ကထိန်ပွဲသဘင်နှင့် မသိုးသင်္ကန်း ကြာသင်္ကန်းအကြောင်း သိကောင်းစရာ
ကထိန်ခင်းအပ်သောအချိန်သည် မိုးရာသီ၏ နောက်ဆုံးလဖြစ်သော တန်ဆောင်မုန်းလဖြစ်သည်။
တန်ဆောင်မုန်းလဆန်းမှ လပြည့်နေ့အထိ ကထိန်ခင်းကြသည်။ ရိုးရိုးသင်္ကန်းကို အချိန်အခါမရွေး လှူဒါန်း နိုင်သော်လည်း ကထိန်သင်္ကန်းကို တစ်လတည်းမှာပင် လှူဒါန်းခွင့်ရကြသည်။
သံဃာ့ဒါနဖြစ်၍ ကမ္မဝါဖြင့် ကထိန်ခံယူရမည့် သံဃာတော်အား သိမ်အတွင်း၌ သံဃာတော်များက ပေးအပ်ခြင်း၊ သံဃာတော်များ၏ ခွင့်ပြုချက်အရ ကထိန်ခင်းရခြင်း၊ ထိုသို့ကထိန်ခင်းခြင်းကို သံဃာတော်များက သာဓုအနုမောဒနာပြုခြင်း၊ အနုမောဒနာပြုသော သံဃာတော်များနှင့် ကထိန်ခင်းသော ရဟန်းတော်မှာ မြတ်စွာဘုရား ပညတ်ခဲ့သော သိက္ခာပုဒ် အာပတ်မှ ငါးလတိတိကင်းလွတ်ခွင့်ရခြင်းတို့မှာ ကထိန်၏ဝိသေသများပင်ဖြစ်သည်။
ကထိန်သင်္ကန်းကို ချုပ်လုပ်ထားပုံ အနေအထားမှာ ချုပ်ရိုးအနားပတ်အိမ်၊ တလုတ်မြောင်း စသည်တို့ဖြင့် အကွက်ဖော်ထားခြင်းဖြစ်ပြီး သင်္ကန်းကိုဖြန့်၍ကြည့်လျှင် ဖော်ထားသောအကွက်များက တင့်တယ်လှသည်။ သင်္ကန်းအတွင်း အကွက်ဖော်ထားခြင်း အကြောင်းရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
အခါတစ်ပါး၌ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်မြတ်နှင့်အတူ ဒေသစာရီလှည့်တော်မူရာ သာကီဝင်မင်းမျိုးလယ်သမားတို့၏ လယ်ယာများသို့ ရောက်တော်မူသောအခါ စနစ်တကျ အကွက်ငန်းဖွဲ့၍ ကန်သင်းဖွဲ့၊ ရေမြောင်းသွယ်၊ ကတွတ်ပေါက်ဖောက်ထားသော လယ်ကွက်များကို မြင်တော်မူသည်။ စနစ်တကျပြုပြင် ထွန်ယက်ထားသော လယ်ကွက်များကို မြင်တော်မူခြင်းဖြင့် ဘုရားရှင်၏စိတ်တော်သည် ကြည်နူးချမ်းမြေ့တော်မူသည်။
“ဝတ်ရုံတော်မူသောသင်္ကန်း၌ ဤသို့ အကွက်အကန့်မြောင်းထား၍ ပြုပြင်က ကောင်းလေစွ”ဟု အကြံတော်ဖြစ်တော်မူသော အကြောင်းကြောင့် ချက်ချင်းပင် အရှင်အာနန္ဒာအား ...
