့် ပြန်လည်ပူးပေါင်းပြီးနောက် ဘောလုံးရာသီတိုင်း ခြေစွမ်းပြနိုင်ပြီး လက်ရှိအချိန်တွင် ဥရောပ၌ အကောင်းဆုံး ကွင်းလယ်ကစားသမားများတွင် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်လျက်ရှိကာ ပရီးမီးယားလိဂ်ထိပ်တန်း အသင်းကြီးများက ခေါ်ယူရန် စီစဉ်နေသည့်အတွက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီး အသင်းတွင် ထိန်းထားခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ် အသင်းသည် အသင်းမှ ကြယ်ပွင့် ကစားသမားများကို သက်တမ်းတိုးစာချုပ်များ အသီးသီးချုပ်ဆိုလျက်ရှိပြီး ဗယ်လ်ဗာဒီမတိုင်မီကလည်း လူငယ်ကစားသမားများဖြစ်သည့် ချူအာမန်ဒီ၊ ကာမာဗင်ဂါ၊ ရိုဒရီဂိုနှင့် ဗင်စီနီးယက်စ်တို့ကိုလည်း သက်တမ်းတိုးစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်သည်။
ရီးယဲလ်မက်ဒရစ် အသင်းသည် ဗယ်လ်ဗာဒီကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သည့်အပြင် စာချုပ်လျော်ကြေးကိုလည်း မြင့်မာသည့် တန်ကြေးဖြစ်သည့် စတာလင်ပေါင် တစ်ဘီလီယံအထိ သတ်မှတ်ထားကြောင်း သိရသည်။