တို့တောင်သူတွေ ဝင်ငွေတိုးဖို့ ကော်ဖီတိုးချဲ့စိုက်ကြစို့
“ကိုအောင်ရေ နေ့လယ်ကတည်းက ငါဖုန်းခေါ်နေတာ။ မင်းတို့ အစည်းအဝေးမှာ ကော်ဖီသီးနှံနဲ့ ပတ်သက်တာတွေဆွေးနွေး နေတယ်လို့သိရတယ်။ ငါလည်း ဗဟုသုတရအောင် ပြောပြပါဦး။ ကော်ဖီ စိုက်ပျိုးရေးအကြောင်း” “ကျွန်တော်တို့တိုင်းပြည်မှာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့က ကိုယ့်အားကိုယ်ကိုးပြီး လုပ်ရမယ်လေ။ အဲဒီလိုလုပ်ဖို့ကို လက်ရှိနိုင်ငံတော်ကို တာဝန်ယူထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဘက်ပေါင်းစုံကနေ အကောင်အထည်ဖော် ဆောင်ရွက်နေတာပေါ့။ အဲဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဦးတည်ချက် (၉)ရပ်မှာပါတဲ့ စီးပွားရေး ဦးတည်ချက်မှာ “တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး”ဆိုတဲ့အချက်ကို ထည့်သွင်းထားတာ မဟုတ်လား”
“အေး ဒါတော့ဟုတ်တယ်။ နိုင်ငံတော် အကြီးအကဲ မိန့်ခွန်းပြောတဲ့အခါတိုင်း စိုက်ပျိုးရေးနဲ့ မွေးမြူရေး တိုးချဲ့ဆောင်ရွက်ဖို့ အမြဲတမ်းပြောတာကြားရတယ်။ နောက်ပြီး ဒေသဝမ်းစာဖူလုံဖို့၊ စားသုံးဆီထုတ်လုပ်တဲ့ ဆီထွက်သီးနှံတွေ တိုးချဲ့စိုက်ဖို့၊ ဝါတွေတောင် တိုးချဲ့စိုက်ပျိုးဖို့ပြောနေတာ ငါကြားရတယ်။ ဆန်တို့၊ ဆီတို့ကတော့ တို့လူတွေစားဖို့ မဖြစ်မနေ လိုအပ်တာမို့ တိုးချဲ့စိုက်ဖို့ ညွှန်ကြားတာတွေကြားရတယ်။ တောင်သူတွေ ဝင်ငွေတိုးဖို့ ကော်ဖီစိုက်ပျိုးတာနဲ့ပတ်သက်ပြီး လမ်းညွှန်ထားတာတွေရှိရင်လည်း ပြောပြပါဦး”
ကျွန်တော့်အစ်ကိုကြီးကား ရုပ်မြင်သံကြားသတင်းကို အမြဲကြည့်နေသူပီပီ နိုင်ငံတော်အကြီးအကဲ၏ လှုပ်ရှားဆောင်ရွက်မှုကို အမြဲသတိပြုနေသူဖြစ်သည်။ ကျွန်တော်ကလည်း ညနေကပင် အစည်းအဝေး တက်လာသူမို့ ကော်ဖီစိုက်ပျိုးရေးနှင့် ပတ်သက်ပြီး ပြောပြချင်တာနှင့် အတော်ပင်ဖြစ်သွားသည်။
“ ကျွန်တော်တို့နိုင်ငံတော် အကြီးအကဲကလည်း မေလ ၁၄ ရက်တုန်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ပွဲမှာ မိမိတို့ နိုင်ငံမှထွက်ရှိတဲ့ ကော်ဖီများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့နိုင်ဖို့လိုကြောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ကော်ဖီလုပ်ငန်းတွေကို ဆောင်ရွက်မယ်ဆိုရင် အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း၊ ကော်ဖီဈေးကွက်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့ဆိုရင် မိမိတို့ထုတ်လုပ်တဲ့ ကော်ဖီအရည်အသွေးနဲ့ တိုက်ရိုက်အချိုးကျတာကြောင့် လုပ်ငန်းစဉ်တွေအလိုက် ပြည့်ဝစွာ ဆောင်ရွက်ပြီး အရည်အသွေးကောင်းမွန်တဲ့ ကော်ဖီကို ထုတ်လုပ်ဖို့လိုကြောင်း၊ကော်ဖီနဲ့ပတ်သက်တဲ့ ပြည်တွင်းပြည်ပ လေ့လာရေး ခရီးစဉ်တွေအတွက်လည်း ကော်ဖီလုပ်ငန်းရှင်များ အသင်းနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စတာတွေနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ လမ်းညွှန် မှာကြားထားခဲ့ပါတယ်”
“လက်ရှိ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကော်ဖီ ၄၉၉၅၁ ဧက စိုက်ထားပါတယ်။ ကော်ဖီက လေးနှစ်သားအထက်မှစပြီး ကော်ဖီသီးခူးရတာကြောင့် အသီးခူးဧကကတော့ ၃၅၃၇၆ ဧကရှိပါတယ်။ တစ်နှစ်လုံးထွက်ရှိမှုအနေနဲ့ ကော်ဖီသီးတန်ချိန် ၉၀၀၀ ကျော်ရရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံကို ပြည်ပနိုင်ငံတွေက ကော်ဖီမှုန့် တင်သွင်းနေရတာကြောင့် ဒီပြည်ပထွက်ငွေလျော့နည်းစေပြီး ပြည်ပကို ပိုမိုတင်ပို့ပြီး နိုင်ငံခြားဝင်ငွေရှာနိုင်ဖို့အတွက် ကော်ဖီစိုက်ပျိုးမှု တိုးချဲ့စိုက်ပျိုးဖို့ နိုင်ငံတော်အကြီးအကဲက လမ်းညွှန်တာဖြစ်ပါတယ်”
“အေး အဲဒါဆိုရင်တော့ ဟုတ်ပါပြီ။ ကော်ဖီတိုးချဲ့စိုက်ပျိုးသင့်တာကို ငါ အကြမ်းဖျင်း လက်ခံပါပြီ။ ဒါနဲ့ လက်ရှိ တို့နိုင်ငံမှာ ဘယ်နေရာတွေမှာ စိုက်တာများသလဲ။ ကော်ဖီက ဘယ်လိုမြေမျိုးကြိုက်သလဲ။ ငါတို့ရွာမှာရော ကော်ဖီစိုက်ရင် ဖြစ်မှာလား”
“ကော်ဖီအမျိုးအစား နှစ်မျိုးရှိပါတယ်။ အကြမ်းဖျင်း တောင်ပေါ်ကော်ဖီနဲ့ မြေပြန့်ကော်ဖီပဲပေါ့။ တောင်ပေါ်က ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်ကနေ ၆၀၀၀ လောက်အထိမှာ ဖြစ်ထွန်းတယ်။ အာရေးဗီးကား(Arabica)လို့ ခေါ်တယ်။ လက်ရှိစိုက်ပျိုးနေတဲ့ နေရာတွေကတော့ ကချင်ပြည်နယ်မှာ ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ မန္တလေးတိုင်းဒေသကြီးမှာတော့ မိုးကုတ်နဲ့ပြင်ဦးလွင်၊ ရှမ်းပြည်နယ်မှာတော့ ကျိုင်းတုံ၊ တာချီလိတ်၊ လွိုင်မွေ၊ နောင်ချို၊ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ဟိုပုံး၊ နောင်တရား၊ ပင်လောင်း၊ ကယားပြည်နယ်မှာတော့ လွိုင်ကော်၊ ဒီးမော့ဆို နောက်ပြီးချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းတို့မှာ စိုက်ပျိုးထားပါတယ်။ မြေပြန့်ကော်ဖီကိုတော့ ရိုဘက်စတာလို့ခေါ်ပြီး ကရင်ပြည်နယ် လိပ်သို၊ သံတောင်ကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ စိုက်ပျိုးဖြစ်ထွန်းပါတယ်”