“ဤလယ်ကွက်များကဲ့သို့ သင်္ကန်းကို ချုပ်လုပ်ရမည်”ဟု မိန့်တော်မူသည်။ ထိုလယ်ကွက်များ၏ အတိုင်းအထွာနှင့် သင်္ကန်းကို ချုပ်လုပ်ရန် ဝိနည်းသိက္ခာထုတ်ဆင့် ပညတ်တော်မူခဲ့သည်။ ထိုအချိန်မှစ၍ ရဟန်းတော်များဝတ်ရုံသော သင်္ကန်းများ၌ အကွက်အကန့်နှင ချုပ်ရိုးမြောင်းများ ဖြစ်ပေါ်လာရပါသည်။
မြတ်စွာဘုရားရှင်သည် လူသတ္တဝါတို့၏ ကျေးဇူးရှင်ဖြစ်သော လယ်သမားများကို အမှတ်ရစေခြင်းငှာ ရဟန်းတော်များ ဝတ်ရုံသည့်သင်္ကန်း၌ လယ်သမားများ၏ လယ်ကွက်များအတိုင်း အကွက်အကန့်ချုပ်စေ၍ လယ်သမားများကို ဂုဏ်ပြုခြင်းဖြစ်သည်ဟု မှတ်ယူမိပါသည်။
ရဟန်းတော်များဝတ်ရုံသည့်သ င်္ကန်းသည် ပိတ်စကို အရောင်ဆိုး၍ ချုပ်လုပ်ထားသော သစ်ခေါက်ဆိုး ပိတ်စပင်ဖြစ်သည်။
ရဟန်းတော်များ သင်္ကန်းအဖြစ် ရက်လုပ်အပ်သော ချည်မျိုးခြောက်မျိုးကိုသာ ဗုဒ္ဓဘုရားရှင်က မိန့်မှာခွင့်ပြုတော်မူခဲ့ပါသည်။ ယင်းတို့မှာ ...
၁။ ခေါမ - ခေါမမည်သော လျှော်ချည်သင်္ကန်း၊
၂။ ကပ္ပါသိကံ - ဝါချည်သင်္ကန်း၊
၃။ ကောသေယျံ - ပိုးချည်သင်္ကန်း၊
၄။ ကမ္ဗလံ - သိုးမွေးချည်သက္ကလတ်သင်္ကန်း၊
၅။ သာဏံ - ပိုက်ဆန်လျှော်ချည်သင်္ကန်း၊
၆။ အင်္ဂံ - အထက်ပါချည်ငါးမျိုးနှင့်ပြီးသော သင်္ကန်းတို့ဖြစ်သည်။
ရဟန်းသံဃာတော်များ ဝတ်ရုံနိုင်သည့် သင်္ကန်းနှစ်မျိုးကိုလည်း မြတ်စွာဘုရားရှင်က ပညတ်တော်မူခဲ့ပါသည်။ ယင်းတို့မှာ ...
၁။ ဂဟပတိ စီဝရ - လူနတ်စသော ဒါယကာတို့ကပေးလှူသော သင်္ကန်း၊
၂။ ပံသကူလ စီဝရ - ပံ့သကူကောက်၍ ချုပ်လုပ်သော သင်္ကန်းတို့ဖြစ်သည်။
ဤတန်ဆောင်မုန်းလပြည့်နေ့ညတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ ကျင်းပကာ လှူဒါန်းလေ့ရှိသည်။ မြန်မာနိုင်ငံ အရပ်ရပ်တွင်လည်း မသိုးသင်္ကန်းကို ရက်လုပ်ပြီး လှူဒါန်းကြသည်။ သည်နေရာ၌ မသိုးသင်္ကန်းအကြောင်းကို တင်ပြပေးချင်ပါသည်။
