ဘောလုံးနည်းပြ "B" Diploma Coaching Course (Part-1) သင်တန်းဖွင့်ပွဲနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော် နိုဝင်ဘာ ၁၀
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် "B" Diploma Coaching Course (Part-1) ဘောလုံးနည်းပြ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)&Sd Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဦးဇင်မင်းထက်၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခုသင်တန်းမှ အားကစားသမား နည်းပြ ကောင်းများ ပေါ်ထွက်လာစေရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးသွားကြရန်လိုကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နည်းစနစ်၊နည်းဥပဒေများကို ကျွမ်းကျင်ပိုင်နိုင်၍ အရည်အချင်း ပြည့်ဝပြီး မျိုးဆက်သစ် အားကစားသမားများကိုလည်း အကျိုးရှိသည့် Training Plan များဖြင့် ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးနိုင်သည့် နည်းပြကောင်းများ ဖြစ်လာစေရန် သင်ယူလေ့လာ ဆည်းပူး၍ ကြိုးစားသွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသည့် သင်တန်းနည်းပြ ဦးတင်မြင့်အောင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ အဆိုပါသင်တန်းကို နိုဝင်ဘာလ ၁၀ ရက်မှ ၁၈ ရက်အထိ သင်တန်းနည်းပြ ဆရာသုံးဦးဖြင့် သင်တန်းသား၊ သင်တန်းသူ ၂၄ ဦးကို ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ် (၃၁) စုပေါင်းအစည်းအဝေး ခန်းမ၌ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားအားကစား ပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို အဆင့်အတန်းမြင့်မြင့် ကျင်းပနိုင်စေရေးအတွက် အဖွဲ့ချုပ်များအနေဖြင့် အမှန်တကယ် ထည့်သွင်းကျင်းပနိုင်မည့် အားကစားနည်းများကိုသာ ဆွေးနွေး တင်ပြပေးစေလိုကြောင်း၊ အမျိုးသား အားကစားပွဲတော်မှ ထူးချွန်သည့် အားကစားသမားများကို (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်စေရန်အတွက် ရည်ရွယ်ထားကြောင်း၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် ခေတ်နှင့်အညီ ပြောင်းလဲလာသည့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ ရေးဆွဲသွားရန် လိုကြောင်း၊ အမျိုးသား အားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် အားကစား အထောက်အကူပြု ပစ္စည်းများကိုလည်း ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အမျိုးသား အားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် Olympic အားကစားနည်းများကို အဓိကထား ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ယခုကျင်းပမည့် အမျိုးသား အားကစားပွဲတော်တွင် Olympic အားကစားနည်းများကို ထည့်သွင်း ကျင်းပသွားရန် ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပမည့် လုပ်ငန်းဆောင်ရွက်ထားရှိမှုကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် အားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ထည့်သွင်းကျင်းပမည့် အားကစားနည်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။