“ဟာ အဲဒါဆို ငါတို့ရွာမှာလည်း စိုက်လို့ရမှာပေါ့။ ဒါပေမဲ့ ငါတို့ခြံထဲမှာက အုန်းပင်တွေ၊ ကွမ်းသီးပင်တွေ၊ သရက်ပင်တွေနဲ့ပြည့်နေတော့ မင်း ကော်ဖီစိုက်လို့ ရပါ့မလား။ လောင်းရိပ်မိမှာပေါ့”
“မဟုတ်ဘူး၊ ရတယ် အစ်ကိုကြီး။ ကော်ဖီက အရိပ်ရပင်အောက်မှာ စိုက်ရတာ။ ဒီ့ပြင် အပင်ကိုစိုက်ရင် မြေကိုရှင်းလင်းပြီးမှ စိုက်ရတာ။ ကော်ဖီကတော့ အရိပ်ရပင်ကို အရင်စိုက်ရတာ။ ပြင်ဦးလွင်မှာဆိုရင် ခါတော်မီကို အရင်စိုက်ပြီး အဲဒီအပင်အောက်မှာ ကော်ဖီစိုက်ရတာ။ အဲဒါကြောင့် ကော်ဖီစိုက်ရင် သစ်တောဖြစ်ထွန်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတယ်လို့တောင် ပြောလို့ရတယ်”
“အေးပါ ဟုတ်ပါပြီ။ ကော်ဖီတိုးချဲ့စိုက်ခိုင်းတာတော့ ဟုတ်ပါပြီ။ လက်ရှိကော်ဖီ ဈေးကွက်ရောရှိရဲ့လား။ ကမ္ဘာမှာ ဘယ်နိုင်ငံတွေက ကော်ဖီအများဆုံး သောက်ကြသလဲ”
“ကမ္ဘာမှာ ကော်ဖီအများဆုံး သောက်သုံးတဲ့နိုင်ငံတွေမှာ အီးယူလို့ခေါ်တဲ့ ဥရောပနိုင်ငံတွေက ပထမ။ အမေရိကန်နိုင်ငံက ဒုတိယ။ ဂျပန်က ကော်ဖီအများဆုံး သောက်သုံးတဲ့နိုင်ငံတွေမှာ တတိယအဆင့်ရှိပြီး ရုရှားနိုင်ငံက စတုတ္ထအဆင့်မှာ ရှိနေပါတယ်။ အဲဒါကြောင့် မြန်မာ့ကော်ဖီ တင်ပို့သူတွေအတွက် အကျိုးများစေမှာဖြစ်ပါတယ်”
“အေး အဲဒီတော့ မင်းတို့က ကော်ဖီစိုက်ပျိုးဖို့ကို ရည်မှန်းချက် ဘယ်လောက်ထားပြီး ဘယ်ဒေသတွေမှာ ဘယ်လိုစိုက်ကြမှာလဲ”
“ကုန်းမြင့်ကော်ဖီကို ဇုန်လေးဇုန်ခွဲပြီး စိုက်မှာပါ။ ဇုန် ၁ မှာ ပြင်ဦးလွင်၊ နောင်ချိုနဲ့ မိုးကုတ်ဒေသပါဝင်ပြီး တစ်နှစ်ကို ဧက ၁၅၀၀၀ နဲ့ ၅ နှစ်မှာ ဧက ၇၅၀၀၀ စိုက်မှာပါ။ ဇုန် ၂ မှာတော့ ရွာငံနဲ့ ပင်းတယပါဝင်ပြီး ငါးနှစ်မှာ ဧက ၃၇၅၀၀ ။ ဇုန် ၃ မှာတော့ ဟိုပုံး၊ ပင်လောင်း၊ နောင်တရား၊ ဟဲဟိုး၊ မဲနယ်တောင်ပါဝင်ပြီး ငါးနှစ်မှာ ဧက ၅၀၀၀၀ နဲ့ ကျိုင်းတုံနဲ့ တာချီလိတ်ပါတဲ့ ဇုန် ၄ မှာ ဧက ၃၇၅၀၀ စိုက်မှာကြောင့် စုစုပေါင်း ဧက နှစ်သိန်းစိုက်မှာပါ။ မြေပြန့်ကော်ဖီဖြစ်တဲ့ ရိုဘက်စတာကိုတော့ တနင်္သာရီတိုင်း ဒေသကြီးမှာ ဧက ၅၀၀၀၀ နဲ့ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ကရင်ပြည်နယ်မှာ ဧက၂၅၀၀၀ စီနဲ့ စုစုပေါင်းဧက တစ်သိန်းစိုက်မှာပါ”