ယခုခေတ်အခါ၌ သင်္ကန်းများသည် ချုပ်ဆိုးထားပြီးသား အထည်များသာဖြစ်ကြသည်။ အလွယ်တကူပင် ဝယ်ယူ၍ လှူဒါန်းနိုင်ကြသည်။ ဗုဒ္ဓဘုရားရှင်လက်ထက်တော်အခါကမူ ချုပ်ဆိုးထားပြီးသား အထည်မဟုတ်ဘဲ မချုပ်၊ မဆိုးရသေးသော အထည်များသာဖြစ်သည်။ မချုပ်၊ မဆိုးရသေးသော ပိတ်စ၊ ပိတ်ပိုင်းများကိုသာ သင်္ကန်းအဖြစ် လှူဒါန်းကြခြင်းဖြစ်သည်။
မချုပ်၊ မဆိုးရသေးသဖြင့် စီဝရဒုဿ (သင်္ကန်းလျာပုဆိုး)ဟူ၍ ခေါ်ဆိုသည်။
ကထိန်အတွက်ဖြစ်လျှင် ကထိန ဒုဿ (ကထိန်လျာပုဆိုး)ဟူ၍ ခေါ်ပါသည်။ ကထိန်အတွက် လှူဒါန်းသော ကထိန်လျာပုဆိုးကို ကထိန်ခံကျောင်းမှ သံဃာတော်များက ထိုနေ့တွင် နေ့ချင်းပြီးချုပ်ဆိုးရသည်။
ထိုနေ့တွင်ပင် အပြီးတိုင်ကထိန်ခင်းရသည်။ ညမကျော်၊ ညမကူးစေရပါ။ ထိုနေ့မှာပင် ကထိန်ခင်းသော ကထိန်လျာသင်္ကန်းကို “အနသာ ပဒေါသိက စီဝရ” မသိုးသင်္ကန်းဟု ခေါ်ဆိုသည်။
အကယ်၍ လှူဒါန်းသောနေ့၌ ချုပ်ဆိုး၍ မပြီးလျှင် ဖြစ်စေ၊ ချုပ်ဆိုးပြီးလျက်က ကထိန်မခင်းဖြစ်လျှင်ဖြစ်စေ ထိုသင်္ကန်းလျာသည် ညကျော်၍ ထမင်းသိုး၊ ဟင်းသိုးများကဲ့သို့ ပုပ်လေသိုးလေပြီဖြစ်သောကြောင့် (အဘိပ ဒေါသိက) သင်္ကန်းသိုးဟူ၍ ခေါ်တွင်စေသည်။
မသိုးသင်္ကန်းအဖြစ်ဖြင့် ကထိန်မခင်းအပ်တော့ပေ။
မသိုးသင်္ကန်းနှင့်တစ်ဆက်တည်း ကြာသင်္ကန်း အကြောင်းကိုလည်း တင်ပြပေးချင်ပါသည်။
ဗုဒ္ဓဘာသာဝင်တို့ လက်ခံယုံကြည်ထားသော အယူအဆမှာ ဤကမ္ဘာကြီးသည် သုညကမ္ဘာ၊ အသုညကမ္ဘာဟူ၍ နှစ်မျိုးရှိသည်။ ဘုရားရှင်ပွင့်တော်မမူသောကမ္ဘာကို သုညကမ္ဘာဟုခေါ်သည်။ ဘုရားရှင်ပွင့်တော်မူသောကမ္ဘာကို အသုညကမ္ဘာဟုခေါ်သည်။
အသုညကမ္ဘာကို ငါးမျိုးခွဲခြားထားပြန်သည်။
- ဘုရားတစ်ဆူပွင့်သောကမ္ဘာကို သာရကမ္ဘာ
- ဘုရားနှစ်ဆူပွင့်သော ကမ္ဘာကို မဏ္ဍကမ္ဘာ
- ဘုရားသုံးဆူပွင့်သောကမ္ဘာကို ဝရကမ္ဘာ
- ဘုရားလေးဆူပွင့်သောကမ္ဘာကို သာရမဏ္ဍကမ္ဘာ
- ဘုရားငါးဆူပွင့်သောကမ္ဘာကို ဘဒ္ဒကမ္ဘာဟူ၍ ဖြစ်သည်။
ယခုမျက်မှောက်ခေတ် ကျွန်တော်တို့၏ ကမ္ဘာကြီးမှာ ဘုရားငါးဆူပွင့်တော်မူမည်ဖြစ်သဖြင့် “ဘဒ္ဒကမ္ဘာ”ဟူ၍ခေါ်ဆိုပါသည်။ ကမ္ဘာရေပြင်မှ ကမ္ဘာ့မြေပြင်အစ ကနဦးပေါ်ထွန်းစက ဘုရားရှင်တို့၏ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရယူတော်မူရာ ဌာနဖြစ်သော ဗောဓိပင်နှင့်ရွှေပလ္လင်နေရာ အထွတ်မှ စတင်ပေါ်ထွန်းမြဲ
