ရန်ကုန်၊ အားကစား
COVID-19 ရောဂါအခြေအနေကြောင့် အကြိမ် (၂၀) မြောက်ကျင်းပမည့် အာဆီယံ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပမည့်ကာလကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ ထုတ်ပြန်သည်။
မူလက အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၂၂ ရက်အထိ ထိုင်း နိုင်ငံ၌ ကျင်းပရန်စီစဉ်ထားသော်လည်း လက်ရှိတွင် အိမ်ရှင်နိုင်ငံအပါအဝင် ပြိုင်ပွဲဝင်နိုင်ငံများ ၏ COVID-19 ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
ရွှေ့ဆိုင်းခဲ့သည့် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ၌ ပြန်လည်ကျင်းပရန် လျာထားသည်။ အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစား ပြိုင်ပွဲကို ၁၉၈၁ ခုနှစ်မှစ၍ နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် အကြိမ် (၂၀) မြောက်ကျင်းပရန် စီစဉ်ထားခြင်းဖြစ် သည်။
မြန်မာနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲများကို အဆင့်မြင့်ပညာဦးစီးဌာနက တာဝန်ယူယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို နေပြည်တော်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာအားကစား အဖွဲ့သည် ရွှေတံဆိပ်ဆု ၂၄ ခု၊ ငွေတံဆိပ် ဆု ၂၆ ခု၊ ကြေးတံဆိပ်ဆု ၂၉ ခုရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် (၄) နေရာရရှိခဲ့ကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနှစ်အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ကိုရဲ