“တို့တောင်သူတွေက ကော်ဖီစိုက်ရင် တစ်နှစ်ကို စိုက်စရိတ် ဘယ်လောက်ကုန်ပြီး ဘယ်နှနှစ်ကြာမှ အကျိုးအမြတ်ပြန်ပေါ်မှာလဲ။ အရင်းကျေမှာလဲ”
အစ်ကိုကြီးက အတော်လေး စိတ်ပါလာပုံရသည်။ အရင်းကျေကာလပင် မေးလာသည်။
“ကော်ဖီက စပြီးစိုက်ရင်တော့ အရင်းအနှီးကြီးတယ်။ ပထမနှစ်မှာ ကျင်းတူးတာ၊ ပျိုးပင်ဝယ်တာ၊ မြေသြဇာကျွေးတာအပါအဝင် တစ်ဧကကို သိန်း ၂၀ နီးပါးကုန်မယ်။ နောက်နှစ်တွေမှာ အပင်ပြုစုတာ၊ ထိန်းသိမ်းတာ တစ်နှစ်သုံးသိန်းလောက်ကုန်ပြီး လေးနှစ်မှာ ကော်ဖီသီးစခူးပြီ။ ဝင်ငွေ လေးသိန်းလောက်ပြန်ပြီးရမယ်။ နောက် နှစ်နှစ်မှာ ရှစ်သိန်းလောက်စီရပြီး သတ္တမနှစ်နဲ့အဋ္ဌမနှစ်မှာ ၁၂ သိန်းလောက်စီရပြီး ရင်းထားတဲ့ အရင်းအားလုံးကျေပြီး အမြတ်ထွက်မယ်။နောက်နှစ်တွေမှာ တစ်ဧကကို သိန်း ၂၀ လောက်ထိရပြီး ၁၆ နှစ်အထိ ဆက်တိုက် ရဖို့ရှိပါတယ်။
လုပ်ကွက်ငယ်တောင်သူတွေ အတွက် နှစ်တို၊ နှစ်လတ်နဲ့ နှစ်ရှည်ချေးငွေရရှိရေး ဆောင်ရွက်ပေးမယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ပြည်ပရင်းနှီးမြှုပ်နှံလိုသူတွေ ဖိတ်ခေါ်ပေးမယ်။ မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်မှာ ခိုင်မာစွာနေရာရရှိဖို့အတွက် အရည်အသွေးကောင်း ကော်ဖီထုတ်လုပ်ဖို့ နည်းပညာနဲ့ ပစ္စည်းကိရိယာတွေ ပံ့ပိုးပေးမယ်။ ကော်ဖီဝယ်လိုအားရှိတဲ့ ပြည်ပနိုင်ငံတွေနဲ့ ဈေးကွက်ချိတ်ဆက် ဆောင်ရွက်ပေးမယ်။ ကော်ဖီလုပ်ငန်းနဲ့ ဆက်စပ်တဲ့ စက်ကိရိယာပစ္စည်းတွေ၊ အခွန်အကောက် အနည်းဆုံးနဲ့ တင်သွင်းနိုင်အောင် ဆောင်ရွက်ပေးမယ်။ မြန်မာ့ကော်ဖီအရည်အသွေး မြင့်မားပြီး ကမ္ဘာ့ဈေးကွက်မှာ ထာဝရရပ်တည်နိုင်အောင် နည်းပညာတွေ ပေးမယ်ဆိုရင် ကျွန်တော်တို့ကော်ဖီစိုက်တဲ့ တောင်သူတွေရဲ့ ဘဝမြင့်မားလာမှာပေါ့ အစ်ကိုကြီးရဲ့”
“မင်းမှ အပြောကောင်း။ ဒီလောက်ပြောနေမှတော့ ကော်ဖီအကြောင်း ဆောင်းပါးလေး ဘာလေး ရေးပေါ့ကွာ”
အစ်ကိုကြီးက ကျွန်တော်၏ ဝါသနာကိုသိ၍ ဆွပေးလိုက်ခြင်းဖြစ်သည်။
“ရေးတော့ ရေးမလို့ အစ်ကိုကြီးရ။ ခေါင်းစဉ် ဘယ်လိုတပ်ရမလဲ စဉ်းစားနေလို့”
“ဒါများကွာ ဘာခက်တာမှတ်လို့။ “တို့တောင်သူတွေ ဝင်ငွေတိုးဖို့ ကော်ဖီတိုးချဲ့စိုက်ကြစို့” ပေါ့ကွာ”
အစ်ကိုကြီးက စကားစဖြတ်ပြီး ဖုန်းချသွားသည်။ ကျွန်တော်လည်း သည်ဆောင်းပါးကို စတင်ရေးဖြစ်ပါတော့သည်။ ။
မောင်အောင်