ဖြစ်ပါသည်။ ကမ္ဘာပျက်သော အခါတွင်လည်း နောက်ဆုံးမှပျက်ရသည်။
ကမ္ဘာပေါ်ထွန်းစ မြေအထွတ်၌ ကမ္ဘာနိယာမအစဉ်အလာ ကမ္ဘာ့တန်ဆာအားဖြင့် အောက်ပါတို့က တစ်ပါတည်းပေါ်ထွန်းခဲ့ပါသည်။
- သာရကမ္ဘာဖြစ်က ပရိက္ခရာရှစ်ပါးနှင့်ကြာရုံတစ်ရုံ၊
- မဏ္ဍကမ္ဘာဖြစ်က ပရိက္ခရာရှစ်ပါးနှင့်ကြာရုံနှစ်ရုံ၊
- ဝရကမ္ဘာဖြစ်က ပရိက္ခရာရှစ်ပါးနှင့်ကြာရုံသုံးရုံ၊
- သာရမဏ္ဍကမ္ဘာဖြစ်က ပရိက္ခရာရှစ်ပါးနှင့်ကြာရုံလေးရုံ၊
- ဘဒ္ဒကမ္ဘာဖြစ်က ပရိက္ခရာရှစ်ပါးနှင့်ကြာရုံငါးရုံ၊
သုညကမ္ဘာတွင် ကြာရုံတစ်ရုံမျှ မပေါက်ပါချေ။
ဤကမ္ဘာဦး ကြာရုံများကိုထောက်၍ ဤကမ္ဘာ၌ ဘုရားအဆူဆူမည်မျှပွင့်နိုင်သည်ကို သိနိုင်သည်။ ဇမ္ဗူဒီပ၊ နိမိတ္တပင်ဖြစ်ပါသည်။ ကြာရုံတစ်ရုံလျှင် ဘုရားတစ်ဆူ၊ ကြာရုံနှစ်ရုံလျှင် ဘုရားနှစ်ဆူ စသည်ဖြင့်ပွင့်မည်ကို သုဒ္ဓါဝါသဗြဟ္မာကြီးများက နိမိတ်ဖတ်ကြားပါသည်။ ကြာရုံတွင်ပါရှိသော ပရိက္ခရာများကို ဗြဟ္မာကြီးများက ယူဆောင်ကာ သိမ်းဆည်းထားကြသည်။
ဘုရားအလောင်းတော်များ ဘုရားဖြစ်ရန် ကျင့်ကြံနေသည့်အခါတွင်မှ လူ့ဘုံသို့ဆင်းသက်လာပြီး လှူဒါန်းကြပါသည်။
အနော်မာမြစ်ကမ်း၌ အလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဃဋိကာရဗြဟ္မာကြီး ဆက်ကပ်သော ကြာသင်္ကန်းပရိက္ခရာမှာ ဘဒ္ဒကမ္ဘာဦးမှ လေးကြိမ်မြောက်ကြာရုံမှရသော ကြာသင်္ကန်းဖြစ်သည်။ ဤသင်္ကန်းသည်သာလျှင် ကြာသင်္ကန်းအစစ်ဖြစ်ပါသည်။ နောက်နောင် လူတို့လှူဒါန်းသော ကြာသင်္ကန်းမှာ အတုမျှသာဖြစ်သည်။
ရှမ်းပြည်နယ် ဒေသတချို့၌ ကြာပင်မှ ကြာပန်းများကိုခူးဆွတ်၍ ပိုးချည်များကဲ့သို့ အထည်ရက်လုပ်ပြီး ကြာသင်္ကန်းအဖြစ် လှူဒါန်းကြသည်။
ဤသို့တန်ဆောင်မုန်းလ “ကထိန်ပွဲသဘင်”ကျင်းပသည့်အခါတွင် “မသိုးသင်္ကန်း”နှင့် “ကြာသင်္ကန်း” ဆက်ကပ်လှူဒါန်းကြသည့် အကြောင်းကို ရေးသား တင်ပြလိုက်ရပါသည်။ ။
ဝင်းဇော်(သုံးဆယ်)